..............................

Monday, June 20, 2011

ကချင်ဆရာကို ဖမ်းမည်ဟု ရွာလူကြီး ခြိမ်းခြောက်

မျိုးသန့်
သောကြာနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ နေရပ်သို့ ပြန်ရန် ဖိအားပေးခံရသည့် ကချင် ကျောင်းသူကျောင်းသား များ၏ အုပ်ထိန်းသူ ဖြစ်သည့် ဆရာ တန်ရှင်ဖုန်ကို ရွာလူကြီးမှ ဖမ်းဆီးမည်ဟု ကြာသပတေးနေ့ ည ၆ နာရီခန့်တွင် ဖုန်းဖြင့် ခြိမ်းခြောက်ခဲ့သည်။

ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ဖရာဘွန် ဇာတိဖွား ကျောင်းသားကျောင်းသူ ၁၉ ဦးသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာရှိ နေအိမ် တအိမ်တွင် မေလဆန်းမှ စတင်၍ ငှားရမ်း နေထိုင်ကြပြီး ပညာသင်ကြား နေကြစဉ် ဒေသ အာဏာပိုင်များက နေရင်းပြန်ရန် ဇွန် ၁၄ ရက်နေ့မှ စတင်၍ ကြိုးစားနေခဲ့သည်။

သောကြာနေ့ည မတိုင်မီ လက်ရှိ ငှားရမ်းထားသော နေအိမ်မှ ထွက်ခွာရန်နှင့် မလိုက်နာပါက အုပ်ထိန်းသူ ဆရာ တန်ရှင်ဖုန်ကို ဖမ်းဆီးမည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသားများကို အကူအညီ ပေးနေသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

“ဒီအတိုင်း ရှိနေမယ်ဆိုရင် ခင်ဗျားကို ဖမ်းမယ်လို့ ဖုန်းနဲ့ ပြောတယ်လို့ မနေ့က ကျမဆီ ဖုန်းနဲ့ အကြောင်းကြားတယ်” ဟု ကျောင်းဆရာကို အသိပေး ထားကြောင်း ဒေါ်ဘောက်ဂျာက ဆိုသည်။

ယခုလ ၁၄ ရက်နေ့ကလည်း ဒေသခံ အာဏာပိုင်များနှင့် ရဲများက နေအိမ်မှ ထွက်ခွာပါမည် ဆိုသော ကတိ ဝန်ခံချက်ကို လက်မှတ် ထိုးစေခြင်းကြောင့် တန်ရှင်ဖုန်မှ လက်မှတ် ထိုးပေးခဲ့ရသည် ဟုလည်း ကျောင်းသားများ ငှားရမ်း နေထိုင်သော အိမ်၏ ပိုင်ရှင် ဦးဖလမ်းမင်က ပြောသည်။ အကြောင်းပြချက် မပေးဘဲ အာဏာပိုင်များက ကျောင်းသားများကို ဧည့်စာရင်း တိုင်ခွင့်လည်း ပိတ်ပင်ထားသည်။

ကျောင်းသားများကတော့ “ဖမ်းရင်လည်း ဖမ်းပလေ့စေ၊ အဖမ်းခံလိုက်မယ်” ဟုဆိုကာ အာဏာပိုင်များကို အံတုရန် ဆုံးဖြတ် ထားပုံ ရသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ကချင်ကျောင်းသားများ ပညာသင်ကြားရန် နေထိုင်ခြင်းကို ပိတ်ပင်သည့်အပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားထု တရပ်လုံးအား စော်ကားသည့် လုပ်ရပ်” အဖြစ် ရှုတ်ချလိုက်သည်။

အစိုးရသည် “ အာဏာတည်မြဲရေးအတွက် ဒီမိုကရေစီ လှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက် ထောင်ချနေသလို စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် မိမိတို့လူထုကို ကာကွယ်ရင်း တိုက်ပွဲဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစု များကိုလည်း အရှိန် အဟုန်မြှင့်၍ ထိုးစစ်များ ဆင်လျက် ရှိနေကြသည်” ဟု ပြည်ပ အခြေစိုက် ဗကသ နိုင်ငံခြားရေးရာ ကော်မတီ၏ ကြေညာချက်တွင် ပါရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့