..............................

Wednesday, October 22, 2008

ကုလသမဂ္ဂရဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက် အတိုက်အခံတွေ ကြိုဆို

21 October 2008

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ အတွက် တွေ့ဆုံ ဆွေးနွေးရေးက လွဲလို့ တခြားနည်းလမ်း မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)၊ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းနဲ့ အီးအန်စီခေါ် တိုင်းရင်းသား လူမျိုးများကောင်စီတို့ရဲ့ အမြင် သဘောထားတွေကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးထား ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာက မျှော်လင့် တောင်းဆိုနေတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေ မလုပ်တဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သူ့ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးက လွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုတွေ့ဆုံ ဆွေးနွေးဖို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့က အဓိကကျတယ်လို့ ပြောခဲ့ပါတယ်။

အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း။
သြဂုတ် ၂၀၊ ၂၀၀၈။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို သိရဖို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။ "ကျနော်တို့သဘောထား ပြောရရင် ကုလသမဂ္ဂက အကြိမ်ပေါင်းများစွာ မျိုးစုံ ကြိုးစားပေမယ့် တိုးတက်မှု မရှိတဲ့အပေါ်မှာ စိတ်ပျက်တာပါ။ ပြောသွားတဲ့ အထဲမှာအတိုက်အခံတွေနဲ့ လက်တွေ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လိုအပ်တယ်ဆိုတာ အမှန်ကန်ဆုံးပါပဲ။ တိုင်းပြည်အတွက် အကောင်းဆုံး နည်းလမ်းပဲလို့ အန်ကယ်တို့ သဘောတူပါတယ်။ "ကုလသမဂ္ဂမှာ လုပ်ပိုင်ခွင့်က သူ့အတိုင်းအတာနဲ့သူ သတ်မှတ်ပြီးသားရှိတယ်။ ဒီ့ထက်ပိုလုပ်လို့လည်း မရဘူး။ အဲတော့ အခုလို ပြောလိုက်ခြင်းအားဖြင့် တာဝန်ရှိတဲ့လူတွေမှာ ဘယ်လောက် တာဝန်ရှိတယ်ဆိုတာ ကမ္ဘာက ပိုပြီး သဘောပေါက်လာမယ်လို့ အန်ကယ်မြင်ပါတယ်။ "အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ မြန်မာ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လမ်း လုံးဝမရှိဘူးလို့ မြင်ပေမယ့် မြန်မာလူထုနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့အတိုင်း အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။

"တွေ့ဆုံဆွေးနွေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ဖို့ ပြောနေတာကတော့ အကြိမ်ကြိမ် အခါခါ ရှိသွားပြီ။ အဲလို အကြိမ်ကြိမ် အခါခါဖြစ်ပြီးတော့ မလွှတ်တဲ့အတွက် အတွင်းရေးမှူးချုပ် အနေနဲ့ စိတ်ပျက်တယ်ဆိုတာ ယုံကြည်ပါတယ်၊ လက်ခံပါတယ်။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကို မကြားချင်ဘူး၊ မတွေ့ချင်ဘူးဆိုတဲ့ သဘောမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောတယ် ဆိုတဲ့သတင်းတွေက စောစောကတည်းက အတော်လေး ဂယက်ရိုက်လာတယ်။

"အဲတော့ ဒီကိစ္စတွေကြောင့် တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကလည်း အလိုလိုကို ဖြစ်ပေါ်လာဖို့ အကြောင်းမရှိဘူး။ လွှတ်ဖို့ဆိုတာကတော့ ကမ္ဘာက ဘယ်လိုပြောပြော အစိုးရက မိမိတို့ရဲ့ လုံခြုံမှု၊ မိမိတို့ရဲ့ တည်မြဲမှုအတွက် အနှောင့်အယှက် ဖြစ်မယ်ဆိုရင် ဘယ်သူ့မှလွှတ်မယ်လို့ မယူဆဘူး။

အဲဒါကြောင့် ဘယ်လောက်တောင်းနေနေ၊ တကမ္ဘာလုံးက တောင်းနေနေ၊ အခုပဲ အနှစ် ၂၀ ထဲ ရောက်လာပြီ၊ ဒီတိုင်းပဲနေတာပဲ။ လွှတ်မယ့်အခြေအနေ၊ တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ လုံးဝ မမြင်သေးဘူးလို့ ဘဘတို့မြင်တယ်။ "ဒါကြောင့် အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုတဲ့ အတိုင်းပဲ အမြန်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးဖို့ ဆိုတာကို ဘဘတို့က အလေးအနက် ထောက်ခံတယ်။ အစိုးရကိုလည်း တိုင်းပြည်ရဲ့ အခြေအနေကို ထောက်ပြီးတော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပါ၊ အမြန်ဆုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးပါ။ ဒါ ပြည်သူလူထုရဲ့ဆန္ဒ၊ ကမ္ဘာကြီးရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီ ပါတယ်လို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းချင်ပါတယ်။

"စစ်အစိုးရဘက်က တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအ၀င် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကို လျှောက်လှမ်းဖို့ မလုပ်တဲ့အတွက် ဒီတွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့လိုအပ်တယ်လို့ အီးအန်စီခေါ် တိုင်းရင်းသား လူမျိုးများကောင်စီက အထွေထွေအတွင်းရေးမှူး ဦးမခေါ် ခွန်ဆာက မြင်ပါတယ်။ "ကျနော်တို့က တော့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ဖို့အတွက် အမြဲကြိုးစားနေမယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့သက်သက် တခုတည်းနဲ့တော့ အခု နအဖ လုပ်နေပုံမျိုးနဲ့ ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့အတွက်တော့ နည်းလမ်းပေါင်းစုံ ကြိုးပမ်း ဆောင်ရွက်ရမယ်လို့မြင်တယ်။ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းပြောတဲ့ စကားအရတော့ သူက ဒါပဲရှိတယ်လို့ ပြောတာပေါ့။ ဒါပေမယ့် စစ်အစိုးရက ဒီလမ်းပေါ် လျှောက်မလာသေးတဲ့ အတွက် ကျနော်တို့က ဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ့် တာဝန်ကတော့ ကျနော်တို့ တာဝန်ပဲ ဖြစ်တယ်လို့ အဲလိုပဲမြင်ပါတယ်။

"ဘယ်လိုပုံစံမျိုးနဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ချက်ရှိပါလဲ။
"အဲဒါတော့ နည်းလမ်းပေါင်းစုံပေါ့။ နည်းလမ်းပေါင်းစုံ ဆိုတဲ့နေရာမှာ ရန်သူက ခန့်ညားလေးစား လောက်တဲ့၊ ဆွေးနွေးဝိုင်းပေါ် ရောက်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံခင်းတမန်ခင်း စသဖြင့် အဲဒီနည်းလမ်းပေါင်းစုံနဲ့ တည်ဆောက်ရမယ်၊ ကြိုးပမ်း ဆောင်ရွက်ရမယ်လို့ ကျနော်က အဲလိုပဲ မြင်ပါတယ်။"

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တင်သွင်းခဲ့တဲ့ အစီရင်ခံစာ အပေါ် အဓိက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေရဲ့ အမြင် သဘောထားတွေပဲ ဖြစ်ပါတယ်။

ref: VOA News

0 comments:

အပေါ်သို့