..............................

Friday, January 11, 2013

မြစ်ကြီးနားသွားရထား မိုင်းခွဲခံရလို့ ရဲဝန်ထမ်းတစ်ဦး သေဆုံး

2013-01-10

မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို ခုတ်မောင်းလာတဲ့ နဘား - မြစ်ကြီးနားသွား ရထားအမှတ်- ၄၉ လော်ကယ် (ခေါက်ပြန်) ရထားဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်ဘူတာနဲ့ နန်းခွင်ဘူတာအကြား ကြာကြီးကွင်း တံတား၊ ချောင်းရေပေါက် အနီး မိုင်တိုင် ၆၅၄ နားမှာ (ဇန်နဝါရီ ၉ ရက်) မနေ့ ည ၁၀ နာရီ ၁၅ မိနစ် အချိန်က မိုင်းထောင်ဖောက်ခွဲ ခံခဲ့ရ တယ်လို့ စုံစမ်း သိရှိရပါတယ်။

စက်ခေါင်းတွဲရဲ့နောက်မှာရှိတဲ့ ခရီးသည်တွဲရဲ့ အလယ်တည့်တည့်ကို ဖောက်ခွဲခံရတာဖြစ်ပြီး လူစီးတွဲနဲ့ ကုန်တင်တွဲ အပါအဝင် စုစုပေါင်း ရထားတွဲ ၅ တွဲလမ်းချော် တိမ်းမှောက်ခဲ့ပြီး ရထား ရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့သလို ခရီးသည်တချို့ ဒဏ်ရာ ရခဲ့တယ်လို့ မျက်မြင် ကြုံတွေ့ရတဲ့ ဟိုပင်ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ည ၁၀နာရီ ၁၅မှာကြီးမားတဲ့ အသံကြီးကို ကျွန်တော်တို့ ကြားရတယ်၊ ရထားမှာ လုံခြုံရေးပါသွားတယ်၊ ရထားတွဲ ငါးတွဲ ကတော့ အားလုံး သံလမ်းပေါ်ကနေ ကျပြီးမှ တစ်ချို့က ပက်လက် လန်သွားတယ်၊ တစ်ချို့က လဲကျနေတယ်၊ သံလမ်းကို မိုင်းထောင်ပြီးမှ ခွဲတဲ့ သဘောပါဗျ"

မနက်ဖြန်မှာ ရထားတွေ ပုံမှန်အတိုင်း ပြန်သွားနိုင်ဖို့အတွက် ရထားလမ်းပြင်ဆင်နှေုမှုတွေဟာ ညနေပိုင်း ၆ နာရီလောက်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းကြောင်း မြစ်ကြီးနားဘူတာရုံ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ ရက်သတ္တပတ် ၃ ပတ်အတွင်း ရထားသံလမ်းမိုင်း ခွဲခံရတာဟာ ဒီတစ်ကြိမ်နဲ့ ဆိုရင် လေးကြိမ်မြောက်ဖြစ်ပြီး အခုတစ်ကြိမ်ဟာ အဆိုးဆုံး အခြေအနေလို့ သိရပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့