..............................

Thursday, June 23, 2011

ပဲခူးမြစ်ရေလျှံ ရွာ ၂၀ ကျော် ရေကြီး

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးမြစ် ရေလျှံတက်မှုကြောင့် ပဲခူးတိုင်း ကဝမြို့နယ်ရှိ ရွာပေါင်း ၂၀ ကျော်တွင် ရေကြီးမှု ဖြစ်ပွားလျက် ရှိသည်။

ဇွန် ၁၈ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းသဖြင့် နှစ်စဉ်လိုလို ကြုံတွေ့နေရသည့် ရေကြီးမှုသည် ကဝမြို့နယ် တွင်းမှ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲတို့ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ပျိုးစပါးခင်းများ ရေမြုတ် ကုန်တော့သည်။

ဗုဒ္ဓဟူးနေ့တွင်လည်း မိုးရွာသွန်းနေပြန်ရာ မြစ်ရေကျရန် စောင့်နေရသည့် လယ်သမားများအတွက် ကူးသန်း သွားလာရေးပင် ခက်ခဲလာသည်။ ရွာအချို့တွင် ရွာတွင်း သွားလာမှုကိုပင် လှေကို အသုံးပြုနေရသည်။

“နောက် ၃ ရက်လောက်ဆက်တိုက် ဖြစ်နေမယ်ဆိုရင်တော့ ပျိုးပင်တွေ ပုပ်ကုန်တော့မှာပေါ့။ အခုကတော့ လယ်ကန်သင်းတွေကို မြုတ်နေတာ။ ဘာမှ လုပ်လို့မရဘူး။ မိုးကလည်း ၄ ရက်ဆက်တိုက် ရွာနေတာ ခုထိ မနားသေးဘူး” ဟု လယ် ၁၂ ဧက ရေမြုတ် ခံနေရသည့် ကမာကလဲ ရွာမှ လယ်သမား တဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ပဲစိုက်ရာသီတွင် ပဲခူးတိုင်းအတွင်း ပဲသီစိမ်း စိုက်သူများအားလုံး ရာသီဥတုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသလို ရရှိသည့် ပဲတီစိမ်း ဈေးကျမှုနှင့် ကြုံခဲ့ရသော တောင်သူများအတွက် ပျိုးစပါး ဆုံးရှုံးမည့် အခြေအနေ ဖြစ်သည်။

“ မျိုးထပ်ကျဲရရင်တော့ အကြွေး ထပ်တင်ဖို့ပဲ ရှိတယ်” ဟု လယ်သမားတဦးက ပြောသည်။

ပဲခူးမြစ် ရေကြီးမှုသည် ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ ပိုမိုတိုးလာခဲ့သည်။ မြစ်ရေကြမ်းပြင် မြင့်တက် နေသည့် မြစ်ထဲတွင် ပဲခူးမြစ် သည်လည်း အပါအဝင် ဖြစ်ပြီး ရေအနက် ၁၅ ပေခန့်သာရှိပြီး မြစ်အကျယ်မှာ ယခင်က ပေ ၃၀၀ ခန့် ရှိသော်လည်း ရန်ကုန်မြစ်ဝ အဝင်တွင် ပေ ၅ဝခန့်သာ ရှိတော့သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောထားသည်။

ပဲခူးရိုးမတောရှိ သစ်ပင်များကို အဆမတန် ခုတ်ယူ အသုံးပြုနေခြင်းကြောင့် မြစ်အောက်ဘက်ပိုင်းရှိ မြေပြန့် စိုက်ပျိုး ခင်းများတွင် ရေကြီးရေလျှံ ဖြစ်နေခြင်း ဖြစ်ကြောင်း သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း - FREDA မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း က ပြောသည်။

“ဟိုးအရင်တုန်း ကတော့ ပဲခူးရိုးမ တောကြီးက ရှိနေတော့ ရေထိန်းထားတာကိုး အခုတော မရှိတော့ ရေက ဒလဟော ဆင်းတော့ ရေက ပဲခူးမြစ်တင် မကဘူး ကြာရင် ပဲခူးပါ ရေမြုတ်မှာ။ တောကိုထိန်းဘို့ရာ သစ်ပင်ရှိရမယ်။ ချုံပုတ်ရှိရမယ် အနည်းဆုံး မြက်ရှိရမယ်။ အဲဒါတွေထိန်းမှ ရေစီးက တန့်သွားတာကိုး။ အခုဟာ သဘာဝကို ဖျက်ဆီးတဲ့ အတွက် ဆိုးကျိုးတွေ ခံရတာပေါ့” ဟု ဦးအုန်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက် အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီး လောင်စာအဖြစ် အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်း ဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေ တောပေါက်ရာ ပြည်နယ်နှင့် တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့