..............................

Friday, March 13, 2009

လက်တွေ့ထောင်ဖောက်ခြင်း သင်ခန်းစာ

ဂါမဏိ
Tuesday, March 10, 2009

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အကျဉ်းထောင်တခုကနေ ၁၉၉၆ ခုမှာ ထောင်ဖောက် လွတ်မြောက်သွားတဲ့ မူးယစ်ဆေး ကုန်ကူးမှုနဲ့ ထောင် ကျခဲ့တဲ့ ဒေးဗစ်မက်မီလန်က သူ့ရဲ့ ထောင်ဖောက်မှု အတွေ့အကြုံကို အခုလို ဝေမျှပါတယ်။

"ကျနော့်ကို ရဲ ၄ ယောက်က ဘန်ကောက်မြို့ တရုတ်တန်းက ခရီးသွား အေဂျင်စီ ရုံးခန်းထဲ လာဖမ်းတဲ့ အချိန်ကစပြီး [ထွက်ပြေးဖို့] စ,ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ တပတ်လောက် ကြာတော့ ကျနော် ထောင်ထဲ ရောက်သွားတဲ့အခါ ကျနော်ဟာ သံတိုင်တွေ၊ အုတ်နံရံတွေ၊ လျှပ်စစ် လွှတ်ထားတဲ့ သံဆူးကြိုးတွေကို စတင်လေ့လာပြီး ထွက်ပြေးနိုင်ဖို့ အကောင်းဆုံး နေရာကို ရှာဖွေခဲ့ပါတယ်။ ကျနော်ဟာ အဆောင် ၆ မှာ သွားနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဆောင် ၆ က ပြူတင်းပေါက် သံတိုင်တွေဟာ အသေးဆုံး ဖြစ်လို့ပါဘဲ။...

အဲဒီထောင်မှာ ထောင်ဝါဒါကလည်း သိတ်မများပါဘူး။ အကျဉ်းသား ၁၂၀ ကို ဝါဒါ တယောက်နှုန်း လောက်ဘဲ ရှိမယ် ထင်ပါတယ်။ တကယ်တော့ အဲဒီထောင်ကို အစိုးရက ကိုင်တွယ် ထိန်းသိမ်းတာ မဟုတ်ဘဲ ထိန်းသိမ်းရေး ဂေါပကအဖွဲ့ တခုက အုပ်ချုပ်တာ ဖြစ်ပါတယ်။ ယူနီဖောင်းတွေမှာ ပန်းပွားတွေ၊ လေထီးခုန် တံဆိပ်တွေ၊ အပွင့်တွေ အချောင်းတွေ တပ်ပြီး ဟန်ရေးပြ နေတဲ့ လူတွေ ဖြစ်ပါတယ်။

[ထောင်ဖောက်ပြေးရာမှာ] အရေးကြီးတကာ့အရေးကြီးဆုံး အချက်ကတော့ လျှို့ဝှက်ရေး ပါဘဲ။ တကယ်တော့ ထောင်ထဲမှာ ကျနော့်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းထား ပေးနိုင်မယ့်လူ တယောက်မှ မရှိပါဘူး။ ...

စီမံကိန်းဆွဲခြင်းသည် ပထမ

ပထမဆုံးလုပ်ရမှာက တယောက်ထဲနေလို့ရတဲ့ အကျဉ်းခန်းလေး ရဖို့ဖြစ်ပါတယ်။ အကျဉ်းခန်း အများစုဟာ ကားဂိုဒေါင် တလုံးစာလောက် ရှိပြီး အကျဉ်းသား ၂၅ ယောက်လောက် စုနေရပါတယ်။ ငါးသေတ္တာဗူးထဲက ငါးတွေလို ကျပ်ညပ်ပြီး အိပ်ရပါတယ်။

လူတိုင်းကိုသံခြေကျင်းတွေ ခတ်ထားတဲ့အတွက် တချွင်ချွင် အသံလည်း မြည်နေပါတယ်။ မီးကိုလည်း တညလုံး ထွန်းထားပါတယ်။ ကျနော်ကတော့ ပိတ်ဖွင့်လို့ရတဲ့ မီးခလုတ် တခုရအောင် ပိုက်ဆံပေးပြီး အကြံအဖန် လုပ်ခဲ့ပါတယ်။

ကျနော် ထောင်ထဲမှာ ငွေအများကြီးအကုန်ခံခဲ့ပါတယ်။ ကျနော့်မှာ ရုံးခန်းတခန်း၊ ထမင်းချက် တယောက်၊ သန့်ရှင်းရေး သမား တယောက် စသဖြင့် ထားပါတယ်။ တလကို ဒေါ်လာ ၇၀၀ ကျော်လောက် အကုန် ခံနိုင်ရင် ထောင်ထဲမှာ ဇိမ်နဲ့ နေလို့ရပါတယ်။ ဒါပေမဲ့ သိထားဖို့က ထောင်ထဲရောက်လာသူ ရာဇဝတ်သား အများစုဟာ လူ့အဖွဲ့အစည်းက စွန့်ပယ် ပစ်လိုက်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘဝမှာ မျှော်လင့် ချက်တွေ ပျောက်ဆုံး သွားပြီး မိတ်ဆွေ အပေါင်းအသင်း ဘာမှ မကျန်တော့ သလောက် ဖြစ်သွား ကြသူတွေ ဖြစ်ပါတယ်။

အကျဉ်းသားအများစုဟာ ထောင်ဖောက်ပေးဖို့ကိစ္စ ပြောရင် တအား တက်ကြွ စိတ်ပါလာတတ် ပါတယ်။ ဒါပေမဲ့ သိတ် မကြာခင်မှာဘဲ 'နေစမ်းပါဦး။ မဖြစ်သေးပါဘူး' လို့ သဘောပေါက် သွားတတ်ပါတယ်။ အရင်က ထောင်ဖောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ အကျဉ်းသား ငါးယောက်ကို ခဏအတွင်းမှာ သွားသတိရလို့ ဖြစ်ပါတယ်။ ဒီငါးယောက် ဟာ အပြင်ဆုံး အုတ်နံရံအထိ ရောက်သွားခဲ့ပြီးမှ ပြန်မိခဲ့တာ ဖြစ်ပါတယ်။ သူတို့အားလုံး ပြစ်ဒဏ် တိုက်ပိတ် ခံရပါတယ်။ ပြစ်ဒဏ်တိုက် ဆိုတာ အဝတ်ဘီဒို အသေးတလုံးလောက် ရှိတဲ့ သွပ်လှောင်အိမ်ဘဲ ဖြစ်ပါတယ်။ သူတို့ကို အဲဒီတိုက်ထဲ ကနေ ဆင်ခတ်တဲ့ သံမဏိ ထူးကြိုးကြီးတွေ ခတ်ပြီး နေ့တိုင်း ထုတ်လိုက်သွင်းလိုက် လုပ်ပါတယ်။ အပြင်ထုတ်ချိန်မှာ ရိုက်နှက် ညှဉ်းဆဲပါတယ်။ ငါးယောက်မှာ လေးယောက် သေသွားခဲ့ပါတယ်။

ကျနော်ဟာ ထောင်ဝင်စာအထုပ်ထဲမှာ သေသေချာချာ ဝှက်သွင်းလာတဲ့ သံဖြတ်လွှတွေနဲ့ ညသန်းခေါင်အချိန်မှာ သံတိုင်တွေကို စဖြတ် ပါတယ်။ တကယ်တော့ သံတိုင် တချောင်းဘဲ ဖြတ်ဖို့လိုပါတယ်။ ဒါတောင် တချောင်းလုံး ပြတ်အောင် ဖြတ်ဖို့မလိုပါဘူး။ ကျနော့်အဖော် ဆွီဒင် လူမျိုး ဗလကြီးက ဆွဲကွေးပစ်နိုင်လို့ ဖြစ်ပါတယ်။ ကျနော်ကတော့ အတွင်းခံ ဘောင်းဘီတိုဝတ် ကိုယ်မှာဆီသုတ်ထားပြီး သံတိုင် ကြားကနေ လျှောထွက်လိုက် ပါတယ်။

နောက်ဆုံးအဟန့်အတား

ကျနော် အခန်းပြင်ရောက်ပြီးနောက် တိုက်ဝင်းထဲက ထွက်နိုင်ဖို့ ပျဉ်တချပ် သုံးရပါတယ်။ အဲဒီပျဉ်က စာအုပ်စင်ကပျဉ် ဖြစ်ပါတယ်။ ကျနော့် အခန်းထဲက ပစ္စည်းအားလုံးဟာ ထောင်ဖောက်ရာမှာ အထောက်အကူရဖို့ ရည်ရွယ်ပြီး ရှာဖွေစုဆောင်း ထားတာဖြစ်ပါတယ်။ ပရိဘောဂတွေဟာ လှေခါးတွေ ဖြစ်သွားပြီး ခန်းဆီးတွေက ကြိုးတွေ ဖြစ်သွားပါတယ်။

ကျနော်ဟာ အုတ်နံရံ ၆ ခုကို ကျော်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်ဟာ အလုပ်ရုံ တခုထဲဝင်ပြီး လှေခါးရှည် တခုနဲ့ ဝါးလုံးရှည် တချောင်း ယူလိုက်ပြီး အုတ်နံရံတွေကို တခုပြီးတခု ကျော်ခဲ့ပါတယ်။ ဝါဒါတွေ ဘယ်မှာအိပ်တယ် ဆိုတာကို ကျနော် စုံစမ်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တယောက်တလေက ကင်းလှည့်တာမျိုး ရှိတတ်ပါတယ်။ အဲသလို ကင်းလှည့်နေတဲ့ အခါ ကျနော် အမှောင်ရိပ်မှာ ပုံးနေရပါတယ်။

မနက် ၄ နာရီလောက်ရောက်ချိန်မှာ ကျနော်ဟာ အတော့်ကို ပင်ပန်း နုံးချိနေပါပြီ။ ဘာခံစားမှုမှ မရှိတော့ဘဲ ထုံကျင်နေပြီး စက်ရုပ်လိုဘဲ လှုပ်ရှားနေမိပါတယ်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဒီဒုက္ခ ဆင်းရဲ ကမ္ဘာလေးထဲမှာ လူပေါင်း ၁၂၀၀၀ လောက် ပြစ်ဒဏ် ကျခံနေရင်း လုံးလုံးလျားလျား ပိတ်မိနေတာကို ဆင်ခြင်မိတော့ ငါလည်း ထောင် မဖောက်နိုင်ရင် ဒီလိုဘဲ နေရမှာဘဲလို့ အတွေးပေါက် မိပါတယ်။

လျှပ်စစ်လွှတ်သံဆူးကြိုးတပ် နောက်ဆုံး အုတ်တံတိုင်းထိပ်ကို ကျနော် ရောက်တဲ့ အချိန်မှာ အရုဏ်ပျို့ လာပြီး အရှေ့ဘက် ကောင်းကင်မှာ လိမ္မော်ရောင် နုနုလေး စလွင်လာပါပြီ။ တနည်းအားဖြင့် ပြောရရင် ကျနော့်ရဲ့အချိန်ဇယား နောက်ကျနေတဲ့ သဘောပါဘဲ။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ထောင်ပြင်ကိုတော့ ခန္ဓာကိုယ် ရောက်နေပါပြီ။ ဒီလိုခံစားမှုမျိုး ကျနော် မခံစားရတာ ကြာပါပြီ။ ကလေး ဘဝတုံးကတော့ မနက် အိပ်ရာထတဲ့ အချိန်မှာ ကမ္ဘာလောကကြီးထဲ ကောင်းတဲ့ အရာတွေရှိတယ် ဆိုတာကို သိရတဲ့ အရသာမျိုးပေါ့။

ကားလမ်းကိုဖြတ်ကူးလိုက်ပြီး နေခဲ့ရတဲ့ ထောင်ကို အရင်မမြင်ခဲ့ ရတဲ့ မြင်ကွင်းကနေ တခဏ ပြန်ငေးကြည့် မိပါတယ်။ အရင်ကြည့်ခဲ့ရတဲ့ မြင်ကွင်းကတော့ ထောင်ကို အပို့မှာ သံခြေကျင်းတွေ၊ ထောင်အဝတ် အစားတွေနဲ့ လူ ၂၀၀ လောက် ပြွတ်သိပ်နေတဲ့ အချုပ်ကားပေါ် ကနေ မြင်ခဲ့ရတဲ့ မြင်ကွင်းပါ။ ဒီ့နောက် ကျနော် တက္ကဆီ တစီးငှားပြီး ထွက်လာခဲ့ပါတော့တယ်။"

ဒီဆောင်းပါးရေးတဲ့ ဒေးဗစ်မက်မီလန်ဟာ ဘန်ကောက် ဟီလ်တန်ဟော်တယ် လို့ခေါ်ကြတဲ့ ဘန်ကောက်ထောင်က ဖောက်ပြေးနိုင် ခဲ့တဲ့ တဦးတည်းသော အနောက်နိုင်ငံသား ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ တရားဝင် နေထိုင်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတို့ကတော့ သူ့ကို ဖမ်းဝရန်း ထုတ်ထားပါတယ်။

ဘီဘီစီ (မတ်လ ၁ ရက် ၂၀၀၉ ခု)


ဂါမဏိ

Ref: နေ့သစ်

....

0 comments:

အပေါ်သို့