..............................

Wednesday, October 22, 2008

နအဖစစ်တိုင်းမှူးများ ဆက်တိုက်စည်းရုံးရေးဆင်း၊ အပစ်ရပ်အဖွဲ့များလဲစစ်ရေးပြန်လေ့ကျင့်

ဗုဒ္ဓဟူးနေ့၊ 22 အောက်တိုဘာလ 2008

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လက်နက်ကိုင် အပစ်ရပ် တပ်ဖွဲ့များ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ် ရန်/ ပြုပြင်ပြောင်းလဲရန်/ ပြန်လည်ဖွဲ့စည်းရန် နအဖစစ်တိုင်းမှူးတို့ အဆက်မပြတ် စည်းရုံးရေး ဆင်းနေသကဲ့သို့ အပစ်ရပ်အဖွဲ့များ အတွင်း အရာရှိမွမ်းမံသင်တန်းများ၊ စစ်ရေး လေ့ကျင့်မှုများ ပြလုပ်နေသည်ကိုတွေ့ရကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ယခုလ ၁၉ ရက်နေ့က တြိဂံ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း ၊ တြိဂံတိုင်း ဂျီဝမ်း ဗိုလ်မှူးကြီး သန်းထွဋ်သိန်း နှင့် ကျိုင်းတုံခရိုင် မိုင်းခတ် ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းတို့ ၀ ထိန်းချုပ်နယ်မြေ (ပန်ဆန်းတောင်ဘက်) တရုပ်နယ်စပ် အနောက်ဘက် မိုင်းဖျဲန်၊ ဟိုတောင်းသို့ သွားရောက် လည်ပတ်၍ ဒေသခံ ၀ အာဏာပိုင်များနှင့် ထပ်မံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြန်၏။


စစ်ရေးပြ UWSA ၀ တပ်ဖွဲ့

“ကား ၆ စီး ၇ စီးလောက် ပါသွားတယ်။ မိုင်းယန်းမြို့ မြောက်ဘက် မိုင်းဖျဲန်-ဟိုတောင်းကိုသွားပြီး ၀ အရာရှိတွေနဲ့ စကားပြော တယ်။ ပြီးတော့ (တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး) ထိန်းချုပ်နယ်မြေကို ဆက်တိုက်ဖြတ် NDAA အပစ်ရပ် အထူးဒေသ ၄ မိုင်းလား ဌာနချုပ်အထိ ဆင်းသွားတယ်။ မိုင်းလားမှာရှိတဲ့ အကြီးအကဲတွေနဲ့ သွားတွေ့ပြီး ကျိုင်းတုံကို နေ့ချင်း ပြန်သွားတယ်လို့ကြားတယ်” ဟု ကျိုင်းတုံ-မိုင်းလား ကားဆရာ တစ်ဦးက ပြောပြ၏။

အခြားတဖက်တွင်မူ UWSA ထိန်းချုပ်နယ်မြေ (ပန်ဆန်းတောင်ဘက်)မိုင်းပေါက်၌ ပြီးခဲ့သည့် ဂျွန်လမှ စ၍(ပန်ဆန်းဌာနချုပ် နည်းတူ) နိုင်ငံရေးဆိုင်ရာ သဘောတရား ပညာပေးသင်တန်း၊ စစ်ရေး လေ့ကျင့် မွမ်းမံ သင်တန်းများ ပြုလုပ်ခဲ့သည်ဟုဆို၏။

“အခု ၃ သုတ်မြောက် လေ့ကျင့်ပြီးသွားပြီ။ ၁ သုတ်မှာ ကေဒါ ၆၀၀ လောက်ရှိတယ်။ ၁ လကြာတယ်။ တပ်စိပ်မှူးကနေ တပ်ခွဲမှူး အထိ အဲဒီသင်တန်းတွေ သွားတက်ရတယ်”ဟု အပစ်ရပ် ၀ အဖွဲ့နှင့်နီးစပ်သူ ကျိုင်းတုံသားတစ်ဦးက ပြောပြသည်။

၎င်းနှင့်ပတ်သက်၍ တရုပ်နယ်စပ်အခြေစိုက် နိုင်ငံရေး စစ်ရေးလေ့လာသူတစ်ဦးက“ နအဖ စစ်တိုင်းမှူး တွေကလဲအပစ်ရပ် နယ်မြေ တွေထဲအထိ ကွင်းဆင်းစည်းရုံးတယ်။ မြောက်ပိုင်းဝတပ်ဖွဲ့က စစ်ရေးမွမ်းမံ လေ့ကျင့်နေတယ်။ တောင်ပိုင်းဝ တပ်ဖွဲ့တွေ စီးပွါးရေးကိုဘဲ ဇောက်ချ လုပ်နေတာတွေ့ရတယ်။ ဘယ်သူက တကယ်တမ်း ဘယ်လမ်းလျှောက် နေတယ်ဆိုတာ တစ်နှစ်တာကာလအတွင်းမှာ ကောင်းကောင်း သိလာနိုင်တယ်” ဟုဆိုပါသည်။

သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ခေါင်းဆောင်ဗိုလ်မှူးကြီးယွက်စစ်ကလည်း “ အပစ်ရပ်အဖွဲ့ထဲက စီးပွါးရေး သမားနဲ့ မျိုးချစ် ပြည်ချစ်တော်လှန်ရေးသမား တစ်ဦးနဲ့တစ်ဦး ဘယ်လောက် အမှီသဟဲ ပြုနိုင်ကြမယ် ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ကြာရှည်လက် တွဲသွားဖို့တော့ မလွယ်ဘူးလို့ ကျနော် ထင်တယ်” ဟု ယခုလ ၂၀ ရက်နေ့က လွယ်တိုင်းလျဲန်း ဌာနချုပ်၌ ပြောခဲ့သည်။

အလားတူ ယခုလ ၆ ရက်နေ့ကလည်း ရပ်ကွက်၊ ကျေးရွာ၊အုပ်စုဥက္ကဌ အစရှိသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲများ အား သွားရောက်ဆင့်ခေါ် ရှင်းလင်းခဲ့စဉ် ၂၀၁၀ ရွေးကောက်ပွဲပြင်ဆင်မှုရှိရန်၊ တိုင်းရင်းသား များအား နိုင်ငံသားကဒ် လုပ်ပေးရန်၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေးစစ်ဆေးရန်၊ အိမ်ဖုန်းချပေးရန် အကြောင်းပြချက်ဖြင့် တြိဂံစစ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ကိုယ်တိုင် မိုင်းဆတ်-မိုင်းတုံ-နားကောင်းမူး၊ ထိုင်းနယ်စပ် ပါခီးတပ်စခန်းသို့ ကွင်းဆင်း၍ တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသ ၁၇၁ မှ အကြီးအကဲများနှင့် ထမင်းလက်ဆုံ စားခဲ့သေးသည်ဟု ဆို၏။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့