..............................

Sunday, October 19, 2008

ကိုမင်းကိုနိုင်ရဲ့ ၄၆ နှစ်ပြည့် မွေးနေ့ပွဲ ပြည်တွင်း၊ ပြည်ပမှာ ကျင်းပ

2008-10-18

အောက်တိုဘာလ ၁၈ ရက်နေ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဗကသများ အဖွဲ့ချုပ် ဥက္ကဌ ကိုမင်းကိုနိုင်ရဲ့ ၄၆ နှစ်မြောက် မွေးနေ့ ဖြစ်တဲ့အတွက် သူ့မိဘတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေက မွေးနေ့အဖြစ် သံဃာတော်တွေ ဆွမ်းကပ်ကြတယ်လို့ သတင်းရရှိပါတယ်။ ကိုမင်းကိုနိုင်ဟာ ၁၉၈၉ ခုနှစ် မတ်လမှာ စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးခဲ့ပြီး၊ ရန်ကုန် အင်းစိန်ထောင် အထူးတိုက်နဲ့ ရခိုင်ပြည်နယ် စစ်တွေထောင် တိုက်ခန်းတွေမှာ ၁၄ နှစ် ကျော် နေထိုင် ခဲ့ရပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ ပြန်လည် လွတ်မြောက်ခဲ့ပေမယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေးတွေ အတွက် ဆက်လက် လှုပ်ရှားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် သြဂုတ်လမှာ ထပ်မံ ဖမ်းဆီးခံထားရပြီး၊ လက်ရှိ စစ်အစိုးရက စွဲဆိုထားတဲ့ အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဗကသများအဖွဲ့ချုပ် ဥက္ကဌ၊ ကိုမင်းကိုနိုင်

ကိုမင်းကိုနိုင်အိမ်မှာ ပြုလုပ်ခဲ့တဲ့ မွေးနေ့ပွဲနဲ့ ပတ်သက်လို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုရဲ့ ဖခင် ဦးဝင်းမောင်က အခုလိုပြောပါတယ်။

ဦးဝင်းမောင်။ ။ "ကိုပေါ်ဦးက သူ့မွေးနေ့ ဆိုတော့လေ အထဲမှာလည်း ကျွေးမွေးတဲ့ အစီစဉ် သူလက်လှမ်း မှီသလောက် လုပ်တယ်ထင်တယ်၊ မိသားစုနဲ့တွေ့တယ်၊ ဘုန်းကြီးဆွမ်းကပ် တယ်လေ၊ ဆွမ်းကပ်ပြီးတော့ မိသားစု၊ အသိုင်းအဝိုင်း နည်းနည်းလာတဲ့ သူတွေကို ဧည့်ခံ ကျွေးမွေးတယ်။ လူက ၄ဝ-၅ဝ လောက်ပဲရှိပါတယ်။ သိပ်အများကြီး မဖိတ်နိုင်ဘူးလေ၊ မိသားစု အသိုင်းအဝန်းပဲ များပါတယ်။"

၁၉၈၈ ခုနှစ်ကတည်းက ကိုမင်းကိုနိုင်နဲ့ အတူ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ကိုဘိုကြည် ကလည်း အခုလို ပြောပါတယ်။

ကိုဘိုကြည်။ ။ "ကိုမင်းကိုနိုင်က သူ့ရဲ့ မွေးနေ့ပေါင်း မြောက်များစွာကို အကျဉ်းထောင်ထဲ မှာပဲ ဖြတ်သန်းခဲ့ရတယ်။ ဒါဟာ လူငယ်တယောက် အတွက်ရော၊ လူတယောက်အတွက် ရော မဖြစ်သင့်တဲ့ အရာပဲ၊ ဒါပေမယ့်သူက အမှန်တရားတခုကို ရှာဖွေနေရင်းနဲ့ သူ့ရဲ့မွေးနေ့ တွေကို အကျဉ်းထောင် ထဲမှာပဲ အထီးကျန်စွာ ဖြတ်သန်းနေရတဲ့ အပေါ်မှာတော့ ကျနော်တော်တော် စိတ်မကောင်းပါဘူး၊ သူကတော့ သန်း ၅ဝ သော ပြည်သူတွေ လွတ်မြောက် ချမ်းသားဖို့အတွက် ကျိုးစားရင်းနဲ့ သူ့ဘဝကို စတေးခံနေရတာပါ။"

ကိုမင်းကိုနိုင်ဟာ ၂ဝဝ၁ ခုနှစ်မှာ နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ "ကျောင်းသားငြိမ်းချမ်းရေးဆု" နဲ့၊ ၂ဝဝ၅ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ချီးမြှင့်တဲ့ "အရပ်သားသတ္တိရှင်ဆု" အပါအဝင် နိုင်ငံတကာက ချီးမြှင့်တဲ့ စုစုပေါင်း ၅ ဆု ရရှိထားပါတယ်။

ကိုမင်းကိုနိုင်ရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ အသက် ၄၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာ့အရေး လှုပ်ရှားသူတွေ စုပေါင်းပြီးတော့ မြန်မာသံရုံးရှေ့မှာ မွေးနေ့ဆုတောင်းပွဲနဲ့ ဆန္ဒပြပွဲတို့ကို ကျင်းပခဲ့ပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပတာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) ဂျပန်နိုင်ငံက ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

ကိုဘုန်းမြင့်။ ။ "ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ ဖြတ်သန်းမှုတွေ မဟုတ်ဘဲနဲ့ သူရဲ့ ထောင်တွင်း အတွေ့အကြုံ၊ ထောင်တွင်း ဖြတ်သန်းမှုတွေက အင်မတန်မှ ကြီးမားပြီး သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ လုပ်တာဖြစ်တယ်၊ နောက်ပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ လူငယ် မျိုးဆက်သစ် လေးတွေလည်း သူ့ရဲ့အကြောင်းကို သိအောင် ထုတ်ဖေါ်ပြသတဲ့ အနေနဲ့ လုပ်တာလည်း ဖြစ်ပါတယ်၊ နောင်မျိုးဆက်တွေ အကုန်လုံးဟာလည်း ကျနော်တို့တိုင်းပြည် လွတ်မြောက်ရေးအတွက် ကိုမင်းကိုနိုင်လိုပဲ စွန့်စွန့်စားစားနဲ့ ပိုမိုပြီးတော့ လှုပ်ရှားနိုင်တဲ့ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာဖို့ ကျနော်တို့ ဒီအခမ်းအနားကို လုပ်တာဖြစ်ပါတယ်။"

ဒီအခမ်းအနားမှာ ကိုမင်းကိုနိုင်ရဲ့ အထုပတ္တိကို ညီတဝမ်းကွဲတော်သူ ကိုဇော်မင်းထွန်းက ဖတ်ကြားခဲ့ပြီး တက်ရောက်သူ စုစုပေါင်း ၁၅ဝ ကျော်ရှိပါတယ်။

ref: RFA News

0 comments:

အပေါ်သို့