..............................

Thursday, June 23, 2011

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်၌ လုံခြုံရေး အဓိက ဆွေးနွေး

ဇာနည်မာန်
Wednesday, 22 June 2011

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို မြန်မာ့ မြေအား အသုံးချခွင့် ပေးလိမ့်မည် မဟုတ်ကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပေး ပြောဆို လိုက်သည်။

သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး အက်စ်အမ် ခရစ်ရှ်နား ၏ တနင်္လာနေ့က စတင်သည့် ၃ ရက်ကြာ ခရီးစဉ်အတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ကိစ္စများကို ဆွေးနွေးရာတွင် ယခုကဲ့သို့ အာမခံချက် ပေးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ သတင်းဌာန ပီတီအိုင်က ဖော် ပြသည်။

မြန်မာအစိုးရသစ်၏ အာမခံမှုမှာ အိန္ဒိယအစိုးရမှ ခွဲထွက်ရေးသူပုန်များကို နှိမ်နင်းလိုမှုအပေါ် အမှန်တကယ် သက်ရောက်မှု ရှိမရှိကိုမူ စောင့်ကြည့်ရမည်ဟု နယ်စပ်အရေး လေ့လာသူများက ဆိုသည်။

“အိန္ဒိယထောက်လှမ်းရေးဘက်က အာသံအဖွဲ့ ကချင်ပြည်နယ်ဘက်နဲ့ တရုတ်နယ်စပ် ဘက်မှာ လှုပ်ရှားနေတယ် ဆိုတာ သတင်း တွေ က ရထားတော့ မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စကို ကူညီ ပေးစေချင်တာမှာ မြန်မာ ဘက်ကတော့ သူတို့ မြေထဲ နေခွင့်မပေးဘူး ဆို တာ က သူတို့ အာဏာစက် သက်ရောက်တဲ့ နေရာလား အာဏာစက် မသက်ရောက်တဲ့ နေရာလား ဆိုတာကတော့ ရှိသေးတာပေါ့” ဟု အိန္ဒိယ-မြန်မာနယ်စပ်၌ နေထိုင်သည့် လေ့လာသူတဦးက ပြောသည်။

ခရစ်ရှ်နား၏ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်း ခိုအောင်းနေသည်ဆိုသော အိန္ဒိယခွဲထွက်ရေး အာသံ သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် အိန္ဒိယ အစိုးရက ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမည်ဟု ထုတ်ဖော် ပြောဆိုချိန်နှင့် တိုက်ဆိုင် နေသကဲ့ သို့ တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် နယ်စပ်ဒေသများတွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် မြန်မာ စစ်တပ်တို့၏ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အိန္ဒိယမှ ပြည်နယ်ခွဲထွက်ရေး အာသံသူပုန်အဖွဲ့(ULFA) ခေါင်းဆောင် ပါရက်ရှ် ဘာရူးအာ(Paresh Barua)သည် နာဂ ခွဲထွက်ရေး အဖွဲ့ဖြစ်သော နာဂလန်း အမျိုးသား ဆိုရှယ်လစ် ကောင်စီ အဖွဲ့(NSCN)မှ ကက်ပလန်ဆိုသူ ဦးဆောင်သော ကက်ပလန် အဖွဲ့ NSCN(K)၏ အကူအညီဖြင့် အဆိုပါအဖွဲ့ ခြေကုပ်ယူထားရာ မြန်မာနိုင်ငံ နာဂ တောင်တန်းဒေသများ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ် ၀န်းကျင်တွင် ခိုလှုံ လှုပ်ရှားနေသည် ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုသူတို့ကို မြန်မာ့မြေမှ အပြီးတိုင် ခြေမှုန်းပေးရန် အိန္ဒိယက မြန်မာ အစိုးရအား ချဉ်းကပ်မှုများ တိုး၍ လုပ်ဆောင်လာခဲ့သည်။

ဇွန်လဆန်းပိုင်းက အဆိုပါ ကက်ပလန်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုနှင့်ခေါင်းဆောင်ပိုင်းအပြောင်း အလဲများ ဖြစ်ပေါ်လာသော အခါ အိန္ဒိယ အစိုးရ အနေဖြင့် ထိုအခွင့်ကောင်းကို ယူ၍ ခွဲထွက်ရေး သူပုန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို တိုးမြှင့် လုပ်ဆောင် လိုလာသည်။

ကက်ပလန်အဖွဲ့သည် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂၀၀၁ ခု ဧပြီလတွင် စတင်ခဲ့ပြီး အိန္ဒိယ အစိုးရ ကငြိမ်းချမ်းရေး အတွက် စေ့စပ်ဆွေးနွေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။

“အာသံအဖွဲ့ လှုပ်ရှားတဲ့နေရာတွေက နယ်စပ်နဲ့ နာဂတောင်တန်း၊ ပတ်ကွိုင်တောင်တန်းတွေ၊ အဲ့ဒီကနေမှ စစ်ကိုင်းတိုင်း အထက် ပိုင်း ခန္တီးနဲ့ အဲ့ဒီတဘက် ကချင်ပြည်နယ်၊ အဲ့ဒီကနေမှ တရုတ်နယ်စပ် ဆိုတော့၊ အခုတိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတ၀ိုက် ဆိုတော့ သူတို့အတွက် အခက်အခဲ ရှိမယ်လို့ အိန္ဒိယ အစိုးရက တွက်ပုံရတယ်”ဟု အိန္ဒိယ-မြန်မာနယ်စပ် အရေး လေ့လာသူက ပြောသည်။

နယ်စပ်လုံခြုံရေးနှင့် ခွဲထွက်ရေးသူပုန်များအတွက် စိုးရိမ်မှုများနှင့်အတူ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုများ ကလည်း အိန္ဒိယ အတွက် နေပြည်တော်တွင် ဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်ကြောင်း ထင်ကြေး ပေးမှုများ ရှိသည်။

တိုးမြှင့်လာသည့် တရုတ်-မြန်မာဆက်ဆံရေးနှင့်အတူ မေလအတွင်းက သမ္မတသစ် ဦးသိန်းစိန်၏ ပထမဆုံး အကြိမ် တရုတ်နိုင်ငံ ခရီးစဉ် အတွင်း အရှေ့ အလယ်ပိုင်းဒေသ၊ အာဖရိက တိုက်တို့မှ ထွက်ရှိသည့် ရေနံများအား အိန္ဒိယ သမုဒ္ဒရာကို ဖြတ်၍ သယ်ယူနေ သည့် တရုတ် သင်္ဘောများကို ပင်လယ် ဓားပြများရန်မှ ကာကွယ် စောင့်ရှောက်နေသည့် တရုတ် စစ်သင်္ဘောများ မြန်မာဆိပ်ကမ်း တွင် ဆိုက်ကပ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း Time of India က ရေးသားသည်။

အဆိုပါ ခရီးစဉ်အတွင်း တရုတ်နှင့်မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံများအဖြစ် ဆက်ဆံရေး တိုးမြှင့်ခဲ့သည်။

“တရုတ်နိုင်ငံ ဆက်ဆံရေးအပိုင်းကတော့ သိသိသာသာ မသိရပေမယ့် ဖြစ်ခဲ့တဲ့ ဖြစ်နိုင်တဲ့ ကိစ္စတွေနဲ့ အရင်တုန်းက ထက် တရုတ်မြန်မာ ဆက်ဆံရေးက ပိုတိုး လာတော့ အိန္ဒိယရဲ့ စိုးရိမ်မှုကလည်း ပိုတိုးလာတယ်။ သူ့လုံခြုံရေး အတွက်က မဟာဗျူဟာ နည်းလမ်း ကျတော့ ဦးသိန်းစိန် အစိုးရနဲ့ ဆက်ဆံရေး တိုးတက်လာဖို့ အိန္ဒိယကလည်း ကြိုးစား လာနေတယ်”ဟု နယူးဒေလီရှိ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

အိန္ဒိယ၏ ကျင့်သုံးနေသည့် အရှေ့မျှော်မူဝါဒအရ အလားအလာကောင်းတခုဖြစ်သော ကုလားတန်စီမံကိန်းကို အထူး အားထား လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာတင့်ဆွေက“အရင်က မျှော်လင့်ခဲ့တဲ့ ဓာတ်ငွေ့ဖော်ထုတ်ရေးတွေ၊ ထမံသီ စီမံကိန်းတွေ၊ လီဒိုလမ်း စီမံကိန်းတွေက မရ တော့ဘူးလို ဖြစ်နေတာကိုး။ ဒီတော့ ဒီကုလားတန် စီမံချက်ကိုတော့ ဇောင်းပေးပြီး အောင်မြင်အောင် လုပ်နေတယ်ပေါ့။ ဒါက သူ့ရဲ့ အရှေ့မျှော်မူဝါဒရဲ့ အလားအလာ အကောင်းဆုံးတခု ဖြစ်နေတာကိုး”ဟု လက်ဆက်ပြောဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကုန်ကျမည် ဖြစ်သည့် ကုလားတန် စီမံ ကိန်း အတွက် အကျယ်တ၀င့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း ပြီးစီးသွားပါက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ် ပြည်နယ်မှ တဆင့် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များသို့ ပင်လယ် ထွက်ပေါက်မှ တဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အိန္ဒိယအစိုးရသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းတွင် တည်ဆောက်မည်ဖြစ်သော ထမံသီ ရေအား လျှပ်စစ် စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ်ရှိ စစ်တွေ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေးတို့တွင် ရင်းနှီးမြုပ်နှံမှု အတွက် သဘောတူညီမှုများ ရရှိခဲ့ပြီး မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်မှုများ အတွက် စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ် လိုနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုတ္ထမြောက် အများဆုံးရင်းနှီးမြှုပ်နှံ ထားသည့် နိုင်ငံဖြစ်သည်။

ခရစ်ရှ်နား၏ ခရီးစဉ်အတွင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကူညီမှုနှင့် ပျဉ်းမနား ခရိုင် ရေဆင်း မြို့နယ်တွင် စိုက်ပျိုးရေး သုတေသနဌာန တခုကို အိန္ဒိယ အကူအညီဖြင့် ဖွင့်လှစ်ရန် သဘော တူညီခဲ့သည်။

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာပုထိုးတော်ကို အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံ မှုများပြုလုပ်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာ ကူညီမှုအနေဖြင့် နာဂစ်ဒဏ်သင့်ဒေသများတွင် စားနပ်ရိက္ခာသိုလှောင်မှုအတွက် သဘာဝ ဘေးဒဏ်ခံ အဆင်မြင့် စပါးကျီ ၁၀ ခုကို ပေးလှူခဲ့ပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တာလေမြို့ ငလျင်ဒဏ်သင့် ပြည်သူများ အတွက် ငွေကြေး အကူ အညီများကို ပေးခဲ့ကြောင်းလည်း မြန်မာ အစိုးရ သတင်းစာများက ဖော်ပြသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံသည် မြန်မာပြည်တွင် ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ သိမ်းခဲ့စဉ်က မြန်မာပြည်၏ ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရှေ့တောင် အာရှ ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကြောင့် အရှေ့မျှော်ဝါဒကို ချမှတ်ကာ မြန်မာ အစိုးရနှင့် ဆက်ဆံမှုကို တိုးမြှင့်လာခဲ့သည်။

ခရစ်ရှ်နား၏ ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အစိုးရ သစ်ထံ တင်ပြ တောင်းဆိုထားသည် ဆိုသော်လည်း တွေ့ဆုံခွင့် ရမရကိုမူ မသိရသေးပေ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့