..............................

Wednesday, October 22, 2008

မလေးရှားရောက် မြန်မာအချို့ရဲ့ ရင်တွင်းစကား

နွယ်နွယ်အေး

သွပ်မိုးပြီး သွပ်နဲ့ကာထားတဲ့ ဂိုဒေါင်ဆန်ဆန် အဆောက်အအုံထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ဂရေဟမ်ရဲ့သီချင်းသံက ကြိုဆိုလိုက် ပါတယ်။

တကယ်တော့ စာရေးသူ ကွာလာလမ်ပူမြို့ကနေ အဝေးပြေး ဘတ်စ်ကားနဲ့ သုံးနာရီကျော်လောက် သွားရတဲ့ မွှားဆိုတဲ့မြို့ကလေးရဲ့ အစွန် ပါရစ်ဂျာ မေးလ်ဆိုတဲ့ ရွာကလေးကို ရောက်နေတာပါ။

ညဆိုရင် လမ်းမီးအလင်းရောင်မရှိဘဲ စိုက်ခင်းတွေ၊ ဆီ အုန်းခြံတွေသာများတဲ့ ဒီရွာကလေးက ပရိ ဘောဂစက်ရုံမှာ တရားဝင်လာရောက် အလုပ် လုပ်နေကြတဲ့ မြန်မာလုပ်သား လေးတွေနေတဲ့ အိပ် ဆောင်ကို ရောက်နေတာပါ။ ကွာလာလမ်ပူမြို့နဲ့
ကွာခြားလွန်းလှတဲ့ နေရာလေးက အိပ်ဆောင် ရဲ့တံခါးရွက်မှာတော့ ဆေးအနီရောင်နဲ့မှုတ်ထားတဲ့ 'ရွှေမြန်မာ'ဆိုတဲ့စာတန်းက ကြိုဆိုနေပါတယ်။

အကျယ် ပေ ၂ဝ၊ အရှည်ပေ ၆ဝ လောက်ရှိပြီး လူဝင်လူထွက် တံခါးပေါက် နှစ်ခုကလွဲရင် ပြတင်း ပေါက်မရှိတဲ့ အိပ်ဆောင်ထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ တန်းလျားလို နှစ်ထပ်အိပ်စင်ရှည် နှစ်ခုမှာ ဝတ်လက်စအင်္ကျီ၊ ဘောင်းဘီတွေနဲ့ ပုဆိုးတွေကို တိုးလိုးတွဲလောင်း တွေ့ရပါတယ်။ သစ်တိုသစ်စ တွေနဲ့ ရိုက်ထားတဲ့ သစ်သား ပုံးလေးတွေကို ဗီရိုသဖွယ် ဆင့်ပြီး အဝတ်အစားတွေ ထည့်ထား ပါတယ်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမားအချို့
နေထိုင်သော အဆောင်ကို တွေ့ရစဉ်။
ဓာတ်ပုံ-နွယ်နွယ်အေး

ဒီအိပ်ဆောင်မှာ လူ ၅ဝ ကျော်က လူတစ်ကိုယ် လူးသာလွန့်သာရုံ သုံးပေအကျယ် လောက်စီနဲ့ ကျောချကြရတာပါ။ အဲဒီလို အိပ်ဆောင်မျိုး လေးဆောင်မှာ မြန်မာ ၂ဝဝ လောက်ကို ထားတာလို့ ရောက်နေတာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ ကိုအောင်လတ်က ပြောပါတယ်။ အိမ်သာ လေးလုံးမှာ သုံးလုံးက ပျက်နေတာ ကြာပြီဖြစ်လို့ မနက်ဆိုရင် ရေပုံးဆွဲပြီး ဆီအုန်းခြံတွေဘက် ချုံတိုးရ တယ်လို့ ရယ်ဟဟနဲ့ ပြောရှာပါတယ်။

''နောက်တော့ မနက်စောစော ရေအိမ်သွား တတ်တဲ့အကျင့်ကို ဖျောက်ပြီး စက်ရုံရောက်မှ သွားကြရ တော့တယ်''လို့ သူက ပြောပါတယ်။

ပိုက်ရေက အချိန်နဲ့ပေးတာဖြစ်လို့ မိုးရေကို လှောင်ပြီး သုံးကြရပါတယ်။ ရသလောက် ပိုက်ရေ ကိုတော့ ဦးတဲ့လူက အရင်ချိုး၊ အဝတ်လျှော်ကြ ပါတယ်။ တီဗီကတော့ အဆောင်လိုက် ပိုက်ဆံ ကောက်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်ထားကြတာလို့ အသက် ၂၃ နှစ်အရွယ် လုပ်သားလေး မောင်ဇော်ဇော်က ပြောပါတယ်။

''ဒီကို မလာခင်မှာတော့ ရန်ကုန်က အလုပ် သမားပို့တဲ့ အေဂျင်စီက အရိပ်အောက်မှာ အလုပ် လုပ်ရမှာ။ နေဖို့လည်း မပူရဘူးလို့ဆိုတော့ ဟုတ်ပြီလို့ထင်ခဲ့တာ။ ဒီလည်းရောက်ကော ကျွန်တော် နေတဲ့ရွာက အိမ်ကလေးထက်တောင် ကျဉ်းကျဉ်း ကျပ်ကျပ်နေရတော့ ရောက်စက မျက်ရည် ခဏ ခဏကျခဲ့ရတယ်''လို့ သူက ပြောတယ်။

အရိပ်အောက်မှာ အလုပ်လုပ်ရတာတော့ မှန်ပါရဲ့။ ဒါပေမယ့် တစ်နေ့တစ်နေ့ သစ်မှုန်တွေ၊ ပေါ်လစ်ဆေးနံ့တွေကို ရှူရှိုက်ရင်း အချိန်ကုန်ရ တယ်လို့ မကွေးဘက်ကလာတဲ့ သူက ဆိုပါတယ်။

''ရောက်စက မျက်နှာစည်းဖို့ဆိုပြီး လက်ကိုင် ပဝါတစ်ထည် ပေးတယ်။ တစ်နှစ်ကျော်နေပြီလေ။ နှာခေါင်းစည်းကတော့ အလုပ်ကြီးကြပ်သူတွေနဲ့ မန်နေဂျာအတွက်ပဲ ပေးထားတယ်''လို့ မောင်ဇော်ဇော်က အရောင်လွင့်ပြယ်နေပြီ ဖြစ်တဲ့ လက်ကိုင်ပဝါလေးကို မြှောက်ပြပြီး ပြောပါတယ်။

မနက် ၈ နာရီကနေ ညနေ ၅ နာရီ အထိ အလုပ်ဆင်းရင် ၁၈ ရင်းဂစ် ပေးတယ်လို့ ဆိုပါတယ်။ ည ၉ နာရီအထိ ဆက်ဆင်းရင်တော့ ၁ဝ ရင်းဂစ် ထပ်ပေးပါတယ်တဲ့။ အားလုံးကတော့ ည ၉ နာရီအထိ အမြဲတမ်းအလုပ်ဆင်းကြရ တယ်လို့ ဆိုပါတယ်။ ညနေပိုင်းအလုပ်မဆင်းတာ ရက် ဆက်လာရင် နေ့တွက်ထဲကနေ ၁ဝ ရင်းဂစ် နုတ်တဲ့အတွက် တော်ရုံ အလုပ်မဆင်းဘဲ မနေ ကြပါဘူး။

သူတို့ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မီအောင် မလုပ်ပေးနိုင်ရင် လုပ်ခ လျှော့ခံရပါတယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်မီလို့ ခဏ နားနေရင်လည်း သူဌေးက ထပ်မလုပ်ကောင်း လားဆိုပြီး ငြူစူတယ်လို့ ဆိုပါတယ်။
''မြန်မာတွေက တော်ရုံ အပြောအဆိုမခံဘဲ အလုပ်ကြိုးစားမှန်းသိတော့ တခြား လူမျိုးတွေထက် ပိုခိုင်းတယ်''လို့ ကိုလင်းဝေက ပြောပါတယ်။

ရောက်စက အဲဒီလို အရေအတွက် မပြည့်မီမှာ စိုးပြီး တွန်းလုပ်ရာကနေ စက်ညပ်ပြီး လက်မ ပြတ်သွားလို့ နှစ်လကျော်လောက် လုပ်ခ လစာမရဘဲ နားနေခဲ့ရသေးတယ်လို့ အသက် ၂ဝ အရွယ် မောင်မင်းဇင်က ပြောပါတယ်။

တစ်လလုံး ရက်ပျက်မရှိ အချိန်မှန်ရင် ရင်းဂစ် ၆ဝ ပေးတဲ့အတွက် မနက်ဆို အပြေးအလွှားထပြီး ထမင်းချိုင့် ထည့်ဖို့ ချက်ကြပြုတ်ကြ ရပါတယ်တဲ့။

အလုပ်ခွင်ကယူလာတဲ့ သစ်တိုသစ်စလေးတွေနဲ့ ရိုက်ထားတဲ့ ပုံးသာသာ ကြောင်အိမ်လေးတွေထဲ မှာတော့ သူတို့တွေရဲ့ တစ်ပတ်စာ အာဟာရနဲ့ အိုးခွက်ပန်းကန် လေးတွေ ထည့်ထားပါတယ်။

ရန်ကုန်မြို့ကိုတောင် မလေးရှားလာဖို့အတွက် စီစဉ်တော့မှ ရောက်ဖူးကြတဲ့ သူတို့တွေ အနေနဲ့ သူတို့ကို စီစဉ်ပေးတဲ့ အလုပ်သမား ရှာဖွေရေး အေဂျင်စီတွေကို ယုံကြည်အားကိုးပြီး ဘဝကို အေဂျင်စီတွေလက်ထဲ အပ်ပြီး လာကြတာပါ။

တချို့ဆိုရင် ဒီမှာ လာအလုပ်လုပ်ဖို့ စရိတ်စက အတွက် နယ်က လယ်တွေ၊ နွားတွေ ရောင်းပြီး လာကြရလို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေအောင်၊ အရင်းကျေ အောင်နဲ့ စာချုပ်သက်တမ်း စေ့အောင် မဖြစ်မနေ ဆက်လုပ် နေကြရတယ်လို့ ဆိုပါတယ်။

''ဒါကြောင့် မပျော်လည်း ကြိတ်မှိတ်သည်းခံပြီး လုပ်နေရတာပါ။ သူဌေးကတော့ နိုင်ငံကူးလက်မှတ် စာအုပ် သက်တမ်းရှိတဲ့အထိ လုပ်ပေးရမယ်လို့ ဆိုပါတယ်''လို့ ကိုအောင်ကျော်က ပြောပါတယ်။

အေဂျင်စီကိုပေး ဖို့နဲ့ လေယာဉ်စရိတ်စကတွေ အပါအဝင် စရိတ်စက အားလုံးအတွက် ကျပ် ၁၂ သိန်းလောက် ကုန်ကျခဲ့ပါတယ်တဲ့။

''ကျွန်တော့အနေနဲ့ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင် ဖွင့်ထားတာလည်း တစ်လကို နှစ်သိန်း လောက်တော့ ရတာပါပဲ။ ဒါပေမယ့် ဒီလာလုပ် ရင် ပိုက်ဆံ ပိုရမလားဆိုပြီး ထွက်ခဲ့တာပါ။

''ဒါပေမယ့် ဒီကျတော့ အခြေခံ အလုပ်သမား အလုပ်လည်း လုပ်ရသေးတယ်။ အနေဆင်းရဲ အစား ဆင်းရဲနဲ့လည်း နေရသေးတယ်။ ကျွန်တော့ကို ဒီကိုပို့ပေးတဲ့ အေးဂျင့်ကို ဖုန်းဆက်ပြောပြတော့ မကြိုက်ရင် နောက်အလုပ်ပြောင်း လုပ်ဖို့ပြောပါတယ်။ အဲဒီအတွက် မြန်မာငွေ ကျပ် ၁၅ သိန်း လောက်နဲ့ ညီမျှတဲ့ငွေကို ထပ်ပေးရမယ်လို့ ပြောပါတယ်''လို့ ဒီကိုရောက်တာ သုံးလမပြည့်သေးတဲ့ ကိုဝင်းလွင်က ပြောပါတယ်။

လေဆိပ်မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေး လက်ထဲကို နိုင်ငံကူး လက်မှတ်စာအုပ် အပ်လိုက်တဲ့ အချိန်ကစပြီး ဒီနေ့အထိ စာအုပ်ကို ပြန်မတွေ့ရ တော့ပါဘူးတဲ့။

''မြန်မာပြည်ကလာတဲ့ အလုပ်သမားတွေဆိုရင် လေဆိပ်မှာ အစုလိုက်ထားပြီး သက်ဆိုင်တဲ့ ကုမ္ပဏီက လာခေါ်မှ လူတွေကိုရော၊ နိုင်ငံကူးလက်မှတ် တွေကိုပါ ကုမ္ပဏီက လူလက်ထဲ တန်းအပ်လိုက်တာပါပဲ။ သဘောကတော့ စာချုပ်မပြည့်မချင်း ကိုယ့်သဘောနဲ့ကိုယ် မပြန် ဖြစ်အောင် လုပ်တာပါပဲ'' လို့ ကိုကျော်ဝင်းက ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ရွာမှာ ဝင်ငွေမရှိတာနဲ့စာရင် မလေးရှားမှာ ပိုရှာနိုင်ပြီး တစ်လကို ကျပ်နှစ်သိန်း လောက် ပို့နိုင်တဲ့ သူတွေလည်း ရှိနေပါတယ်။

ref: မြန်မာတိုင်းမ်

0 comments:

အပေါ်သို့