..............................

Monday, September 26, 2011

ဆန္ဒပြခွင့် ဥပဒေမူကြမ်း ကန့်သတ်ချက် များစွာပါဝင်

မျိုးသန့်
စနေနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၁


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ တင်သွင်းမည့် 'ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် ဥပဒေမူကြမ်း' တွင် ဆန္ဒပြပွဲ အတွင်း ပါဝင်မည့်သူ ခန့်မှန်း အရေအတွက်နှင့် တရားဟောမည့် သူ၏ ကိုယ်ရေး ရာဇဝင်များကို ကြိုတင်, တင်ပြရန် အပါအဝင် ကန့်သတ်ချက်များစွာ ပါဝင်နေသည်ဟု နေပြည်တော်တွင် လွှတ်တော် တက်ရောက် နေသော အမတ်များက ပြောသည်။

ဥပဒေမူကြမ်းကို လာမည့် တနင်္လာနေ့ အောက်လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်သည်။ အခန်း ၈ ခန်းဖြင့် ဖွဲ့စည်း ထားသည့် ယင်းဥပဒေတွင် ဆန္ဒဖေါ်ထုတ်မည့်သူ အရေ အတွက်ကို ခန့်မှန်း တင်ပြရမည် ဖြစ်ပြီး လှည့်လည် ဆန္ဒ ထုတ်ဖေါ်မည့် လမ်းကြောင်းများနှင့် တရားဟောမည့် နေရာ တရားဟောသူ၏ ကိုယ်ရေး ရာဇဝင် တို့ကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တင်ပြရန် လိုသည်ဟု သိရသည်။

ယင်းအပြင် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည့်ခွင့်နှင့် စပ်လျင်း၍ အစိုးရဌာန အစိုးရ အဖွဲ့အစည်းရုံး၊ အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန ဘာသာရေးနှင့် သက်ဆိုင်သော နေရာများ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်ကမ်း၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါ နေရာတို့ကို အနှောက်အယှက် ဖြစ်စေသည့် နေရာများတွင် 'စီတန်းခွင့်နှင့် စုဝေးခွင့်မရှိ' ဟုလည်း ဥပဒေက ပြဋ္ဌာန်းထားသည်။

'စုဝေးခွင့်နှင့် စီတန်းခွင့်' ဟူ၍ သုံးနှုန်းထားသော စာမျက်နှာ ၇ မျက်နှာပါ ဥပဒေမူကြမ်းသည် ဆန္ဒပြခြင်းကို ဦးဆောင်မည့် သူမှ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးသို့ ၇ ရက်ကြိုတင် အကြောင်းကြားရန် လိုအပ်ပြီး စီတန်း လှည့်လှည်ခွင့် ပြု,မပြုကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက် ရယူပြီးပါက ဥပဒေပါ အချက်အလက်များကို လိုက်နာပါမည့် အကြောင်း ဝန်ခံ လက်မှတ် ထိုးပြီးမှ ဆန္ဒ ဖေါ်ထုတ်ခွင့် ပြုမည် ဖြစ်ခြင်းကြောင့် "ခွင့်ပြုချက် ရယူပြီးပါက ဥပဒေပါ စည်းကမ်းချက် များကို လိုက်နာပါမည် ဟူသည့် ခံဝန်ချက် လက်မှတ် ထိုးရမယ်၊ သူ့ဟာက ဘာမှ မလုပ်ရသေးဘူး။ ဝန်ခံချက် လက်မှတ်ထိုးရမယ် ဆိုကတည်းက အဓိပ္ပါယ်မရှိဘူး" ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အောက်လွှတ် တော်အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

ဆန္ဒဖေါ်ထုတ်ခွင့် နေရာများ ကန့်သတ်ထားသည့် အဆိုပါ ဥပဒေနှင့် ပတ်သက်၍ "စက်ရုံတရုံက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်လို့ ဆန္ဒပြချင်တယ် ဆိုရင် စက်ရုံမှ သွားမပြလို့ ဘယ်နား သွားပြရမလဲ စက်ရုံမှာ ဖြစ်တဲ့အတွက်၊ စက်ရုံနားမှာ သွားပြမှ ဖြစ်တယ်ဆိုတော့ ကျနော်တို့က ဥပဒေနဲ့ လွတ်ကင်းအောင် ဘယ်လို လုပ်ရမလဲ" ဟု ဥပဒေ၏ အားနည်းချက်ကို ဦးခိုင်မောင်ရည်က ထောက်ပြ ပြောဆိုသည်။

ဥပေဒေမူကြမ်းတွင် "အများဖြစ်သူကို အနှောက်အယှက် ဖြစ်စေခြင်း၊ စိတ်ညိုငြင်စေခြင်း အန္တရယ် ဖြစ်စေခြင်း သို့မဟုတ် ထိခိုက် နစ်နာစေခြင်း ဖြစ်စေနိုင်သည့် အပြောအဆို သို့မဟုတ် အပြုအမူ မပြုလုပ်ရ" ဟုလည်း ပြဋ္ဌန်ထားပြီး အများပြည်သူ၏ စိတ်ညိုငြင်မှုကို မည်သို့ တိုင်းတာမည် ဟူသည်ကလည်း တနင်္လာနေ့ အဆိုပါ ဥပဒေမူကြမ်း ဆွေးနွေးပါက မေးခွန်း ထုတ်စရာ ဖြစ်နေသည်ဟု အမတ်များက ပြောသည်။

ဥပဒေမူကြမ်းတွင် "ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှု ထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ် ထက် မပိုသော ထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။

ယင်းဥပဒေမူကြမ်းကို အောက်လွှတ်တော်တွင် ဆွေးနွေးပြီး သဘောတူပါက၊ အထက် လွှတ်တော်၏ သဘောထားကို ရယူအပြီး အထက် လွှတ်တော်မှ သဘောတူပါက ဥပဒေအဖြစ် အသက် ဝင်လာမည်ဖြစ်ပြီး အသေးစိတ်ကို နည်းဥပဒေ အဖြစ် ထပ်မံ ထွက်ရှိ လာဦးမည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့