..............................

Monday, September 26, 2011

မြစ်ဆုံစီမံကိန်း အများဆန္ဒအရ ဆုံးဖြတ်စေလိုဟု ဦးကျော်သူပြော

လင်းသန့်
Friday, 23 September 2011

အစိုးရနှင့် ပြည်သူ ပူးပေါင်း၍ ဧရာဝတီမြစ်ကြီး အရှိန်အဟုန်ဖြင့် စီးဆင်းနိုင်ရေး အများပြည်သူ ဆန္ဒနှင့်အညီ ဆုံးဖြတ်ချက် ချရန် လိုကြောင်း နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ဦးဆောင်သူ တဦးဖြစ်သူ ဦးကျော်သူက ပြောသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နာရေးကူညီမှုအသင်းရုံးတွင် နာရေးကူညီမှု အသင်းနှင့် ဧရာဝတီကို ထာဝရ ရှင်သန် စေလိုသူများ အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ ကျင်းပသော “လူငယ်များရဲ့ ဧရာဝတီ” အမည်ရှိ ဟောပြောပွဲ အခမ်းအနားတွင် ဦးကျော်သူက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ဧရာဝတီရဲ့ကိစ္စကို အစိုးရအနေနဲ့ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ၊ လွှတ်တော်က ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မြန်မာပြည် မြေပုံကြီးကို တည့်တည့် မတ်မတ် ကြည့်ပြီးတော့ အများဆန္ဒအတိုင်း ဆုံးဖြတ်ချက် ချဖို့ပဲ အရေးကြီးပါတယ်” ဟု ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်မြေပုံကို တည့်တည့်မတ်မတ်မကြည့်ဘဲ ဇောက်ထိုးကြည့်လျှင် အစိုးရနှင့် ပြည်သူသည် တကွဲစီ ဖြစ်သွားပြီဟု အဆိုပါ အခမ်းအနားတွင် ဦးကျော်သူက ဆိုသည်။

ယင်းဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်လာသူ ၅၀၀ ခန့်ရှိမည်ဟု ဦးကျော်သူက ပြောသည်။

အခမ်းအနားမှူးအဖြစ် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ အဖွဲ့မှ ကိုစိုင်းရဲကျော်စွာမြင့်က ဆောင်ရွက်ကြောင်း၊ ကဗျာဆရာများက ကဗျာများ ရွတ်ကြကြောင်း၊ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချန်း၊ ရသ၊ ဇေယျာသော် စသူတို့က ဧရာဝတီ အကြောင်း ပြောကြပြီး သီချင်းများဖြင့်လည်း ဖျော်ဖြေကြကြောင်း၊ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့် တို့လည်း ဟောပြောကြောင်း သိရသည်။

တက်ရောက်လာကြသည့် လူငယ်များက ဧရာဝတီဆိုင်ရာ ခံစားမှုများကို အသီးသီး ရင်ဖွင့် ပြောဆိုကြသည်ဟု ဆိုသည်။

“ကျနော်တို့ အများပြည်သူက မေခမြစ်ဆိုရင် မလိခမြစ်ဟာ အစိုးရပါ။ မေခနဲ့ မလိခ၊ ကျနော်တို့က မလိခဆိုရင် မေခက အစိုးရပါ။ မေခနဲ့ မလိခ ဆိုတဲ့ အစိုးရနဲ့ ပြည်သူပေါင်းပြီးမှ ဒီဧရာဝတီ မြစ်ကြီးဟာ အရှိန်အဟုန် ကြီးမားစွာနဲ့ ရှင်သန်ပြီးတော့ ဖြစ်ပေါ်လာတာပါ” ဟု ဦးကျော်သူက ပြောသည်။

ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ ဆရာအောင်သင်း တို့၏ ဧရာဝတီနှင့် ပတ်သတ်၍ လူငယ်များသို့ မှာကြားချက်ကို ရုပ်သံ ပြကွက်များဖြင့် ပြသသည်။

အခမ်းအနားသို့ တက်ရောက်လာသူများက ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်တန့်ပေးရေး သမ္မတထံ လက်မှတ်ထိုး တောင်းဆိုမှု အတွက် ဝိုင်းဝန်း လက်မှတ် ရေးထိုးကြသည်ဟု ဦးကျော်သူက ပြောသည်။

အလားတူ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခြံ၌ ဧရာဝတီနှင့် ပတ်သက်သော ဟောပြောပွဲကို ယနေ့ နံနက်တွင် ကျင်းပကြောင်း၊ ဟောပြောပွဲသို့ တက်ရောက် သူများပြားပြီး ခန်းမအပြည့် ရှိကြောင်း ကာတွန်းဆရာ အော်ပီကျယ်က ဧရာဝတီသို့ ပြောသည်။

“ဟောပြောပွဲမှာ ဆရာ ဦးခင်မောင်ညို၊ ဦးအုန်းတို့အပြင် ကျန်တဲ့သူတွေက ဧရာဝတီနဲ့ ပတ်သက်တာတွေ ဟောပြော ကြပါတယ်” ဟု ကာတွန်းဆရာ အော်ပီကျယ်က ဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့