..............................

Wednesday, October 22, 2008

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် အဂတိလိုက်စားမှုကြောင့် ထောင် ၂ နှစ် ချမှတ်ခံရ

21 October 2008

နိုင်ငံပြည်ပကို တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို အာဏာ အလွဲသုံးစား လုပ်မှုနဲ့ ထိုင်းတရားရုံးချုပ်က ဒီကနေ့ပဲ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါပြီ။ ဒါဟာ ထိုင်းရဲ့ တရားရေးစနစ် ခိုင်မာမှုကို ပြသလို၊ ထိုင်း ဒီမိုကရေစီစနစ်ရဲ့ သမိုင်းမှတ်တိုင် တခုပဲလို့ လေ့လာသူတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေက ယူဆကြပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဘတ်သန်း ၈၀၀ နီးပါးတန်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရက်ချဒါဖီးစစ်က မြေကို ဇနီးသည် ပိုဂျမန် ၀ယ်ယူရာမှာ မစ္စတာတပ်ခ်ဆင်ဟာ သူ့ရဲ့ ၀န်ကြီးချုပ်အာဏာကို အသုံးပြုပြီး ဈေးသက်သက် သာသာရအောင် ကြားဝင်ဆောင်ရွက်ခဲ့တယ် ဆိုတဲ့ အထောက်အထား တွေနဲ့ မစ္စတာတပ်ခ်ဆင်တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကို တရား စွဲဆိုထားတာပါ။ ဒီကနေ့ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်မှာတော့ မစ္စတာ တပ်ခ်ဆင်ကို ထောင် ၂ နှစ်ချလိုက်ပြီး ဇနီးဖြစ်သူ ပိုဂျမန်ကိုတော့ တရားသေလွှတ်ခဲ့ပါတယ်။


မစ္စတာတပ်ခ်ဆင်အမှုကို စစ်ဆေးစီရင်ခဲ့သော
ထိုင်းတရားရုံးချုပ် တရားသူကြီးများ။
အောက်တိုဘာ ၂၁၊ ၂၀၀၈။

"ပထမတရားခံ မစ္စတာတပ်ခ်ဆင်ကို ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ပါတယ်။ ဒုတိယတရားခံ ပိုဂျမန်တပ်ခ်ဆင်ကိုတော့ တရားသေ လွှတ်လိုက်ပါတယ်။ တရားခံ ၂ ဦးစလုံးကို ဖမ်းဝရမ်း ထုတ်ထားတာကို တရားရုံးက ပြန်ရုပ်သိမ်းပြီးတော့ ပထမ တရားခံဖြစ်သူ မစ္စတာတပ်ခ်ဆင် တဦးတည်း အတွက် ဖမ်းဆီးဝရမ်း အခု တရားရုံးကနေ ထုတ်ပြန်ပါတယ်။"
တရားရုံးချုပ် တရားသူကြီးတဦးက အမှုစီရင်ချက်ကို ဖတ်ပြသွားတာ ဖြစ်ပါတယ်။

ထိုင်းဘဏ်တခုကနေ အဲဒီမြေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဇနီးဖြစ်သူက ၀ယ်ယူနိုင်အောင် မစ္စတာတပ်ခ်ဆင်က အာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့တယ်၊ ဒီအတွက် ၀န်ကြီးချုပ် တဦးအနေနဲ့ နိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက် တယ်ဆိုပြီး အမိန့်စီရင်ခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး သမားတွေအပေါ် တင်းကျပ် ထားတဲ့ ဒီဥပဒေအရ တပ်ခ်ဆင်ရဲ့ဇနီးသည် ပိုဂျမန်ကတော့ အစိုးရ၀န်ထမ်းတဦး မဟုတ် တာကြောင့် ဒီအမှုကနေ ကင်းလွတ်ခွင့် ရသွားပါတယ်။

သူတို့ ၂ ဦးစလုံးကို မူလက တရားစွဲထားရာမှာ ၂ ယောက်စလုံး တရား ရင်မဆိုင်တော့ဘဲ အင်္ဂလန်နိုင်ငံကို ရှောင်တိမ်းသွားတာကြောင့် ၂ ဦးစလုံးကို တရားရုံးကနေ ဖမ်းဆီးမိန့် ထုတ်ခဲ့ ပါတယ်။ မစ္စတာတပ်ခ်ဆင်တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကတော့ အခုအချိန်မှာ ဗြိတိသျှ နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။ ဒါပေမယ့်လည်း မစ္စတာတပ်ခ်ဆင်ကို အင်္ဂလန်ကနေ အမြန်ဆုံး ပြန်လွှဲပြောင်းယူနိုင်ဖို့ တရားရုံးက ဆက်ပြီးဆုံးဖြတ် ဆောင်ရွက်သွားမယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အခုတရားစီရင်မှုဟာ ထိုင်းနိုင်ငံရဲ့ တရားရေးစနစ် ခိုင်မာမှု၊ လွတ်လပ်မှုကို ပြသတာဖြစ်လို့ ဒါကို အသိအမှတ်ပြုရမယ်၊ ဒီအတွက် သူ့အနေနဲ့ ကျေနပ်အားရမိတယ်လို့ ထိုင်းဒီမိုကရက်တစ် အမတ် ခရိုင်ဆတ် ချွန်န၀ါက ယူဆပါတယ်။

"ဒါဟာ ထိုင်းနိုင်ငံအတွက် သမိုင်းတွင်မယ့် ဖြစ်ရပ်ပါ။ ဥပဒေချိုးဖောက်တဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေ၊ အစိုးရ အာဏာပိုင်တွေဟာ တရားဥပဒေအတိုင်း စီရင်ခံရမယ်ဆိုတာ ဒီကနေ သက်သေပြလိုက်သလိုပါပဲ" လို့ ပြောသွားတာပါ။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဆူနိုင်းဖာစုကလည်း အခုတရားစီရင်ချက်ဟာ ထိုင်းအစိုးရအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။
"မစ္စတာတပ်ခ်ဆင်နဲ့ သူ့ဇနီးဖြစ်သူတို့အပေါ် တရားရေး ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရေးအတွက် အခြေခံစည်းမျဉ်းကို ပိုပြီး လေးနက် ခိုင်မာစေပါတယ်။ အဂတိ လိုက်စားမှုရှိတဲ့ နိုင်ငံရေး သမားတွေဟာ သူတို့ လုပ်ဆောင်ခဲ့တာတွေကို တချိန်ချိန် ပြန်လည် ပေးဆပ်ရမယ်၊ ဘယ်လောက် နိုင်ငံရေးအရ အခက်ကြုံပါစေ၊ ဒါတွေဟာ ပြန်ပြီးစီရင်ခံရမယ် ဆိုတာ ကျိန်းသေစေပါတယ်။ "အင်္ဂလန်ကို ရောက်နေတဲ့ မစ္စတာတပ်ခ်ဆင်ကတော့ အခု တရားရုံး ဆုံးဖြတ်ချက်ဟာ သူ့အပေါ် နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်ပြီး ဒါကိုလည်း သူ့အနေနဲ့ အတော်ကြာ ကတည်းက မျှော်လင့် ပြီးသားပါလို့ တုံ့ပြန်ခဲ့ပါတယ်။ အခုလို ထိုင်းတရားရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးရဲ့ ထင်မြင်ချက်ကိုလည်း မေးကြည့်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ဒီနေ့ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်။ ဒါပေမယ့် တဖက်မှာ မစ္စတာတပ်ခ်ဆင်က ဒါ သူ့ကို နိုင်ငံရေးအရ သက်သက် လုပ်ကြံတာလို့ ပြောနေပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်က တကယ်တမ်း တရားမျှတမှု ရှိပါသလား၊ ဦးအောင်ထူး ဘယ်လိုယူဆပါလဲ။

"မစ္စတာတပ်ခ်ဆင်ရဲ့ ပြန်လည်တုံ့ပြန်ချက်က တကယ်လို့ ထိုင်းနိုင်ငံ တရားစီရင်ရေးက လွတ်လပ်မှု ကင်းမဲ့နေပြီဆိုရင်တော့ သူပြောတာကို လက်ခံ စဉ်းစားရမှာဖြစ်တယ်။ ကျနော်တို့ သိသလောက်တော့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှုထောင့်က လွတ်လပ်တဲ့ အခြေခံနဲ့ ဖန်တီးပေးထားတယ်၊ နောက် ထိုင်းတရားစီရင်ရေးက အစိုးရ ဘက်ပိုင်းနဲ့ပတ်သက်တဲ့ အမှုတွေကို အရေးယူ ဆောင်ရွက်ရုံသာမက အတိုက်အခံဘက်ကို အစိုးရဘက်က ပြန်လည်တရားစွဲဆိုတဲ့ မှုခင်းတွေကိုလည်း အရေးယူဆောင်ရွက်တာ ဖြစ်တယ်။

"ဥပမာ လူထု ဒီမိုကရေစီ တပ်ပေါင်းစု ခေါင်းဆောင်တွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ အစိုးရက တရားစွဲတာကို တရားရုံးချုပ်က လက်ခံကြားနာ စစ်ဆေးခဲ့သလို နိုင်ငံတော် ပုန်ကန်မှုစွဲချက်ကို ပယ်လိုက်ပေမယ့် အစိုးရရုံးကို ၀င်သိမ်းတဲ့ကိစ္စဟာ အခြားပြစ်မှု မြောက်တာ ကြောင့်မို့ မစ္စတာချမ်လောင်းနဲ့ သူ့ရဲ့ခေါင်းဆောင်တွေကို ဆက်လက် တရားစွဲဆိုထားဆဲ ဖြစ်တယ်။ တရားရုံးက အလယ်ကောင်ကနေ နှစ်ဖက်စလုံးကို ဥပဒေကြောင်းအရ လိုအပ်သလို ဆောင်ရွက်နေတယ်လို့ ပြောလို့ရတယ်။ ဒါ တပိုင်းဖြစ်တယ်။

"နောက်တပိုင်းက ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးနောက်ခံက ငွေကြေးသြဇာသုံးပြီး နိုင်ငံရေး အာဏာ ရယူထားတဲ့ အနေအထားကနေ ရှုပ်ထွေးမှုတွေ ဖြစ်နေတာဖြစ်တယ်။ အဲဒီဟာကို ချေဖျက်ဖို့ ကြိုးစားတဲ့အခါ တရားစီရင်ရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါလာတယ်။"

ဒါပေမယ့်လို့ အခုလို တရားစီရင်မှု ကြောင့်မို့လို့တော့ လက်ရှိဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အစိုးရ လိုလားသူတွေအကြား တင်းမာမှုဟာ လျော့သွားမယ့်အခြေ အနေ မရှိသေးဘူးလို့ ထိုင်းအတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဘီစစ်က ပြောပါတယ်။ လအတန်ကြာ ထိုင်းအစိုးရရုံးကို သိမ်းပိုက်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အခုလက်ရှိအစိုးရဟာ မစ္စတာတပ်ခ်ဆင်ရဲ့ ကိုယ်ပွားတွေဖြစ်တယ် ဆိုပြီး ရာထူးကနေ ဖယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

အခု မစ္စတာတပ်ခ်ဆင်ကို တရားရုံးက ထောင်ဒဏ်အမိန့် ချလိုက်တဲ့အချိန်မှာ အဲဒီ ဆန္ဒပြတဲ့ နေရာမှာရှိတဲ့ အစိုးရ ဆန့်ကျင်ရေးသမားတွေဟာ ၀မ်းသာအားရ ကြွေးကြော်အော်ဟစ်ခဲ့ ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့ရပ်တန့်သွားမယ့် လက္ခဏာ မမြင်ရသေးပါဘူး။


ref: VOA News

0 comments:

အပေါ်သို့