..............................

Monday, September 26, 2011

ယူကေမှ ချီးမြှင့်သည့်ဆု ဒေါ်စု ရရှိ

စက်တင်ဘာလ ၂၄ ရက် ၂၀၁၁

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယူကေနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ ပညာရှင်များ ပါဝင် ဖွဲ့စည်း ထားသည့် ထင်ရှားသော အဖွဲ့တခုဖြစ်သည့် Think-Tank အဖွဲ့မှ Chatham House Prize ဆု ပေးအပ်လိုက်သည်။

ရိုက်တာ သတင်းဌာန၏ သောကြာနေ့တွင် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံတကာ ဆက်ဆံရေး တိုးတက် လာစေရန် အားသွန်ခွန်စိုက် အဆောင်ရွက်ခဲ့ဆုံးဟု ယုံကြည်ရသည့် ပုဂ္ဂိုလ်အား နိုင်ငံတကာရေးရာ တော်ဝင်အဖွဲ့မှ နှစ်စဉ် ပေးအပ် ချီးမြှင့်လေ့ ရှိသည့် ဆုဖြစ်ကြောင်း သိရသည်။

ပညာရှင်များ ပါဝင်သည့် ထို Think-Tank အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် နိုင်ငံတကာ သင်္ကေတ တခုဖြစ်လာပြီး ဆုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက်မှ ဒီဇင်ဘာ ၁ ရက်နေ့ တွင် လန်ဒန်မြို့၌ ကျင်းပမည့် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက် လက်ခံမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတွင်းတွင်လည်း ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခြင်း ခံရသည်။ သူ၏ သားများဖြစ်သော အလက်ဇန်းဒါး နှင့် ကင်(မ်) တို့က အော်စလိုမြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် သူမကိုယ်စား နိုဗယ်ဆုကို လက်ခံရယူခဲ့သည်။

“နိုင်ငံတကာ နိုးနိုးကြားကြား ရှိနေမှုက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အထောက်အကူ ပြုနေပြီး ကျမတို့၏ ဒီမိုကရေစီ အရေး ရုန်းကန် လှုပ်ရှားမှုများက ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေး အပေါ် လူသားတိုင်းက တမ်းတနေကြောင်း သိမြင်စေသည်” ဟု ဆုပေးသည့် Think-Tank အဖွဲ့၏ ကြေညာချက်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ Clinton Global Initiative ညီလာခံ ပရိသတ်သို့ ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့သည့် ဗွီဒီယို ထဲတွင် မြန်မာ နိုင်ငံတွင် တိုးတက်မှု တချို့ကို မြင်တွေ့နိုင်သည်ဟု ပြောဆိုခဲ့သော်လည်း ယင်းတို့သည် “အစခရီး၏ အစ” သာ ရှိသေးကြောင်း ဆိုခဲ့ကာ မြန်မာ့ ဒီမိုကရေစီ အရေးကို အာရုံစိုက်ကြရန် တိုက်တွန်း ခဲ့သေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့