..............................

Monday, June 20, 2011

မွေးနေ့သဝဏ်လွှာ အိန္ဒိယသို့ ဒေါ်အောင်ဆန်းစုကြည်ပို့

တနင်္ဂနွေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာပြည် `အကြောက်တရားမှ လွတ်မြောက်ရေး´ အတွက် လှုပ်ရှား ဆောင်ရွက်ကြရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောာင်ဆန်းစုကြည်က အိန္ဒိယ ပြည်သူများ အထူးသဖြင့် အမျိုးသမီးများသို့ သူ၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် အမှာစကား ပါးလိုက်သည်။

အိန္ဒိယနိုင်ငံသည် သူမ၏ နှလုံးသားတွင် အမြဲရှိနေပြီး အိန္ဒိယ အမျိုးသမီးများနှင့် မိတ်ဆွေ ဖြစ်ခဲ့ရမှုကိုလည်း အထူးတလည် သတိတရ ရှိရပါကြောင်း ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် သူမ၏ ၆၆ နှစ်မြောက် မွေးနေ့ ပွဲသို့ ပေးပို့သည့် ဗွီဒီယို သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ အဆိုပါ ဗွီဒီယိုကို တနင်္ဂနွေနေ့ တွင် မြန်မာ့ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူများနှင့် မနူရှီ (MANUSHI) အမျိုးသမီး မဂ္ဂဇင်း တို့နယူးဒေလီမြို့တွင် ပူးတွဲကျင်းပမည့် မွေးနေ့ပွဲ အခမ်းအနားတွင် ပြသသွားမည် ဖြစ်သည်။

`ကျမကို သတိတရ ရှိကြတဲ့အတွက် ကျမ အလွန်ဘဲ ဝမ်းသာပါတယ်´ ဟု သူမ၏မွေးနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပကြမည့် မွေးနေ့ အခမ်းအနားများ ဆွေးနွေးပွဲများကို ရည်ညွှန်းကာ သူမက ပြောကြား ထားသည်။ သို့သော် သူမကို သာမက `မြန်မာပြည်သူများ အားလုံးကိုလည်း သတိရကြလိမ့်မည်´ ဟု သူမမျှော်လင့်ကြောင်း ပြောကြားထားပြီး ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူ အားလုံးကိုလည်း ထိုအရေးအတွက် အတူတကွ ဝိုင်းဝန်း လုပ်ဆောင်ကြရန် သူမက တိုက်တွန်း ပြောကြားထားသည်။

ဤပြောကြားချက်သည် အိန္ဒိယ အဆင့်မြင့် ခေါင်းဆောင်တဦး ရန်ကုန်မြို့သို့ လာရောက်ပြီး အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုများ မပြုလုပ်မီ တရက်အလိုတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အိန္ဒိယ အဆင့်မြင့် ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံဖွယ် ရှိသည်။

ကြာရှည်စွာ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရရာမှာ လွန်ခဲ့သော နိုဝင်ဘာလက မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသားများကိုလည်း အမှတ်ရကြပါရန် အိန္ဒိယ ပြည်သူများကို ပန်ကြား ပြောဆို လိုက်သည်။ အဆိုပါ နိုင်ငံရေး အကျဉ်းသားများသည် ဦးရေအားဖြင့် ၂၀၀၀ ကျော်ရှိပြီး အကျဉ်းထောင်တွင်း အလွန် ဆိုးဝါးသော အခြေအနေတွင် နေထိုင် နေကြရသောကြောင့် သူတို့ လွတ်မြောက်ရန် လိုသည်ဟု ပြောကြားထားသည်။

၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲများဖြင့် တက်လာသော သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ရွေးကောက်ခံ အစိုးရသစ် အဘို့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စသည် ဒီမိုကရေစီ အတွက် မှတ်ကျောက်တင် စမ်းသပ်ခံရမည့် ကိစ္စ ဖြစ်သည်ဟုလည်း သူက ပြောသည်။ ဦးသိန်းစိန်သည် စစ်တပ် ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည်။ ဝေဖန်သူများကမူ အဆိုပါ ရွေးကောက်ပွဲ များနှင့် အစိုးရသစ် ဆိုသည်မှာ မြန်မာနိုင်ငံကို ဆယ်စုနှစ်ပေါင်း များစွာ ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်ကြီးများအတွက် ဟန်ပြမျက်နှာ ဖုံးမျှသာဖြစ်သည်ဟု ဝေဖန် ပြောဆိုကြသည်။

ရှည်လျားသော နယ်စပ်ရှိသည့် မြန်မာ အိန္ဒိယ နှစ်နိုင်ငံသည် ရှည်လျားသော ရင်းနှီးချစ် ကြည်မှု သမိုင်းကြောင်း ရှိကြောင်းလည်း ဒီမိုကရေစီ ခေါင်းဆောင်က ပြောသည်။ အထူးသဖြင့် အမျိုးသမီးများသည် အပြောင်းအလဲ အတွက် ရှေ့ဆောင်သူများနှင့် အပြောင်းအလဲကို ဖန်တီးသူများ ဖြစ်ကြရန်လည်း သူမက တိုက်တွန်း တောင်းဆိုထားသည်။

မွေးနေ့အချိန်အခါ ကျရောက်တိုင်း မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် မည်မျှတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဆိုသည်ကို လေ့လာ သုံးသပ်ရန် အခွင့်အလမ်း တခုကို ရရှိသည်ဟုလည်း သူကပြောသည်။ အောင်မြင်မှု အများအပြား ရရှိခဲ့ပြီ ဖြစ်သော်လည်း နောက်ထပ် လုပ်စရာတွေ လိုနေဆဲပင် ဖြစ်သည်ဟု ဆိုသည်။

`ရှင်တို့ ကူညီကြလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်´ ဟု သူမက ဗွီဒီယို သဝဏ်လွှာတွင် ပြောဆိုထားသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရေး၊ မြန်မာပြည်သူများ `ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေး´ အတွက် ဝိုင်းဝန်း ကူညီကြပါရန်လည်း သူမက ပန်ကြား ပြောဆိုထားသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ကရစ်ရှနား (S.M.Krishna) သည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့တွင် ရောက်ရှိလာမည် ဖြစ်သည်ဟု ဆိုသည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖွယ် ရှိသည်ဟုလည်း ပြောသည်။ သူ့အနေဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်များက ပြောသည်။ ထိုသို့ တွေ့ဆုံခွင့် ရရန်အတွက်လည်း မေတ္တာရပ်ခံလွှာ တစောင်ကို သံတမန် လမ်းကြောင်းများမှတဆင့် နေပြည်တော်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်ဟုလည်း အဆိုပါ သတင်းများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရစ်ရှနားတို့ တွေ့ဆုံဖြစ်ပါက အဆိုပါ တွေ့ဆုံမှုသည် ဆယ်စုနှစ် ၂ ခုကျော်အတွင်း မြန်မာ့ အတိုက်အခံ ခေါင်းဆောင်နှင့် အိန္ဒိယ အဆင့်မြင့် ခေါင်းဆောင်တို့အကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံနှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှု ရှိသည်။ သူမသည် အိန္ဒိယ နိုင်ငံတွင် ၆ဝ စုနှစ်များက စာသင်ကြား ခဲ့ပြီး ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ရေး အတွက် အိန္ဒိယနိုင်ငံ လွတ်မြောက်ရေး တိုက်ပွဲ ဝင်ခဲ့ကြပုံကို အားကျ အတု ယူခဲ့ကာ မဟတ္တမ ဂန္ဓီကြီး၏ အကြမ်းမဖက် တိုက်ပွဲဝင်ရေး ဝါဒကို သက်ဝင် ယုံကြည်သူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝဝ၉ ခုနှစ် မဟတ္တမ ဂန္ဓီဆုနှင့် ၁၉၉၃ ခုနှစ် ဂျဝါဟာလာ နေရူး နိုင်ငံတကာ နားလည်မှုဆု တို့ကို ရရှိထားသူ ဖြစ်သည်။ အိန္ဒိယနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဟူသော ဂုဏ်ပုဒ်နှင့် အညီ နေသည်ကို တွေ့မြင် လိုကြောင်းလည်း သူမက ပြောကြား ထားသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့