..............................

Friday, June 24, 2011

စစ်ဘေးရှောင် ၁၃၀၀၀ ကျော် KIO ထံ ရောက်

သဲသဲ၊ ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁

မဇ္ဈိမသတင်းဌာန ။ ။ ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်တိုက်ပွဲများကြောင့် စစ်ဘေး ပုန်းရှောင်လာသူ ဒုက္ခသည် ၁၃ဝဝဝ ကျော် ရှိပြီဟု ကချင် လွတ်မြောက်ရေး အဖွဲ့က ပြောသည်။

KIO ဗဟိုကော်မတီဝင်ဖြစ်သူ ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား၏ ပြောဆိုချက် အရ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ ဒေသတွင် ၅ဝဝဝ ကျော်၊ မိုးညှင်းခရိုင် တပ်ရင်း ၅ နယ်မြေတွင် ၂၃ဝဝ ကျော်နှင့် တပ်ရင်း ၃ နယ်မြေ လွယ်ဂျယ် ဒေသတွင် ၆ဝဝဝ ကျော် ရှိသည်ဟုဆိုသည်။

“မြစ်ကြီးနား ဗန်မော်လမ်းမကြီးက လူတွေ အများစုပါတယ်” ဟု ဦးဒွဲပီဆားက ပြောသည်။

ဒုက္ခသည်များမှာ ခန်းမဆောင်များ လိုင်ဇာမြို့တော်ခန်းမ၊ အမှတ်(၃) ဈေး၊ တိုက်ခန်းအလွတ်၊ ဈေးဆိုင်ခန်း အလွတ်များတွင် စုပေါင်း ထားရှိသည်။

KIO ဗဟိုဌာနက ဖွင့်လှစ်ထားသည့် လိုင်ဇာရှိ ဒုက္ခသည်စခန်းများတွင် ဆေးဝါးနှင့် ဆန် အကူအညီ ပေးနေပြီး၊ စစ်ပြေး ဒုက္ခသည်များတွင် ကျောင်းနေသည့် ကလေး ၇ဝဝ ကျော် ပါဝင်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။ အခြား မည်သည့် အဖွဲ့အစည်းထံမှ တစုံတရာ အကူအညီ မရဟု ဆိုသည်။

အစိုးရစစ်တပ်နှင့် KIA တပ်များအကြား ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေး ဒုက္ခသည် များသည် KIO ထိန်းချုပ် ဒေသ တရုတ်-မြန်မာ နယ်စပ်ဘက်သို့ ဦးတည်ကာ ထွက်ပြေး နေကြသည်။

ထွက်ပြေးလာသူများတွင် ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင်ကာ၊ ဒုက္ခသည်များ အတွက် စားရိက္ခာနှင့် အမိုအကာများ အဓိက လိုအပ်နေသည်ဟု KIO က ပြောသည်။

လိုင်ဇာမြို့ရှိ ဒုက္ခသည် စခန်းများတွင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ နေထိုင်မှု၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ကျောင်းသားများ ပညာရေး အကူအညီ ရရှိမှု နောက်ဆုံး အခြေအနေကို ဒုက္ခသည်စခန်း ကျန်းမာရေး တာဝန်ခံ၏ ပြောဆိုချက် များကို တင်ပြ လိုက်ပါသည်။

စားနပ်ရိက္ခာ အခြေအနေ

“အဓိက ကုန်တာက သူတို့အတွက် ရိက္ခာပေါ့နော်၊ ကျွေးမွေးတာကတော။ ဗဟိုကော်မတီဝင်က တရက်ကို လူတယောက်ကို ဆန်နို့ဆီဗူး ၂ ခွက်ပေါ့၊ လူကြီးလူငယ် မခွဲဘဲ အဲလို ဝေပေးတယ်။ စားနပ် ရိက္ခာတွေ ဝေပေးပြီး၊ ဈေးထဲက ဝယ်ပြီး သူတို့ ဘာသာ ချက်စား ကြတယ်ပေါ့။ ကျနော်တို့က ရေတွေ၊ ထင်းတွေ စီစဉ်ပေးပါတယ်။ ပိုက်ဆံပါတဲ့ သူတချို့ကတော့ အပြင်ကနေ ဝယ်စား တာလည်း ရှိတယ်။ ပိုက်ဆံမပါတဲ့ သူတွေကတော့ ကျနော်တို့ ဝေတဲ့ ဆန်ကိုပဲ ချွေတာပြီး စားရတာပေါ့။ လိုင်ဇာ တဝိုက်တင်ပဲ စားနပ်ရိက္ခာ အတွက် တရက်ကို သိန်း ၂ဝ ကျော်လောက် ကုန်တယ်”

နေထိုင်ရေး အခြေအနေ

‘‘အဆောက်အအုံကြီးတွေရဲ့ ခန်းမတွေမှာ၊ လိုင်ဇာမြို့တော်ခန်းမ၊ ဈေးကြီးမှာ၊ တိုက်ခန်းလွတ်တွေမှာ နေရာ ချပေး ထားတာပေါ့။ တချို့က အခင်းတွေ၊ စောင်တွေ၊ ခြင်ထောင်တွေလည်း မပါလာတော့ တမံသလင်းမှာ အိပ်ကြတယ်။ ကြာရင် သူတို့ ကျန်းမာရေး ထိခိုက်မှာဆိုတော့ ဖျာတွေ၊ အခင်းတွေ စီစဉ်ပေးတယ်။ အခုဆိုရင် အများကြီး လိုလာတာပေါ့၊ လောက်တော့ ဘယ်လောက်မလဲ”

“တောထဲမှာ ပြေးရင်းရှောင်ရင်း တောထဲမှာ ပုန်းနေကြတဲ့သူတွေလည်း ရှိသေးတယ်။ ကျနော်တို့ စာရင်းထဲမှာ အဲဒါတွေ မပါသေးဘူး။ သူတို့တွေပါ တက်လာရင် ပိုများ လာမယ်လေ”

ကျန်းမာရေး အခြေအနေ

“ဒုက္ခသည် တော်တော်များများ ရောက်လာတဲ့အခါမှာ ကလေးတွေ ဖျားနာတာ ပိုများတယ်။ ဝမ်းလျှော တာရယ်၊ နောက်ပြီး ငှက်ဖျားဖြစ်တာ၊ အအေးပတ်ပြီး ချောင်းဆိုတာ များပါတယ်။ အများအားဖြင့် သူတို့ ဖြတ်လာတဲ့ ခရီးလမ်းကလည်း ကြမ်းတယ် ဆိုတော့ ၃ ၊ ၄ ရက်လာတာဆိုတော့ တောထဲမှာနေပြီး ဖြတ်လာကြတော့ ကလေးမှာ ဖျားတာ ပိုများတယ်။ ကျနော်တို့ စခန်း ၅ နေရာ ကျန်းမာရေး ဌာနကနေ တာဝန်ယူပြီး အခမဲ့ ကုပေးနေပါတယ်’’

“အခု ဝမ်းလျှောတဲ့ ကလေး ၈ ဦးကို ဆေးရုံတင်ထားရတယ်။ မျက်ခမ်းစပ်ရောဂါ၊ ဝက်သက်လို အရည်ပြား ရောဂါတွေ ကလေးတွေကို ကုပေးရတာ များတယ်။ စခန်းတွေမှာက စားနပ်ရိက္ခာ ပြီးရင် ဒုတိယ အကုန်ဆုံးက ဆေးဝါး ဖြစ်နေတာပေါ့။ လောလောဆယ် ကျနော်တို့ ဌာနက ပေးတာ လောက်ပေမယ့် လူတွေ ဒီ့ထက် များလာရင်၊ ရာသီဥတုကလည်း ဆက်ပြီး မိုးရွာ နေရင်တော့ ဆေးဝါး အတွက်လည်း အတော်လေး အားစိုက်ရမယ့် အခြေအနေ ဖြစ်နေတယ်”

ပညာရေး အခြေအနေ

“မူကြိုကအစ အထက်တန်းအထိ ကလေးတွေကို စာရင်းကောက်ပြီး တတ်နိုင်သလောက် ပညာဆက်သင်လို့ ရအောင် စီစဉ် နေပါတယ်။ လိုင်ဇာမှာဖွင့်ထားတဲ့ ကျောင်းတချို့မှာလည်း သင်ခိုင်းမယ်ပေါ့၊ နောက်ပြီး သင့်တော်တဲ့ နေရာမှာ ကျောင်းဆောက်ပြီး သင်ပေးနိုင်အောင် စီစဉ်နေပါတယ်’’

အကူအညီရရှိမှု

“အခုလောလောဆယ် လာကူတဲ့သူ မရှိသေးဘူး။ ကူမယ်လို့ ပြောသံပဲကြားတယ်။ တကယ့် လက်တွေ့မှာ ဘာမှ မရောက်လာ သေးပါဘူး။ ဒေသခံ အဖွဲ့အစည်းတွေ၊ ပြည်ပက NGO တွေကို အကူအညီ တောင်းထားတာ ရှိပါတယ်။ ရေရှည်အတွက် ကျနော်တို့လည်း ဒီမှာရှိတာနဲ့ ဘယ်လောက်အထိ ကူညီနိုင်မယ် ဆိုတာ ပြောရခက်ပါတယ်’’

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့