..............................

Wednesday, June 22, 2011

ပညာရှာ မဲပြာပုဆိုး

အေးနှင်းညို
အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁

မေလကုန် ဇွန်လဆန်းပီဆိုတာနဲ့ ကျောင်းအပ်ဖို့ ကျောင်းအလှူငွေပေးဖို့ ဆိုတာတွေဟာ ကျောင်းသား မိဘတွေကို ခြောက်လှန့် နေတဲ့ အိပ်မက်ဆိုးကြီး ဖြစ်နေတာ အခုဆိုရင် ဆယ်စုနှစ်တွေ ချီနေပါပီ။ ဒါပေမဲ့ ကျောင်းတံခါးတွေလည်း ဖွင့်ရော ကျောင်းဝတ်စုံ အဖြူ အစိမ်းနဲ့ လွယ်အိတ်ကိုယ်စီ လွယ်ပီး ကျောင်းကို သွားနေတဲ့ ကလေးငယ်တွေ မြင်တိုင်း မြင်ရသူကို ကြည်နူး စေတာကတော့ ဘယ်လိုမှ မငြင်းနိုင်တဲ့ သဘာဝ အလှဘဲ ဖြစ်ပါတယ်။

တချိန်ထဲမှာ ကျောင်းတက်ခေါင်းလောင်း ထိုးသံနဲ့အတူ ကျောင်းမှာ ဘာကြေးပေးရမယ်၊ ညာကြေးပေးရမယ် အဲဒါ မပေးရင် ကျောင်းမသွားဘူးနော် ဆိုတဲ့ ကလေးငယ်ရဲ့ အသံနဲ့ ဒီနေ့မပေးပါနဲ့အုံး နောက်ရက်မှ ပေးပါသားရဲ့ သမီးရဲ့ဆိုတဲ့ ကလေး အမေတွေရဲ့ အော်ဟစ် သံတွေဟာ ခေတ်သစ် နံနက်ခင်း တေးသံသာ အဖြစ် ရပ်ကွက် မြို့ရွာတွေမှာ ရှိနေတာကိုလည်း သတိပြုမိကြမှာပါ။

၂ဝ၁၁-၂ဝ၁၂ ပညာသစ်နှစ်မှာတော့ ကျောင်းမဖွင့်ခင် တပတ်လောက်အလိုမှာ ကျောင်းပြဋ္ဌာန်း စာအုပ်တွေ အခမဲ့ ပေးမယ်။ ဘာကြေး ညာကြေး မကောက်ရဘူး၊ နိုင်ငံတကာပညာ အဆင့်မီတဲ့ ပညာတွေ သင်မယ်ဆိုပီး အစိုးရသစ် ပညာရေး ဝန်ကြီးရဲ့ လေတလုံး မိုးတလုံး ကြိမ်းဝါး သံတွေကြောင့် ကျောင်းသားမိဘတွေ အသက်ရှူ ချောင်သလို ခံစား ခဲ့ကြပါတယ်။

ပညာရေးဝန်ကြီး အမိန့်မထုတ်ခင် ကျောင်းသွားအပ်တဲ့ မိဘတွေက ကျောင်းပြဋ္ဌာန်း စာအုပ်ဖိုးတွေ သွင်းခဲ့ရပါတယ်။ ဒီလို ပညာရေး ဝန်ကြီးရဲ့ အမိန့်စာကြောင့် လက်ခံပီးသား ပြဋ္ဌာန်း စာအုပ်ဖိုးတွေ ပြန်ပေးတဲ့ ကျောင်းတွေ ရှိသလို မသိသလိုနဲ့ ပြန်မပေးတဲ့ ကျောင်းတွေလည်း ရှိနေတယ်လို့ မန္တလေးမြို့က ကျောင်းသားမိဘ တဦးက ပြောပြပါတယ်။ တခါ ကျောင်းသားတွေရဲ့ ကျန်းမာရေးကို အထူး အလေးထားတဲ့ အနေနဲ့ ကျောင်းသား အယောက် ၅ဝ ကို အိမ်သာ တလုံးနှုန်းနဲ့ ဆောက်ပေးရမယ် ၊ ကျောင်းသားတွေ အနည်းဆုံး တပတ်တခါ ထမင်းလက်ဆုံ စားဖို့အတွက် ထမင်းစားဆောင် ဆောက်ပေးရမယ် ဆိုတဲ့ ဆိုတဲ့ အမိန့်အတူ ကျောင်းမှာ အလှူငွေ မကောက်ရဘူး ဆိုတဲ့ ဝန်ကြီး အမိန့် ထွက်လာပါတယ်။

အဲဒီတော့ ဒီအမိန့်ကို ဖြည့်ဆည်းဖို့ ဆောက်လုပ်ရေး ဝန်ကြီးကများ တစုံတရာ လုပ်ပေးမလား ဆိုတဲ့ အတွေးမျိုးတွေ
တွေးဖြစ်ရင် တွေးတဲ့သူ အလွဲကြီး လွဲတယ်လို့ ပြောရမှာပါ။ ဒါနဲ့ အဲဒီ အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဆရာ ဆရာမတွေက အလှူငွေ ကောက်ခံဖို့ မရဲတော့ ကျောင်းတွေမှာ ရှိတဲ့ မိဘဆရာ အသင်းက ကျောင်းသား မိဘတွေက ဒီအလှူငွေတွေကို ကောက်ပေးတယ် ဆိုတာ မန္တလေးမြို့က ကျောင်းတွေမှာ ဖြစ်နေပါတယ်။ ဒီလို တဖက်လှည့်နဲ့ အလှူငွေကြေး ကောက်ခံနေတယ် ဆိုတာက ပညာရေးဝန်ကြီး အမိန့်ကို အာခံ လိုက်တာဘဲလို့ ပြောမယ်ဆိုရင် မရနိုင်ဘူးလား။ ကဲပါလေ ဒါကို ထားလိုက်ပါတော့…။

အစိုးရကလည်း အသစ် ဝန်ကြီးတွေကလည်း အသစ်ဆိုတော့ ကျောင်းဝတ်စုံ ပုံစံတွေလည်း သစ်ရမယ်လို့ ဆုံးဖြတ်ချက်များ ချထားသလား အောက်မေ့ရအောင် မူလတန်း ကလေးကနေ အထက်တန်း ကျောင်းသူအထိ မိန်းကလေးတွေ ဝတ်ရမယ့် ထမီက ချိတ်တွေတပ်ပြီး ချုပ်ထားတဲ့ စကပ်ထမီမျိုး မဟုတ်ဘဲ ပတ်ဝတ်ရမယ့် ထမီတဲ့၊ ယောကျာင်္းလေး ဆိုရင် စတစ်ကော်လာ နဲ့ တိုက်ပုံအကျီင်္ နဲ့ ပုဆိုးနဲ့ သားရေဘိနပ် စီးရမယ်၊ လွယ်အိတ်ကလည်း ပြည်တွင်းဖြစ် ဘေးလွယ်အိတ်ဘဲ လွယ်ရမယ် ဆိုတဲ့တွေ တသီ တတန်းကြီး ထွက်လာပါတယ်။

ဒီလို မြန်မာ့ဆန်ဆန် မြန်မာ့ရိုးရာ ဝတ်စုံတွေ ဝတ်ဆင်ခိုင်းတယ် ဆိုတာက ကောင်းတဲ့ ရည်ရွယ်ချက် ဆိုတာ ဘယ်သူမှ မငြင်းပယ် နိုင်ပါဘူး။ ဒါပေမဲ့ ငွေကြေး မတတ်နိုင်တဲ့ မိသားစုက ကလေးငယ်တွေ ကြားမှာ ဂယက် ရိုက်သွား ခဲ့ပါတယ်။ တချို့က အစ်မတွေ အစ်ကိုတွေ အကျ အင်္ကျီတွေ ဝတ်ရတယ်၊ တချို့က ရပ်ကွက်ထဲက ငွေကြေး တတ်နိုင် သူတွေရဲ့ သားသမီးတွေ အင်္ကျီ အဟောင်းတွေကို ဝတ်ပီး ကျောင်းတက်ရတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက်တော့ အခု အမိန့်ဟာ ပြဿနာ ဖြစ်နေပါတယ်။ ဒီလို အခြေအနေမျိုးတွေ မြန်မာနိုင်ငံမြို့ရွာ အနှံ့မှာရှိနေတယ် ဆိုတာ ဝန်ကြီးအသစ်က မေ့သွားလို့ ဒီအမိန့်ကို ထုတ်လိုက်တယ် လို့ဘဲ သတ်မှတ် လိုက်မိပါတယ်။

ကျောင်းတွေ ဖွင်ြ့ပီဆိုတာနဲ့ ပညာရေးဝန်ကြီးက အမြို့မြို့အရွာရွာတွေက ကျောင်းတွေကို လိုက်လံ စစ်ဆေး ပါတော့တယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေး နေ့က မန္တလေးမြို့ပေါ်က ကျောင်းတွေကို ရောက်လာ ခဲ့ပါတယ်။ အဲဒီတော့ ဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို ဝန်ကြီးက အလှူငွေတွေ ပေးရလားလို့ မေးရင် အလှူငွေ ကောက်ခံခြင်း မရှိဘူးဆိုတဲ့ အဖြေမျိုး ပြောခိုင်းသလို ဝန်ကြီး အမိန့် မလာခင် ပြဋ္ဌာန်း စာအုပ်တွေ ဝယ်ထားတဲ့ ကလေးတွေရဲ့ ပြဋ္ဌာန်း စာအုပ်တွေကို အခမဲ့ဆိုတဲ့ တံဆိပ်တွေ ဆရာ ဆရာမတွေက နှိပ်ပေးခဲ့ပါတယ်။ ဒီအဖြစ်ပျက်တွေဟာ တိုင်းပြည် အုပ်ချုပ်နေတဲ့ လူတွေနဲ့ အသိပညာ သင်ပေးနေတဲ့ ဆရာဆရာမတွေ အချင်းချင်း လိမ်ညာ နေတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ အရမ်းနုနယ်တဲ
ကလေးတွေကို လိမ်တတ် ညာတတ်အောင် တနည်းတဖုံ သင်ပေး လိုက်တာမျိုး ဖြစ်နေပါတယ်။

အပိုဝင်ငွေရအောင် ကျူရှင်သင်တဲ့ ဆရာဆရာမတွေကလည်း သူတို့သင်ရတဲ့ ကျောင်းသူကျောင်းသား တွေကို သူတို့ ဘယ်နေရာမှာ ဘယ် အချိန်တွေမှာ ကျူရှင်သင်တယ် ဆိုတာမျိုး ပြောတာတွေကလည်း ပျောက်မသွား သေးပါဘူး။ ဒီလို အပို ဝင်ငွေရအောင် ရှာနေတယ် ဆိုတာကလည်း မိုးထိအောင် မြင့်တက်နေတဲ့ စားဝတ် နေရေးကို ဖြေရှင်းနိုင်ဖို့ ဆရာဆရာမတွေ အခုလို လုပ်ဆောင် နေရတယ် ဆိုတာ နားလည် ပေးနိုင်ပါတယ်လို့ ပြောတဲ့ သူတွေလည်း ရှိနေပါတယ်။ မုန့်လုံး စက္ကူကပ်တဲ့ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေက ကျောင်းပတ်ဝန်း ကျင်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ကျောင်းဖွင့်ချိန် မြင်ကွင်းကို တချက် စွေကြည့်လိုက်မယ်ဆိုရင် ဝတ်စုံတွေပြောင်း ဝတ်ထားတဲ့ အစိုးရသစ်ရဲ့ ၂ဝ၁၁-၂ဝ၁၂ ပညာရေး ညွှန်ကြားချက် တွေက ကျောင်းသူ ကျောင်းသားတွေ အပေါ်ထိ ရောက်တဲ့ ပညာရေး စနစ်မျိုးနဲ့ မသွားနိုင်သေး ဆိုတာ အချိန်မီ သိဖို့ ကောင်းပြီလို့ဘဲ ပြောချင် ပါတော့တယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့