..............................

Wednesday, September 28, 2011

ပြည်သူက ဒဏ်ခတ်လိမ့်မယ်

လူထုစိန်ဝင်း
Sunday, 25 September 2011

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်း စားလာခဲ့တယ်။ စကားဝိုင်း တွေမှာလည်း ဒီမိုကရေစီ၊ စာအုပ်တွေ၊ စာစောင်တွေ ထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေ ကြတော့တယ်။

နှစ်ကိုယ်ကြားပဲပြောရ

ဒီမိုကရေစီဆိုတဲ့စကားကို နှစ် ပေါင်း ၅၀ လုံးလုံး ဘယ်သူမှကျယ်ကျယ် မပြောရဲကြဘူး။ တိုးတိုး တိတ်တိတ် နှစ်ကိုယ်ကြားပဲ ပြောကြရတယ်။ အစိုးရ ကိုယ်တိုင်က ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်၊ ဒီမိုကရေစီ အစိုးရမျိုးကို အာဏာ လွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်တဲ့ အချိန်ကစပြီး ဒီမိုကရေစီ ဆိုတဲ့ စကားကို သွေးတိုးစမ်း ပြောလာကြတယ်။ အခုတော့ လူတိုင်း ကျယ်ကျယ် ပြောဝံ့နေကြပြီ။ စာနယ်ဇင်းတွေ ထဲလည်း ရဲရဲကြီးရေး သားဝံ့နေကြပြီ။ ဒါဝမ်းသာစရာ အခြေအနေ ဖြစ်တယ်။ လမ်းလျှောက်တဲ့ အခါ ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းကြရသလို၊ ဒီမိုကရေစီ ခရီးကိုလည်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုး လှမ်းကြရမှာဖြစ်တယ်။

တစ်ဒီတည်းဒီလာကြ

အစိုးရကိုယ်တိုင်က ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ချီတက်မယ်ပြောချိန်ကစပြီး ရှေးက ဒီမိုကရေစီကို နှာခေါင်း ရှုံ့ခဲ့ကြ သူတွေလည်း လေသံပြောင်းပြီး တစ်ဒီတည်း ဒီလာခဲ့ကြတယ်။ ဒီမိုကရေစီ ဖတ်စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးထုတ် လာကြတယ်။ ဒါလည်း ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ ဒီနှစ် ၅၀ အတွင်းမွေးဖွား လာခဲ့ကြသူတွေဟာ လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖောက်ကား စားသောက်ချင်တယ်၊ လွတ်လွတ် လပ်လပ် ပြောချင်ဆိုချင် ရေးချင် ဖတ်ချင်တယ် ဆိုတာ လောက်ကလွဲပြီး ဒီမိုကရေစီ အကြောင်း ဂဃနဏ မသိကြဘူး။

ဖီလာဆန့်ကျင်ဖြစ်

တတ်သိနားလည်သူတွေက ဒီမိုကရေစီအကြောင်း ဟောပြောတာ၊ စာတွေရေးပြတာဟာ ၀မ်းသာအားရ ကြိုဆိုရမယ့် ကိစ္စ ဖြစ်တယ်။ ဒါပေမယ်လို့ အချိန် ကြာလာတဲ့ အခါမှာ ဟောပြောသူတွေနဲ့ ဒီမိုကရေစီ ဖတ်စာရေးသူ အတော် များများဟာ သူတို့ ပါးစပ်က အပ်ကြောင်း ထပ်အောင် ပြောနေကြတဲ့ ''ပြည်သူလူထုကို ဦး ထိပ်ထားတယ်''ဆိုတဲ့ စကားနဲ့ ဖီလာ ဆန့်ကျင်ဖြစ်တဲ့ စကားတွေ ပြောလာကြတာကို မြင်တွေ့ ကြားသိ နေရတယ်။ သူတို့ရေးတဲ့ ဒီမိုကရေစီ ဖတ်စာတွေမှာလည်း အလားတူ ဖတ်ရှုရတယ်။

''ဒီမိုကရေစီလိုချင်ရင် လူတိုင်းနိုင်ငံ ကြီးသားပီသပြီး ဒီမိုကရေစီအသိရှိဖို့ လိုတယ်''
''ဒီမိုကရေစီလိုချင်ရင် လူတိုင်း ပါဝင်လုပ်ဆောင်ကြဖို့ လိုတယ်''
''လူတွေအတွက် သူတို့နဲ့ထိုက် တန်တဲ့အစိုးရကို သူတို့ ရရှိကြမှာ ဖြစ်တယ်''

ဓားမြှောင်နဲ့ ထိုးသလို

ဒီသြ၀ါဒကထာတွေနဲ့ ဒီရေးသားချက်တွေဟာ ပြည်သူလူထုအများစုကြီးကို စော်ကားလိုက်တာ ဖြစ်တယ်။ ပြည်သူတွေ အသုံး မကျလို့ နှစ်ပေါင်း ၅၀ လုံးလုံး တစ်ပါတီ တစ်ဖွဲ့ အာဏာရှင် စနစ်အောက်မှာ ပိပြား နေခဲ့ကြတာ ဖြစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ မြန်မာ လူမျိုးတွေ ပညာရေချိန် နိမ့်ကျသေးလို့ ဒီမိုကရေစီစစ်စစ်နဲ့ မထိုက်တန်သေးဘူး။ "guided democracy" လောက်နဲ့ပဲ သွားရမယ်လို့ ပြောရဲ သူတွေတောင်ရှိတယ်။ ဒီလိုအသံတွေ ကြားရတဲ့ အခါတိုင်း ရင်ထဲမှာ ဓားမြှောင်နဲ့ ထိုးသလို စူးကနဲ စူးကနဲ နာကျင်ရတယ်။

ဦးစီးဦးကိုင်ကောင်း မရှိလို့ မြန်မာ့ ဦးစွန်း မြေခခဲ့ရတဲ့ ပါတော်မူစ အချိန်ကစပြီး မြန်မာ နိုင်ငံသားတွေဟာ တာဝန် ကျေခဲ့ ကြတယ်။ ရရာတုတ်ဓား လက်နက် စွဲကိုင်ပြီး နယ် ချဲ့လာသူတွေကို တွန်းလှန် တိုက်ခိုက် ခဲ့ကြတယ်။ မြန်မာပြည် အလယ်ပိုင်း က အောင်ဆန်းတို့ အဖိုး မင်းကြီးရွှေလရောင်က စပြီး ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသား တွေဟာ အသက်ပေါင်း များစွာ စတေး ခဲ့ကြတယ်။ ဦးစီး ဦးကိုင်ကောင်း မရှိလို့သာ အားမတန် မာန်လျော့ ခဲ့ကြရတယ်။ အဲဒီအချိန်အခါက နန်းတွင်းမှာ အရေးပါခဲ့တဲ့ ကင်းဝန်မင်းကြီး အမှူးပြုတဲ့ ၀န်ကြီးတွေ ၀န်ကလေးတွေက အင်္ဂလိပ်ရဲ့ လစာရိက္ခာတော် ထောက်ပံ့ကြေးကို လက်ခံပြီး တောင်ပေါ် မြေပြန့်က ခုခံ တွန်းလှန်သူတွေကို ရွှေပြည်အေး တရားတွေ လိုက်လံဟောပြောပြီး လက်နက်စွန့်ဖို့ နားချခဲ့ကြတယ်။

ရဲရဲကြီးလိုက်ခဲ့ကြ

အားမတန်လို့ မာန်လျော့ခဲ့ကြပေမယ့် လည်စင်းခံနေကြတာတော့ မဟုတ်ဘူး။ အခါအခွင့် သင့်တိုင်းပုံစံ အမျိုးမျိုးနဲ့ နိုင်ငံရေး တိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေကြတယ်။ ၀ိုင် အမ်ဘီအေခေတ်၊ ဂျီစီဘီအေခေတ် တွေမှာလည်း ပြည်သူတွေက အဲဒီအဖွဲ့ကြီး တွေရဲ့ ဦးဆောင်မှုနောက်က ရဲရဲကြီး လိုက်ခဲ့ကြတယ်။ ရှေ့က ဦးဆောင်သူတွေ ညီညီညွတ်ညွတ် မရှိကြဘဲ ငါးထောင်စား ဖြစ်ဖို့လောက်သာ လုံးပန်း နေခဲ့ကြတာကြောင့် ရေစုန် မျောသွားခဲ့ကြရတယ်။ အဲဒီ နောက်ပေါ်လာတဲ့ 'တို့ဗမာအ စည်းအရုံး' ခေတ်မှာလည်း ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အားပေးခဲ့ကြတယ်။ ဆရာစံရဲ့ တောင်သူလယ်သမား ပုန်ကန်မှုကြီးနဲ့ ရေနံမြေ အလုပ်သမား သပိတ်တိုက်ပွဲကြီး တို့ဟာ ပြည်သူတွေဘက်က ဘယ်လောက် တာဝန်ကျေသလဲ ဆိုတာ ပြလိုက်တဲ့ သက်သေပဲ ဖြစ်တယ်။ အသက်အိုးအိမ် စည်းစိမ်တွေ အများကြီး ဆုံးရှုံးခဲ့ရတဲ့ ပြည်တွင်း စစ်ကြီး ဖြစ်ခဲ့ရတယ်။ အဲဒီကာလတွေ တစ်လျောက်လုံးမှာ ပြည်သူတွေဘက်က တာဝန် ကျေခဲ့ကြတာ ချည်းပဲ။ ရှေ့က ခေါင်းဆောင် လုပ်သူတွေ တပ်လှန့် နှိုးဆော်သံပေး လိုက်တာနဲ့ ပြည်သူတွေ တစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ထွက်လာကြချည်း ဖြစ်တယ်။

ခေါင်းဆောင်တွေခေါင်းရှောင်ကာ

လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်တွေကို ပြန်ကြည့်၊ ပြည်သူတွေ ဘက်ကတာဝန် ကျေခဲ့ကြတာ ချည်းပဲ။ ဦးဆောင် ဦးရွက် ပြုခဲ့ကြသူတွေသာ တာဝန် မကျေခဲ့တာ။ 'ဒီမိုကရေစီ လိုချင်ရင် လူတိုင်း ပါဝင် လုပ်ဆောင်ဖို့ လိုတယ်'' ဆိုတဲ့စကားက ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ ပြောတဲ့ စကားဖြစ်တယ်။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီး တွေ၊ ဒီမိုကရေစီ မိခင် နိုင်ငံကြီးတွေ ဆိုတဲ့ နိုင်ငံတွေမှာလည်း ပြည်သူလူထုက သူတို့ ကိုယ်စားဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်ပြီး လွှတ်တော်ထဲမှာ ဆောင်ရွက်စေတဲ့ 'ကိုယ်စားပြု ဒီမိုကရေစီ' (repre- sentative democracy)စနစ်ကို ကျင့်သုံးနေကြတာ ဖြစ်တယ်။ ရှေးခေါမ ခေတ်ကလို ပြည်သူတွေ အားလုံးပါဝင် ဆုံးဖြတ်တဲ့ 'တိုက်ရိုက် ဒီမိုကရေစီ' (direct democracy) မဟုတ်ပါဘူး။

ရွေးကောက်ပွဲတွေကြည့်ပါ

ဘယ်နိုင်ငံက ဘယ်ပြည်သူတွေမှ နေ့စဉ် တိုင်းရေးပြည်ရာကိစ္စတွေမှာ အချိန်ပြည့် ပါဝင်လုပ်ဆောင်ခြင်း မပြုနိုင်ပါဘူး။ အဲဒီလို ကိုယ်တိုင် အချိန်ပြည့် မလုပ်နိုင်တဲ့အတွက် ကိုယ်စား ဆောင်ရွက်မယ့် သူတွေကို မဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်။ နိုင်ငံရေး သမားတို့၊ နိုင်ငံရေး ပါတီတို့ ဆိုတာ အဲဒါကြောင့် လိုအပ် လာခဲ့ရတာဖြစ်တယ်။ ''လိုချင်ရင် ကိုယ်တိုင် လုပ်ယူ''ဆိုရင် နိုင်ငံရေး သမားနဲ့ နိုင်ငံရေး ပါတီတွေရှိဖို့ ဘယ်လိုအပ်တော့မှာလဲ။ မြန်မာတွေ ဘယ်လောက်နိုင်ငံ ကြီးသားပီသပြီး နိုင်ငံရေး တာဝန် ကျေသလဲဆိုတာ သိချင်ရင် ရွေးကောက်ပွဲ ကျင်းပ ချိန်တွေကို ပြန်ကြည့်လိုက်ပါ။

မဲပေးသူရာနှုန်း

အထက်မှာပြောခဲ့တဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေမှာဖြစ်ဖြစ်၊ ဒီမိုကရေစီ မိခင်နိုင်ငံကြီးတွေမှာ ဖြစ်ဖြစ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါမှာ မဲဆန္ဒပေးသူ အရေအတွက် ၉၀ ရာ ခိုင်နှုန်းရှိတယ်။ ၈၀ ရာခိုင်နှုန်း ရှိတယ် ဆိုတာမျိုး တစ်ကြိမ် တစ်ခါမှ မကြုံဖူး၊ မကြားဖူးပါဘူး။ သူတို့ဆီမှာ အလွန်ဆုံးရှိလှမှ ၆၀ ရာခိုင်နှုန်းကျော် ၇၀ ရာခိုင်နှုန်း လောက်ပါပဲ။ မြန်မာပြည်မှာ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတွေမှာ ဆိုရင် ဖဆပလခေတ် ရွေးကောက်ပွဲ တွေတောင် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်။ အဲဒီနောက်ခေတ် ရွေးကောက်ပွဲ အားလုံးမှာတော့ လာရောက် မဲပေးသူ ရာခိုင်နှုန်း ၈၀ ကျော် ၉၀ ကျော် ရှိခဲ့တာ ချည်းပါပဲ။

ခါတော်မီဂုရုကြီးတွေ

ဒီအချက်တွေက မြန်မာပြည်သူတွေဟာ ဘယ်လောက် တာဝန်ကျေတယ်၊ ဘယ်လောက် နိုင်ငံရေး အသိ ရှိတယ် ဆိုတာကို ပြဆိုတဲ့ ညွှန်းကိန်းတွေပဲ မဟုတ်ဘူးလား။ ဟောကြ၊ ပြောကြ သူတွေနဲ့ ဒီမိုကရေစီ ဖတ်စာအုပ်ရေး ကြသူတွေ အားလုံး ပြည်သူလူထုကို အထင်သေး အမြင်သေးတဲ့ စကားမျိုးတွေ မပြောစေချင်ဘူး။ တကယ် တတ်သိ နားလည်သူတွေက ပြောရင် တော်သေးတယ်။ ဆိုရှယ်လစ် ခေတ်တုန်းက အာဏာပါဝါရှိတဲ့ ဆိုရှယ်လစ်ကြီးတွေကို မျက်နှာ ချိုသွေး တည့်အောင်ပေါင်းပြီး ခေတ်ပျက် ဆိုရှယ်လစ် သူဌေး လုပ်ခဲ့သူတွေက အစိုးရက ဒီမိုကရေစီလည်း ပြောလိုက်ရော ချက်ချင်း ဆိုရှယ်လစ် မျက်နှာဖုံးချွတ်လိုက်ပြီး ခါတော်မီ ဒီမိုကရေစီ ဂုရုကြီးတွေ အနေနဲ့ ဟောကြ၊ ပြောကြ ဒီမိုကရေစီ ဖတ်စာ အုပ်ကြီးတွေ ရေးကြ လုပ်လာကြတယ်။ အဲဒီလူတွေက မြန်မာတွေ ဉာဏ်ရည် နိမ့်ကျသေးတယ်။ ဒီမိုကရေစီ အသိ မရှိသေးဘူး။ လူတိုင်းလူတိုင်း ဒီမိုကရေစီ အသိစိတ်ဓာတ် မြင့်မားနေမှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ် လို့ပြောတာတွေ ကြားရတာကတော့ တော်တော် နားကြားပြင်း ကပ်လှတယ်။

မြောင်းထဲရောက်သွားမယ်

နိုင်ငံတော်သမ္မတအပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေအားလုံး လိုလိုက သူတို့ အားလုံးဟာ ပြည်သူ လူထုက ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်တာကြောင့် ပြည်သူ့ ဆန္ဒကို အမြဲတမ်း လေးစား လိုက်နာရမယ်လို့ အကြိမ်ကြိမ် ပြောနေကြတယ်။ ဒါဟာပြည်သူကို ဦးထိပ်ထားရမယ် ဆိုတဲ့ သဘောဖြစ်တယ်။ ပြည်သူ့အတွက် လုပ်ဆောင်သူတွေကို ပြည်သူက အမြဲ ထောက်ခံ အားပေးမှာ ဖြစ်တယ်။ ပြည်သူ့ ဆန္ဒသဘောထားကို ဂရုမစိုက်ရုံမက ပြည်သူကို နှိမ့်ချ စော်ကားတဲ့ အပြုအမူမျိုး၊ လုပ်ရပ်မျိုး လုပ်ဆောင် လာရင်တော့ ပြည်သူက ဒဏ်ခတ်တာခံရပြီး မြောင်းထဲရောက် သွားမှာ သေချာတယ်လို့ သတိပေး လိုက်ချင်ပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့