..............................

Wednesday, October 22, 2008

ဂမ္ဘာရီ၏ခရီး အနိမ့်ဆုံးအဆင့်အောက် ရောက်သော်လည်း ကုလ လက်မလျှော့

2008-10-21

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး စစ်အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေအကြား တွေ့ဆုံစကားပြောတာတွေ ပိုမိုလုပ်ဆောင်ကြဖို့ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲဟာ အများ ယုံကြည် လက်ခံနိုင်ဖို့နဲ့ ပတ်သက်ဆက်စပ်တဲ့ အင်အားစုအားလုံး ပါဝင်ဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်း (ယာ) က လက်ထောက်
အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (ဝဲ) အား
အထူးသံတမန်အဖြစ် တာဝန်ပေးအပ်ထားပါသည်။ (မှတ်တမ်းဓာတ်ပုံ) (Photo: AFP)

နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ ဘယ်ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမဆို၊ တွေ့ဆုံဆွေးနွေး သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေ ရှိဖို့လိုတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ အတွင်းရေးမှူးရဲ့ အစီရင်ခံစာ ထဲမှာ ရေးသားထားပါတယ်။

ဒီအစီရင်ခံစာ ထဲမှာ ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် အောက်တိုဘာ လကနေ စတင်ပြီး၊ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကိုလည်း ဖော်ပြထားသလို၊ အတွင်းရေးမှူး ချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သွားရောက်ခံတဲ့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အနိမ့်ဆုံးအဆင့် မျှော်မှန်းထားတဲ့ အတိုင်းအတာအောက်ကို လျော့ကျခဲ့ကြောင်း၊ ဒါပေမဲ့လည်း ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြားဝင် ဆောင်ရွက်မှုကို လက်လျှော့ အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ မစ္စတာဂမ်ဘာရီက ပြောဆိုပါတယ်။

မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်တဲ့ အတွေ့ အကြုံ မရှိကြောင်း၊ မြန်မာစစ်အစိုးရ အနေနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခြေတရပ်ကို ရှာသင့်ကြောင်း မစ္စတာ ဘန်ကီမွန်းကလည်း ပြောဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရအနေနဲ့ တခုမှ လုပ်ဆောင်တာ မရှိသေးတဲ့အတွက် စိတ်ပျက်မှုတွေ ဖြစ်ပေါ်စေကြောင်းကိုလည်း အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေကပဲ ဖန်တီးရမှာ ဖြစ်ပြီး၊ ကုလသမဂ္ဂ အနေနဲ့က သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အတူတကွလက်တွဲ လုပ်ဆောင်နိုင်ရေး အတွက် လိုအပ်တဲ့ ကူညီ ထောက်ပံမှုတွေ ပေးရေးတွေကိုပဲ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံ စာမှာ ဖော်ပြပါတယ်။

အားလုံးပါဝင်ပြီး အချိန်သတ်မှတ်ချက် တိတိကျကျရှိတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ဆိုတာ၊ ပထမ ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့က အဓိက ကျတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောဆိုထားကြောင်းပါ။

ref:FRA News

0 comments:

အပေါ်သို့