..............................

Friday, December 21, 2012

ဆေးကုသမှုခံယူနေတဲ့ ဆရာတော်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် သွားရောက် အားပေး

2012-12-20

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒီကနေ့ ဘန်ကောက်မြို့ကို ရောက်ရှိပြီး လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဘန်ကောက်မြို့၊ ဘန်ကောက် ဆေးရုံကြီးမှာ ဆေးဝါး ကုသ ခံနေတဲ့ ဆရာတော် ဦးတိက္ခဥာဏကို သွားရောက်ဖူးတွေ့ အားပေး ခဲ့ပါတယ်။

သူဟာ (၈၈) မျိုးဆက်ကျောင်းသားတွေကိုယ်စား ဆေးကုသနေတဲ့ ဆရာတော် ဦးတိက္ခဥာဏကို အလှူငွေ ဘတ်တစ်သောင်းလည်း လှူဒါန်း ခဲ့ပါတယ်။

ဆရာတော် ဦးတိက္ခဥာဏဟာ ဒီဇင်ဘာ(၁၃)ရက်ညမှာ ဘန်ကောက်ဆေးရုံရောက်ရှိခဲ့ပြီး မီးလောင်ဗုံး ဒါဏ်ရာတွေကို ကုသမှု ခံယူနေရတာပါ။

ဆရာတော်ဦးတိက္ခဥာဏရဲ့ ဆေးဝါးကုသစားရိတ်ဟာ (၂)ရက်ထဲမှာတင် ဘတ်(၁)သန်း(၃)သောင်းကျော် ကုန်ကျ တယ်လို့ မိသားစု ဝင်တွေက RFA ကို ပြောပါတယ်။

ဆရာတော်နဲ့ အခြားဒဏ်ရာရ သံဃာတော်တွေ ဆေးဝါးဆက်လက် ကုသနိုင်ဖို့အတွက်လည်း ဘန်ကောက်မြို့မှာ ခေတ္တ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်နဲ့ ဦးတိက္ခဥာဏ မိသားစုဝင်တွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

ကိုကိုကြီးဟာ မနက်ဖြန် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကိုသွားပြီး မယ်တော်ဆေးခန်း၊ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း စတဲ့ အဖွဲ့အစည်းတွေကို သွားရောက်လေ့လာ မယ်လို့လည်း ပြောပါတယ်။

Ref: RFA News

0 comments:

အပေါ်သို့