..............................

Tuesday, March 10, 2009

စစ်အစိုးရ၏ စိတ်နေသဘောထား

Monday, 09 March 2009
စောထွန်း

ဂရစ်ဖစ်တက္ကသိုလ် ဂရစ်ဖစ် အာရှ အင်စတီကျု (Griffith Asia Institute) မှ အင်ဒရူးဆဲလ်သ် -Andrew Selth က ဖေဖော်ဝါရီလ ဆန်းပိုင်း နယူးဒေလီတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျု (Institute of Peace and Conflict Studies) ၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သြဇာ၏ အကန့် အသတ်များ (Burma and the limits of International Influence) ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးရာ၌ စစ်အစိုးရနှင့် ဆက်ဆံရာတွင် စစ်အစိုးရ၏ စိတ်သဘောထားကို နိုင်ငံတကာ အသိုင်းအဝန်း က နားလည်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည် ကို မဇ္ဈိမ သတင်းစာမျက်နှာတွင်ဖတ်ရပါသည်။

ဤတွင် စစ်အစိုးရ၏စိတ်သဘောထားမှာ ဘာလဲဟူသောမေးခွန်း ပေါ်လာပါသည်။ ကျနော်တို့ အားလုံး သိထားကြသည့် သတင်းမှောင်ချခြင်း၊ ပြောင်ငြင်းကွယ်ခြင်း၊ တရားမဲ့ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ခြင်း၊ ယုံကြည်မှုအတွက် သာမန်လူများ၊ ကျောင်းသားငယ်များ သာမက သံဃာများကိုပါ ညှဉ်းဆဲ သတ်ဖြတ်ခြင်း တို့ကို မာခီးယားဗယ်လီ၏ အယူအဆအတိုင်း (ကြားနေအဖွဲ့ဆိုသည့် ကျောင်းတော်သား နိုင်ငံရေးပါတီမှ ပြောသလို) ရပ်တည်ချက် ထိပါးလာ၍ ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်း ဟုသာ ထားမည်ဆိုလျှင်၊ မတရား စီးပွားအခွင့်အရေး ယူခြင်းများကို သူလည်းလေ လောကီသားပေမို့ဟု နားလည်မှု ပေးကြမည် ဆိုလျှင်၊ စစ်အစိုးရ၏ ပင်မ ရပ်တည်ချက်မှာ (အစဉ်အာဏာ တည်မြဲရေးသာ ဟုလည်း မပြောလိုဘူး ဆိုလျှင်) ဘာလဲဟု စဉ်းစားကြရန် ရှိပါသည်။ ယခုဆောင်းပါးတွင် ကျနော် သိနားလည် သလောက် သူတို့ သဘောထားမှန်ကို ရှင်းပြလိုပါသည်။ ကျနော်သည် စစ်သား သားသမီး တဦးဖြစ်ပြီး ၈၈ ခေတ် ကျောင်းသားလှုပ်ရှားသူ တဦးလည်း ဖြစ်ပါ၍ ကျနော်တို့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တိုင်း မသိရှိသေးသည့် အချက်များကို သိရှိသည်ဟု ထင်ပါသည်။ မည်သို့ပင်ဆိုစေ ဆွေးနွေးစရာ အချက်များတော့ ရနိုင်ပါလိမ့်မည်။

ယနေ့တပ်မတော်၏ ယုံကြည်ရပ်တည်ချက်က ဘာပါလဲ။ ၈၈ ခေတ် အထိတော့ ရှင်းလင်းစွာပင် ဦးနေ၀င်း၏ ရပ်တည်ချက် အတိုင်း ဖြစ်ပါသည်။ ကွန်မြူနစ်နှင့် ဓနရှင် ပါလီမာန် ဒီမိုကရေစီကို မယုံကြည်။ ယင်းတို့ နှစ်မျိုးကြား အလယ်အလတ် သွားနိုင်မည့် လမ်းစဉ် တရပ်ကို တချိန်က ထူးချွန်သော နိုင်ငံရေး သဘောတရား ဆရာများအား ရေးဆွဲစေကာ စမ်းသပ် ကျင့်သုံးကြည့်ခဲ့သည်။ ၁၉၇၇ တွင် အရေးပေါ် ပါတီညီလာခံ ခေါ်ရသည် အထိ ဖြစ်သွားကာ ယင်းလမ်းကြောင်းမှ သိသိသာသာခွဲကာ မိမိသဘောကျ စနစ်ကို ကျင့်သုံး ခဲ့တော့သည်။ နောက်ဆုံး ၁၉၈၅ တွင် စီးပွားရေး ကျဆုံးမှုကြောင့် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကို အားကျကာ ပြုပြင်ပြောင်းလဲရန် စ စဉ်းစားသည်။

သို့သော် ကိုယ်တိုင်ဖျက်ဆီးခဲ့ပြီးသော ဗြူရိုကရေစီ ယန္တရားကို မထိန်းနိုင် ဖြစ်ကာ ၈၈ တွင် ပြိုကျ ခဲ့ရသည်။ ၈၈ ခုနှစ်က ကျနော်တို့၏လှုပ်ရှားမှုသည် အင်အား ပြင်းထန်တာ မှန်သော်လည်း အဆိုပါ ပျက်စီးပြီး ဗြူရို ကရေစီ အဖွဲ့အစည်းကြီး လွယ်လွယ်နှင့် ပြိုမကျလျင် ထိုမျှ ခရီး မရောက်နိုင်သည်မှာ သေချာပါသည်။ ထိုအခါ ဦးနေ၀င်းက သူ့သဘော အတိုင်း နောက် ဖဲတမျိုးချိုးပြီး စစ်တပ်ကို အာဏာ ပြန်သိမ်းစေခဲ့သည်။ ထိုအချိန်က တပ်တွင်း အရာရှိများ ဖြစ်နေသော၊ ကျနော်တို့နှင့် ကျောင်းနေဖက်မှ စစ်ထဲရောက်သွားကြသော သူတို့ကို မည်သို့ လမ်းညွှန်ခဲ့ သနည်း။ ထိုစဉ်က ဗိုလ်ချုပ်ခင်ညွန့်တို့ ရှင်းလင်းပွဲတွေမှာ ပေါ်လွင်ပါသည်။ စစ်တပ်၏ ရန်သူဖြစ်သော ကွန်မြူနစ်များ ကြိုးကိုင်မှု နှင့် ကိုလိုနီ လက်သစ်လုပ်လိုသော (မှတ်ချက်။ အဆိုပါစကားမှာ ကွန်မြူနစ် စကားဖြစ်ပါသည်) နယ်ချဲ့နိုင်ငံကြီးများ၏ ကြိုးကိုင်မှုဖြစ်သည်ဟု သူတို့ ရဲဘော်တွေကို သင်ပြခဲ့ပါသည်။ ယနေ့အထိလည်း သည်အတိုင်း သင်ကြားပို့ချဆဲ ဖြစ်ပါသည်။

နောက်ပိုင်း ဦးနေ၀င်းကို သူတို့ ရှင်းထုတ်ပစ်နိုင်ခဲ့သော်လည်း ယနေ့ ခေါင်းဆောင်များသည် ဦးနေ၀င်းကဲ့သို့ လွတ်လပ်ရေး တိုက်ပွဲနှင့် စစ်အေးကာလ ကမ္ဘာ့နိုင်ငံရေး အတွေ့အကြုံ ရှိသူများ မဟုတ်ပါ။ စစ်အေးကာလ အတွင်း ဦးနေ၀င်းကဲ့သို့ အမျိုးသားရေးနှင့် ဘက်မလိုက်ရေး ၀ါဒများဖြင့် ရပ်တည်နိုင်အောင် မစွမ်းနိုင်ကြပါ။ နိုင်ငံရေးကစားသည့် သီအိုရီလည်း မကျွမ်းကျင်ကြပါ။ သို့သော် သူတို့အတွက် နည်းလမ်းရှိလာခဲ့ပြီး ယနေ့ကာလ အချို့ ကမ္ဘာ့ ပညာရှင် ဆိုသူများ၊ သတင်းစာ ဆရာကြီး ဆိုသူများပင် ချီးမွမ်းရလောက်အောင် နိုင်ငံရေးကို ပိုင်နိုင်သည်၊ အာဏာနိုင်ငံရေးကို ကျွမ်းကျင်သည် ဟု သုံးသပ်လာရသည့် အခြေအနေသို့ စွမ်းဆောင်ခဲ့သည်မှာ အဓိက အကြောင်းတရား ၂ မျိုးဖြစ်ပါသည်။ ပထမ အကြောင်းတရားသည် သူတို့အား တွန်းပို့ ပေးနိုင်သည့် တွန်းအားဖြစ်ပြီး ဒုတိယ အကြောင်းတရားသည် နည်းပရိယာယ် ဖြစ်ပါသည်။

ပထမအကြောင်းတရား (သို့မဟုတ်) စစ်တပ်ဝါဒ

စစ်တပ်ဝါဒ ဟု အမည်တတ်သဖြင့် ကြမ်းတမ်းစွာ သုံးနှုန်းလိုခြင်း မဟုတ်ပါ။ ယနေ့ ရွေးကောက်ပွဲ အထိ မှန်းလာသည့် အယူအဆကို ဖြစ်စေသည့် ၀ါဒတရား ဖြစ်ပါသည်။ (မှတ်ချက်၊ ဦးနေ၀င်းသည် ၁၁ နှစ် အကြာတွင် ရွေးကောက်ပွဲ လုပ်ခဲ့ပြီး ယခု ဦးသန်းရွှေက ၂၂ နှစ်ကြာမှ လုပ်နိုင်ခြင်း ဖြစ်ပါသည်။) ဦးနေ၀င်း၏ စစ်သည်တော် ကျင့်ဝတ်တွင် စတင်ခဲ့သော ၀ါဒဖြစ်ပါသည်။ စစ်တပ်အတွင်း မည်သည့်ပုံစံဖြင့် ၀င်လာသည် ဖြစ်စေ စည်းကမ်း (ဤတွင် အမိန့်နာခံမှုကို ၄င်းတို့က စည်းကမ်းဟု ခေါ်ပါသည်) ကျနအောင် ပုံသွင်းပေးလိုက် ပါသည်။ ငယ်စဉ်က လမ်းစဉ်လူငယ် စစ်ရေးပြ သင်တန်းဆင်း ကျနော့်ကို အစ်ကိုဝမ်းကွဲ စစ်ဗိုလ်က မေးဖူးပါသည်။ “ညီလေး စစ်ရေးပြဆိုတာ ဘာလုပ်တာလဲ မင်းသိလား” ကျနော်က စည်းကမ်းကျအောင် သင်ပေးတာ ထင်ကြောင်း ပြောသောအခါ “မဟုတ်ဘူးကွ၊ အဲဒါ အမိန့်ကို မစဉ်းစားဘဲ နာခံတတ်အောင် ပုံသွင်းပေးတာ။ သတိ သက်သာ အေးစေ ပြောတဲ့အခါ မင်းက မစဉ်းစားဘဲ ချက်ခြင်း လုပ်လိုက်တယ် မဟုတ်လား။ ဒီလို ဘာမှ မဟုတ်တဲ့ အပြုအမူလေးက စပြီး မစဉ်းစားတဲ့ အကျင့် သွင်းပေးတဲ့ အခါ ရှေ့တန်းမှာ “တက်” လို့ အမိန့် ပေးတဲ့အခါ မစဉ်းစားဘဲ တက်တဲ့အကျင့် ရသွားတာပေါ့” စာဖတ်နာသော ကျနော့် အစ်ကိုသည် စစ်တပ်ထဲမှာ ရာထူး သိပ်ကြီးကြီး မရပါ။ ရှင်းပါသည်။ သို့သော် ထိုစဉ်က ၁၈ နှစ်သား ကျောင်းသားခေါင်းဆောင် ဖြစ်လာသည့် ကျနော့်အတွက် ပညာရပါသည်။

စစ်ရေးပြဖြင့် ပုံသွင်းပြီးနောက်ပိုင်း ပင်ပန်းမှု၊ အနားမနေရမှု တို့ကို ဆက်လက် ပို့ချပါသည်။ fatigue ခေါ် အားလပ်ချိန် မရအောင် ထားသော အလုပ်များကို ဆက်တိုက်ခိုင်းပါသည်။ ကျနော့် မိခင်ဖြစ်သူသည် အိမ်ဖော် အပျိုရွယ်လေးများ ထားသည့်အခါ တမျိုးပြီး တမျိုး ခိုင်းသောကြောင့် ကျနော်က မေးဖူးပါသည်။ အမေက “ဒီအရွယ် အားနေရင် တောင်စိတ် မြောက်စိတ်တွေ ၀င်တတ်တယ် သားရဲ့ ဒါကြောင့် မအားအောင် တမင်ရှာခိုင်းရတာ” ဟုပြောပြပါသည်။ တနည်းအားဖြင့် စိတ်ရောလူပါ မလွတ်လပ်အောင် ထားခြင်း ဖြစ်ပါသည်။ သည်နောက်မှာတော့ ရှေ့တန်းထွက်ခြင်း၊ (မည်သည့် အကြောင်းကြောင့် မသိဘဲ) စစ်ပွဲ ဆင်နွှဲခြင်း၊ တို့တွင် မိမိရဲဘော်များ မိုင်းထိ၍ ခြေပြတ် လက်ပြတ်ဖြစ်ရခြင်း၊ သေဆုံးရခြင်း၊ ရန်သူက သတ်ဖြတ်ခြင်း တို့ဖြင့် ဆက်လက် သင်ကြားပို့ချ ပေးပြန်ပါသည်။ နောက်ဆုံး အဖြေတခုသို့ တွန်းပို့ပါသည်။ ယင်းသည် ဆိုခဲ့သော “စစ်တပ်ဝါဒ” ဖြစ်ပါသည်။ ရှင်းအောင်ဆိုရလျှင် -

မိမိတို့သည် (တိုင်းပြည်အတွက်) သူများထက် အပင်ပန်းခံ အလုပ်လုပ်ရသည်။
မိမိတို့သည် (တိုင်းပြည်အတွက်) သက်စွန့်ဆံဖျား အလုပ်လုပ်ရသည်။

(ဘာကြောင့်မှန်းမသိဘဲ ဖြစ်သွားသော) ရန်သူကြောင့် မိမိတို့ ရဲဘော်ရဲဘက်တွေ ထိခိုက် သေဆုံးရသည်။
မိမိတို့ကို နှိပ်စက်ခဲ့သော ယင်း ရန်သူကို ပြည်သူတချို့ ထောက်ခံနေသည်။

မိမိတို့သည် အမိန့်နာခံရသည်။ စစ်စည်းကမ်းဖြင့် အချိန်ပြည့် နေရသည်။ ညအိပ်နေစဉ် လာနှိုးလျင် သက်စွန့် ဆံဖျား ခရီး စတင်ရသည်အထိ ၂၄ နာရီ ထမ်းဆောင်ရသူများ ဖြစ်သည်။

ထိုအချိန်တွင် သာမန်ပြည်သူများ၊ ၀န်ထမ်းများ (ယင်းတို့စကားအရ “အရပ်သားများ”) သည် သက်သက်သာသာ နေရသည်။ အသက်စွန့်ရန် မလို၊ စည်းကမ်း မရှိ၊ အားလပ်ချိန်တွေ အပြည့်ရှိနေသည် ။ စီးပွားရေးလုပ်ပြီး ချမ်းသာနေသည် … ဟူသော အတွေးကို ဆက်တိုက် ပို့ချပေးပါသည်။ ထိုသို့သော အနစ်နာခံမှု များကြောင့် သူတို့တွင် “နိုင်ငံတော်အာဏာ” ကို သုံးပိုင်ခွင့်ရှိသည် ဟု အဖြေထုတ်ပေး ပါသည်။

ပြည်သူလူထုနှင့် စစ်တပ်အတွင်းအကြီးမားဆုံး အတားအဆီးသည် အဆိုပါ အတွေးအမြင် ဖြစ်ပါသည်။ ကျနော် ပညာရှင်ဘ၀ စစ်တပ်နှင့် တွဲ၍ တောထဲတောင်ထဲ သွားရသည့်အခါ စစ်ဗိုလ်တွေ အင်မတန် အံ့သြကြပါသည်။ သူတို့မှ လွဲ၍ မြို့ပေါ်တွင် တိုက်ပုံ ၀တ်နေသော လူပျော့များ ဤသို့ အပင်ပန်း ခံနိုင်မည်၊ အပင်ပန်းခံ အလုပ် လုပ်လိမ့်မည်ဟု မထင်ခဲ့ကြပါ။ အင်္ဂလန်မှ ဘွဲ့ထူးတွေ ရလာသည့် ဆရာဝန်ကြီး သည်လည်း ညလာနှိုးလျှင် ထလိုက်ရမှန်း ဂျူတီ ယူရမှန်း သူတို့ မသိကြပါ။ (အစပိုင်းတွင် မသိကြပါ၊ နောက်ပိုင်း ရာထူးရလာတော့လည်း မသိချင်ကြတော့ပါ)။ တနှစ်က တက္ကသိုလ် ဆရာမလေး တဦး ကျောင်းသားများနှင့် ကွင်းဆင်း ခရီးထွက်လာစဉ် လက်နက်ကိုင် လက်ချက်နှင့် ကွယ်လွန်ပါသည်။ ၀န်ထမ်းတိုင်း၊ ပြည်သူတိုင်းမှာ လက်နက်မဲ့ သက်စွန့်ဆံဖျား မှုတွေ ပြည့်နေကြောင်း သတိ မထားမိကြပါ။

နောင်တချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအား နှိမ်နင်းသည့် အခါ နိုင်ငံတကာက ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရခြင်း ဟု မြင်သော်လည်း သူတို့လို ပင်ပန်းစွာ အလုပ် မလုပ်ရဘဲ အခွင့်အရေး တောင်းသူများဟု ဆက်လက် မြင်လာပါတော့သည်။

သည်ထက် ပိုကြီးသည့် စစ်တပ်ဝါဒတစ်ရပ်မှာ နိုင်ငံခြားသားကို အထင်ကြီးခြင်း ဖြစ်ပါသည်။ နိုင်ငံခြားသား မုန်းတီးခြင်း (xenophoebia) သည် အထင်ကြီးရာမှ ကြောက်လန့် မုန်းတီးခြင်း ဖြစ်ပါသည်။ ယင်းသည် မိမိတို့ ကြိုးစားသော်လည်း တိုးတက်မှု မရလာသည့် အခါ ကြီးသော အကြောင်းပြချက် ဖြစ်လာပါသည်။ နိုင်ငံခြားသားကို ပိုမို အလုပ်လုပ်သူ၊ ပိုမို ဥာဏ်ကြီးသူ ဟုမြင်ပါသည်။ ပြည်ပတွင် တိုးတက်ခြင်းသည် ယင်းလူမျိုးများ အလုပ်လုပ်၊ ဥာဏ်မြင့်သောကြောင့် ဖြစ်ပြီး မြန်မာပြည် မတိုးတက်ခြင်းမှာ စစ်တပ် တတပ်လုံး အလုပ် လုပ်သော်လည်း ပြည်သူတွေ၊ ၀န်ထမ်းတွေ အလုပ် မလုပ်သောကြောင့် မတိုးတက်ခြင်းဟု မြင်လာပါသည်။ သည်အတိုင်းလည်း သင်ကြားပေးပါသည်။ သာမန် ပြည်သူတွေမှာတော့ နိုင်ငံခြားသွား အလုပ် လုပ်ကြသည့်အခါ နိုင်ငံခြားသားကို သူလိုကိုယ်လို ဟုသာမြင်ပါသည်။ အလုပ် လုပ်သလောက် အခွင့်အရေး ရသဖြင့် အလုပ်လုပ်ကြသည်။ စည်းကမ်းရှိသလောက် စည်းကမ်း၏ အကျိုးကို ခံစားရသဖြင့် စည်းကမ်းနှင့် နေကြသည်။ သူတို့လို ကိုယ်လည်း အခွင့်အရေး ရရင် ကိုယ့်တိုင်းပြည်လည်း ဖြစ်နိုင်ကြောင်း နားလည်ကြသည်။ ကြီးမားသော အတွေးအခေါ် ကွာဟမှုကြီး ဖြစ်ပါသည်။

ထိုမှတဆင့်တိုးသောအခါ စစ်တပ်က ပိုအလုပ်လုပ် အနစ်နာခံရတဲ့ အတွက် အခွင့်အရေး ယူထိုက်သည်ဟု မြင်လာ ပါတော့သည်။ နိုင်ငံရေးသမားများအား နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူလိုသည်ဟု စွပ်စွဲ ပေးလိုက်ပါသည်။ တပ်ထဲတွင် နေခဲ့သော ငယ်စဉ်က ကျနော်ကိုယ်တိုင်သည် အမိန့်နှင့် အာဏာကို ယုံကြည်ပါသည်။ နောင် ၈၈ ခေတ်ကို ကျော်မှ စည်းရုံးရေးကို ယုံကြည် လာပါသည်။ ပတ်ဝန်းကျင်က ပုံသွင်း ပေးခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးကို ယုံကြည်ပြီး ဗိုလ်ချုပ်နေ၀င်းသည် အမိန့်နှင့် အာဏာကို ယုံကြည်ခဲ့ခြင်း၏ နောက်ဆက်တွဲ အမွေဖြစ်ပါသည်။

အထက်ပါ စစ်တပ်ဝါဒ သည် နိုင်ငံတကာ၊ ဘာသာတရားနှင့်၊ နိုင်ငံရေး သဘောတရားများ သိရှိ နားလည်လာသည့် အရာရှိကြီးများ ဖြစ်လာသည့်အခါ မိမိတို့၏ အထက်ပါ ကျင့်ထုံးများနှင့် ဆန့်ကျင် ဆုံးဖြတ်မှုတိုင်း၊ အဖြေတိုင်း အတွက် စိတ်ဖြေစရာ ဆေးကောင်းကြီး တခွက် ဖြစ်လာပါတော့သည်။ ယနေ့ ဗိုလ်ချုပ်ကြီးများအားလုံး ဤအတိုင်း ယုံကြည်ကြသည်မှာ မှားယွင်းဖွယ် မရှိပါ။

ဒုတိယအကြောင်းတရား (သို့မဟုတ်) ပုံတူကူးခြင်း

ဦးနေ၀င်းအားဖယ်ရှားပြီးသည့်အခါ စစ်ဗိုလ်ချုပ်ကြီးများအတွက် လမ်းကြောင်း ချပေးမည့်သူ မရှိတော့သလောက် ဖြစ်ပါသည်။ (ထိုမတိုင်ခင် အာဏာသိမ်းပြီး ကာလက ဒေါက်တာမောင်မောင်နှင့် တကွ ပါတီခေတ် ခေါင်းဆောင်များ Policy နှင့် လမ်းညွှန်မှုများ ချပေးခဲ့ပါသည်။) သို့ရာတွင် အတန်အသင့် အမြင်ကျယ်သူ ဗိုလ်ချုပ်ခင်ညွန့်သည် မဟာဗျူဟာ လေ့လာရေးဌာနကို (အမေရိကန် ပုံစံအတိုင်း) ထူထောင်ကာ ပညာတော်သော စစ်ဗိုလ်ငယ်များမှ အစ ခေါင်းခေါက်ရွေးယူ၍ ထောက်လှမ်းရေး ဌာနချုပ်တွင် ကမ္ဘာ့ နိုင်ငံရေး အလိုက် အထူးပြုတာဝန် အမျိုးမျိုးဖြင့် လေ့လာ လေ့ကျင့်စေခဲ့သည်။ အမေရိကန်နှင့် အီးယူ၊ ဂျပန် တို့သို့ နိုင်ငံရေး အောက်လမ်းနည်းများဖြင့် ချဉ်းကပ်ခဲ့သည်။ စစ်အစိုးရ၏ လမ်းပြမြေပုံနှင့် နေပြည်တော် စီမံကိန်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ခေါ် ပေါ်လစီ စီမံကိန်းများကို သူ၏ ဦးခေါင်းများဖြင့် ဆွဲယူ ခဲ့သည်။

နောင်တချိန် ဗိုလ်ချုပ်ခင်ညွန့် မရှိသောအခါ စစ်တပ်ခေါင်းဆောင်များ အတွက် နမူနာပေါင်း များစွာ၊ စကားလုံးပေါင်း များစွာ (ယနေ့ နောက်ဆုံးပေါ် - ရိုဟင်ဂျာ မဟုတ်၊ ဘင်္ဂါလီ ဆိုသည့် စကားလုံးမျိုး အထိ) အရန်သင့် ရှိထားပြီ ဖြစ်သည်။ ကာကွယ်ရေး တက္ကသိုလ်တွင် အရည်အချင်းရှိသော ပညာတတ် ဗိုလ်မှူးကြီးများ၏ သုတေသန ကျမ်းများ ရှိနေသည်။ ဒီပဲယင်း အရေးအခင်းကို “ဒေါ်အောင်ဆန်းစုကြည် အန္တရာယ်ကာကွယ်ရေး” ဟူသော သုတေသန စာတမ်းအတိုင်း ဖန်တီးခဲ့သည်။ UN ကိုယ်စားလှယ် ဂန်ဘာရီ မလာမီ ပြည်တွင်း တာဝန်ခံကို မောင်းထုတ်ပြခြင်း၊ ယင်းမှ တဆင့်ချင်း ရှေ့တိုးလာပြခြင်း၊ အမေရိကန် စစ်ရေယာဉ် မ၀င်နိုင်မီ အာဆီယံ၊ UN တို့နှင့် အစည်းအဝေး လုပ်ပြခြင်း စသည်ဖြင့် နည်းဗျူဟာ မျိုးစုံကို အသစ်ဖန်တီး ယူခြင်းထက် ဦးနေ၀င်းလုပ်ခဲ့သည့် ခြေလှမ်းများကို အနီးစပ်ဆုံး ပုံတူကူးချခြင်းများ ဖြစ်သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ကို မယုံကြည် သော်လည်း ထိုဝါဒ ကျင့်သုံးသူတို့၏ နည်းပရိယာယ် လုပ်နည်း လုပ်ဟန်များကို လေ့လာကြသည်။ ဤသည်မှာလည်း မဆန်း၊ မဆလခေတ်တွင် သူတို့ ကြီးပြင်း လာကြပေရာ (တနည်းအားဖြင့် လူရာဝင်လာရ ပေရာ) ထိုခေတ်က သင်ကြားခဲ့သော နိုင်ငံရေးသမား မုန်းတီးရေး တရားများ၊ ဦးနု မကောင်းကြောင်းများ၊ ပါတီစုံနှင့် ဖက်ဒရယ်မူ မကောင်းကြောင်းများသည် အသည်းတွင် စွဲထင် နေပေပြီ။ ထိုခေတ်တလျှောက်လုံး ဖတ်စရာ နိုင်ငံရေးစာအုပ် ဆို၍ လက်ဝဲစာပေသာ ရှိရာ ထို စာပေတို့မှ လက်ဝဲ၀ါဒ တော်လှန်ရေး သမားတို့၏ ကောင်းကွက်များ အယူအဆ ကောင်းများကို အရ မယူနိုင်သောအခါ မကောင်းသော လုပ်နည်း လုပ်ဟန်များကိုသာ ကူးယူရ ပေတော့သည်။ “ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ” ဆိုသည့် လက်မောင်းတန်း အော်ဟစ်မှု များကို သူတို့ရိုက်သော ရုပ်ရှင်ထဲမှ အလံနီတို့ထံမှ အရယူသည်။ ကျနော့်နားထဲတွင် “သတ်ပစ်၊ သတ်ပစ်” ဆိုသည့် အသံများ ကြားယောင် မိရသည်။

အရေးအခင်းပြီးခါစက အားလုံးသပိတ်မှောက်ပြီး ဖြစ်နေသည့် ၀န်ထမ်းများဖြင့် မည်သို့ ဆက်လက် အုပ်ချုပ်မည်နည်းဟု ကျနော်တို့ တွေးခဲ့ဖူးသည်။ တပြည်လုံး သပိတ်မှောက်လျင် တိုင်းပြည်ကို အုတ်တံတိုင်း ခတ်ရုံပေါ့ဟု ပြောခဲ့ကြသည်။ သို့သော် အာဏာ မသိမ်းမီတွင် မော်စီတုန်း၏ နည်းလမ်းတခုကို ကျနော်ဖတ်မိသည်။ ယင်းမှာ “အစွန်းရောက် လူနည်းစုကို တိုက်ရိုက်နှိမ်နင်းခြင်း၊ အလတ်တန်းစား လူများကို တွေဝေ ယိမ်းယိုင်စေခြင်း နှင့် နောက်တန်းက လူထုကြီးကို မိမိလူဟု အမည်တပ်ခြင်းဖြင့် တဖြည်းဖြည်း ပြောင်းလဲယူခြင်း” လုပ်ငန်းစဉ် ဖြစ်ပါသည်။ ကူးယူတတ်သော စစ်အုပ်စုသည် ထိုအတိုင်း တသဝေမတိမ်း ကျင့်သုံး ပါသည်။ ယနေ့တိုင်လည်း ပြည်တွင်းသာမက ပြည်ပ နိုင်ငံများအထိပါ တိုးချဲ့ယူလာရာ အာဆီယံသည် ထိုလမ်းစဉ်မှ အလယ်အလတ် တန်းစား အုပ်စုဖြစ်လာပါသည်။ အတိုက်အခံ ထဲမှလည်း အဆိုပါ အလယ်အလတ်တန်း အုပ်စုကို ဆွဲယူနေပါပြီ။ တွေဝေသော (ကွန်မြူနစ်စကားဖြင့် ဆက်ပြောလျှင် ပညာတတ်များ) လူတချို့သည် ပါတီဖွဲ့ အရွေးခံရန်၊ ရွေးကောက်ပွဲကို ထောက်ခံရန် လမ်းစဉ်ကို ရွေးနေကြလေပြီ။ စစ်တပ်သည် သာမန်အားဖြင့် ကျောင်းသားများကို မထလာအောင် နှိပ်ကွက် ထားလိုသည်မှ အပ နိုင်ငံရေးသမားများလောက် အမြင်မကြည်မှု မရှိသည်ဖြစ်ရာ (သူတို့သင်ခဲ့သော ဦးနေ၀င်းခေတ် သမိုင်း စာအုပ်များတွင်လည်း ကျောင်းသားများ အမြင်မှား၍သာ နိုင်ငံရေး လုပ်ကြကြောင်း သင်ခဲ့ရရာ) ကျနော်တို့ ၈၈ ကျောင်းသားများကိုလည်း အလယ်အလတ် လူစုတွင် ပါဝင်မည်လားဟု ထင်ကာ လွှတ်ပေးထားခဲ့သည်။ ၂၀၀၇ တွင်မှ အစွန်းရောက် စာရင်းသို့ ထည့်သွင်းခဲ့ ခြင်းဖြစ်ပါသည်။

ခြုံငုံ၍ဆိုရလျှင် စစ်တပ်၏ မကောင်းမှုများကို နားလည်မှုပေးသည့်တိုင် ယင်းတို့၏ ရပ်တည်ချက် သဘောထားသည် မှားယွင်းစွာ သင်ကြားလာသော အခြေခံအပေါ်မှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်ပါသည်။ တိုင်းသူပြည်သားများ အမှန်တကယ် ခံစားမှု၊ အမှန်တကယ် အလုပ် လုပ်ကိုင်နေကြပြီး အကျိုး မရကြမှု၊ ယင်းတို့ အထင်ကြီးသော ပြည်ပ နိုင်ငံသားများကဲ့သို့ အရည်အချင်း ရှိသူများစွာ ရှိနေမှု၊ ယင်းတို့ ကဲ့သို့ ပင်ပန်း နွမ်းနယ်စွာ၊ သက်စွန့်ဆံဖျား တိုင်းပြည်အတွက် အလုပ် လုပ်နေသူများ ရှိနေမှုတို့ကို ယနေ့တိုင် သိမြင်လာကြခြင်း မရှိသေးပါ။ ပြည်သူလူထုနှင့် အမှန်တကယ် နီးနီးစပ်စပ် နေထိုင်လိုစိတ်၊ နားလည်အောင် လုပ်လိုစိတ် နည်းပါးအောင် ကြိုတင် လေ့ကျင့် ပေးထားခြင်းဖြင့် အရပ်ဘက် တာဝန်ယူရသည့်တိုင် အစဉ်ကင်းကွာ နေလေ့ရှိသည်။ နားလည်သွားသော အရာရှိများသည်လည်း ဘေးဖယ်ခြင်း ခံသွားကြရသည်။ ထို့ကြောင့်လည်း ယနေ့ခေတ် ပင်စင်ယူသွားသော စစ်ခေါင်းဆောင် အားလုံးသည် လက်ရှိစစ်တပ်၏ ဘေးဖယ်ခြင်းကို ခံကြရသည်ဖြစ်ရာ လက်ရှိ ခေါင်းဆောင်ကြီးများ တသက်တာ မည်သည့်အခါမျှ အငြိမ်းစား မယူရဲတော့သည့် အဖြစ်သို့ ရောက်ရှိကုန်ကြခြင်း ဖြစ်ပေသည်။

Ref: ဧရာဝတီ

......

0 comments:

အပေါ်သို့