..............................

Monday, April 25, 2011

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က မိုးကြိုမုန်တိုင်း

ရဲဘော် ဖိုးသံချောင်း
April 22, 2011 ။ ။

ကျနော် ဒီကိစ္စကို ရင်ထဲမှာ မြုံထားရတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ၊ မြုံထားရတယ်လို့ ဆိုကတည်းက စိတ်မသက်သာနဲ့။ မတတ်သာလို့ ဆိုတဲ့ အဓိပ္ပါယ်တွေ တွဲလျက် ပါရှိနေတယ်လို့ အောက်မေ့ပါတယ်။

အခုတော့ပြောလို့ရပြီ။ ပြောဖို့ကောင်းပြီလို့ ယူဆလို့ ဆရာ ဒဂုန်တာရာရဲ့မွေးနေ့မှာ ဆရာ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အဖြစ် မှန် တခုကို ရှင်းပြတာ ဖြစ်ပါတယ်၊ ဒါကို ဆရာသိရရင် နားလည်းနားလည်နိုင်မယ်။ စိတ်လည်း ချမ်းသာမယ်လို့ ထင်ပါ တယ်၊

အဖြစ်မှန်ဆိုတိုင်း နေရာမရွေး၊ အချိန်မရွေးပြောနေလို့ မဖြစ်ပါဘူး။ အဖက်ဖက် ထောက်ထားရ။ ချင့်ချိန်ရတာတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ သမိုင်းဆိုင်ရာတွေမှာ ဖြစ်ပါတယ်။

ကျနော်ပြောချင်တာက “မိုးကြိုမုန်တိုင်း” ကိစ္စပါ။ ၁၉၇၄ ခုနှစ်ထဲမှာထွက်တဲ့ ဒီစာအုပ် အကြောင်းကို အခုနောက်ပိုင်းလူတွေ ဖတ်ဖူး၊ ကြားဖူး ကြသလား ကျနော် အသေအချာ မသိပါ။ ဒါပေမဲ့ တချိန်တုန်းကတော့ မုန်တိုင်းတခု ဖော်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဒီစာအုပ် တအုပ် ပေါ်ခဲ့ဖူးပါတယ်။ ပါဝင် ရေးသားသူတွေက ဆယ်ယောက် ကျော်ပါတယ်။ ကျနော် နာမည် တွေ မပြောတော့ပါ။ ဒီအထဲမှာ အဲဒီတုန်းက စာပေ လောကမှာ နာမည်ရပြီးတဲ့လူ အင်မတန်နည်းပြီး နိုင်ငံရေးနယ်ပယ် ကလို့ ဆိုရမယ့်လူတွေက များပါတယ်၊ ကျနော်နဲ့ ရင်းနှီးတဲ့ ကိုကိုးကျွန်းပြန် အများအပြား ပါကြပါတယ်။

ဒီစာအုပ်ထဲက ဆောင်းပါးတွေဟာ အဲဒီတုန်းက နာမည်ကြီးတဲ့ စာရေးဆရာတွေ၊ အထူးသဖြင့် လက်ဝဲနွယ်တဲ့ စာရေး ဆရာတွေရဲ့ လက်ရာတွေကို ဝေဖန် တိုက်ခိုက်ထားတာ ဖြစ်ပါတယ်၊ အဝေဖန် ခံရသူတွေထဲမှာ (ကလောင်နာမည်ရင်း နဲ့ပဲ ရေးခွင့်ပြုပါ) ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဂျာနယ်ကျော်မမလေး၊ မြသန်းတင့်၊ မြဇင် စသူတွေ ပါဝင်ပါတယ်။ စာအုပ်တွေကို နိုင်ငံရေး ရှုထောင့် သက်သက်ကနေ ဝေဖန် တိုက်ခိုက်တာလို့ ပြောရင် ရမလားပါပဲ။

ရေးသူတွေထဲမှာ ကိုကိုးကျွန်းပြန်၊ ကျနော်နဲ့ အင်မတန်ရင်းနှီးသူတွေ ပါတာမို့ သူတို့ စာအုပ်ကို ပြင်ဆင်စဉ်မှာပဲ အဲဒီအ ထဲက ရဲဘော် ၂ ယောက်၊ ၃ ယောက် မန္တလေးကိုလာပြီး ဒီကိစ္စ ကျနော်ကို ပြောပြပြီး အကြံဥာဏ် တောင်းတာမျိုးလုပ် ပါတယ်။ နောက်ပြီး ကျနော့် ကိုလည်း ပါတီရဲ့ (ဗမာပြည် ကွန်မြူနစ်ပါတီရဲ့) သဘောထား သိရရင် ကောင်းမှာပဲ ဆိုတာ မျိုး ပြောပါတယ်။ အဲဒီတုန်းက ကျနော်တို့ဟာ ပဲခူးရိုးမ ဗဟိုနဲ့ရော၊ အရှေ့မြောက် စစ်ဒေသနဲ့ပါ အဆက်အသွယ် ရှိပါတယ်။ ဒါပေမဲ့ မြေအောက် လုပ်ငန်း ထုံးစံအတိုင်း သူတို့ကို ကျနော့်မှာ အဆက်အသွယ် ရှိကြောင်း ပြောမပြလိုက်ပါ။ ကိုယ့်စိတ်ထဲမှာ တမျိုးကြီးလို ခံစားရတာက တကြောင်း၊ စာမူတွေကို ဖတ်ရသေးတာ မဟုတ်လို့က တကြောင်း ကျနော့် သဘောထားကို မတင်မကျပဲ ပြောပြ လိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ပါတီကို အတတ်နိုင်ဆုံး အမြန်ဆုံးနည်းနဲ့ သတင်းပို့ သဘောထား မေးခဲ့ပါတယ်။ အမြန်ဆုံး ဆိုပေမဲ့ ဆက်သားလွှတ် ပြောရတာမို့ သိပ်တော့ မမြန်ပါဘူး၊ ၄-၅ လ လောက်ကြာတယ် ထင်ပါတယ်။

သူတို့ဟာ မန္တလေးအပြင် ပျဉ်းမနား၊ မြင်းခြံစတဲ့နေရာတွေကိုပါ လူခွဲဆင်းသွားပြီး ဒီကိစ္စကို ရှင်းပြ ကြပါတယ်။ ထောက် ခံမဲ တောင်းတဲ့ သဘောနဲ့ တူပါတယ်၊ ဒါပေမဲ့ နယ်တွေက သူတို့ကို ဆန့်ကျင်ကြောင်း။ သဘော မတူကြောင်းပဲ ပြော လိုက်ကြပါတယ်။

ပါတီက ကျနော်တို့ဆီကို ဒီဟာ မလုပ်သင့်ကြောင့် မဆိုင်းမတွ အကြောင်းပြန်ပါတယ်။ သူ့ခေတ်သူ့ အခါနဲ့ ရေးခဲ့တာ တွေကို (ဥပမာ ဒဂုန်တာရာရဲ့‘မေ’) ကို နောက်ပိုင်းခေတ် ပေတံနဲ့တိုင်းတာမျိုး မဖြစ်သင့်ကြောင်း၊ နောက်ပြီး ဒီလူ အားလုံးဟာ ရန်သူတွေ မဟုတ်ကြောင်း။ ဒါကြောင့် တားနိုင်ရင် တားဖို့လည်း ပြောပါတယ်။ ဒီလိုနဲ့ ဒီသဘောထားကို သိသိချင်း ကျနော် ရန်ကုန်ကို ဆင်းသွားပါတယ်။ အဲဒီ အခေါက်ဟာ ကျနော် ကိုကိုးကျွန်းက ထွက်လာပြီးတဲ့နောက် နောက်ဆုံး အကြိမ် ရန်ကုန်ကို သွားတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာပါတီနဲ့ အဆက်အသွယ် ရှိနေပြီမို့ ရန် ကုန်ကို အရမ်းမသွားပါ။ နောက်ပြီး အဲဒီတုန်းက လူထု လှုပ်ရှားမှုတွေလည်း တခြိမ်းခြိမ် ဖြစ်နေတာမို့ ကျနော်လိုလူ အနေနဲ့ လှုပ်ရှားမှုများရင် ထောက်လှမ်းရေးက အာရုံစိုက်မှာ စိုးရပါတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ အရေးကြီးတဲ့အပြင် ကျနော်နဲ့လည်း လူပုဂ္ဂိုလ်ချင်း ရင်းနှီးတာမို့ ကျနော့်ကိုပဲ ဆင်းသွားဖို့ တာဝန် ပေးကြပါတယ်၊

ဒါပေမဲ့ ကျနော်ဟိုကိုရောက်တော့ စာအုပ်ကရိုက်ပြီး၊ ချုပ်ပြီးနေပါပြီ။ ကျနော် နောက်ကျ သွားပါတယ်။ ကျနော်က ပါတီ ရဲ့ သဘောထား ဒီလိုရှိကြောင်း ပြောပြလို့ရတဲ့ လူတွေကို ပြောပြတော့ သူတို့ ငိုင်သွားကြပါတယ်။ ဒီလိုနဲ့ အဲဒီစာမူတွေ ဟာ စာအုပ် အဖြစ်ကို ရောက်ရှိ သွားပါတယ်။ ဒါပေမဲ့ စာအုပ် ဆိုင်တွေပေါ်တော့ မရောက်လိုက်ရပါဘူး။ စာပေစိစစ် ရေးက ခွင့်မပြုလို့ပါ။ ဒီလိုနဲ့ စာအုပ် ဆယ်ဂဏန်းလောက် ကိုသာ တိုးတိုးတိတ်တိတ် ဖြန့်လိုက် ရပါတယ်။ စာပေလော ကမှာ ကြီးကြီးမားမား ဂယက်ရိုက်တာ မတွေ့ခဲ့ရပါဘူး။ လက်ဝဲသမားတွေ လောကမှာပဲ ပြောစရာဆိုစရာ ဖြစ်ခဲ့တာ မှတ် မိနေပါတယ်။ ကျနော် ထိတွေ့ ရသလောက်ဆိုရင် ဒီစာအုပ်ထဲက အယူအဆတွေကို ထောက်ခံတဲ့လူ အင်မတန်ကို နည်းပါတယ်။ ပြင်းပြင်းထန်ထန် ဆန့်ကျင်သူနဲ့၊ ဘာမှ မပြောချင်လို့ မပြောသူ သာများပါတယ်။

သေချာတာတခုကတော့ အဲဒီစာအုပ်ဟာ စာပေလောကအတွက်ရော လက်ဝဲနိုင်ငံရေး သမားတွေ အတွက်ပါ ဘာမှ အကျိုး မပြုခဲ့တာ အမှန်ပါပဲ၊ ညီညွတ်ရေးထက် သွေးကွဲမှုကိုသာ ဖြစ်စေခဲ့ပါတယ်။

ဒီစာအုပ်ပါအယူအဆတွေဟာ ဘယ်မှာမြစ်ဖျားခံလို့ ဘယ်လိုအခြေအနေ အောက်မှာ ရေးကြတယ် ဆိုတာ ကျနော် သိတယ်လို့ ဆိုရင် မမှားဘူး ထင်ပါတယ်၊ တွေးခေါ်မှုနဲ့ လုပ်ဟန်ဟာ တရုတ်ပြည် ယဉ်ကျေးမှု တော်လှန်ရေးမှာ မြစ်ဖျား ခံတာပါ၊ နောက်ပြီး အဲဒါတွေကို ဗမာပြည် လက်တွေ့ အခြေအနေနဲ့ ပေါင်းစပ်တယ်လို့ ပြောချင်ကြတာ ဖြစ်ပါတယ်။ ထောင့် အသီးသီးက တုန့်ပြန်ချက် တွေကို သိရတဲ့ အတွက် ရေးသူတွေဟာ မကြာမီမှာပဲ သူတို့မှားကြောင်း သဘောပေါက် သွားကြ တာကိုလည်း ကျနော်သတိရ နေပါတယ်။ ဒီလိုနဲ့ စာအုပ်ဖြစ်ပြီးလို့ များမကြာခင်မှာပဲ အဲဒီတုန်းက ပါဝင်ခဲ့သူတွေဟာ အဲဒီလုပ်ငန်းကို စံထားပြန်ပြောကြတာ မကြားရတော့ပါဘူး။

ကျနော် အခု ဒါကိုရေးနေတာဟာ မိုးကြိုမုန်တိုင်း စာအုပ်ကို ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ညွန်ကြားချက်နဲ့၊ ဒါမှမဟုတ် သဘော ထားနဲ့ ရေးကြ၊ ထုတ်ကြတာလို့ အဲဒီတုန်းက တချို့က ထင်မြင်ယူဆ နေခဲ့ကြတာတွေ ရှိဖူးလို့ ဒီလိုမဟုတ်တဲ့ အကြောင်း ဖြေရှင်းတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရေးသူတွေကို အပြစ်တင်တာ မဟုတ်ပါဘူး။ ဒီနေ့အခါမှာ သူတို့ (တချို့ကွယ်လွန်ပါပြီ) ဘယ်လို စဉ်းစားတယ် ဆိုတာကို ကျနော်တို့ သိနေကြတာပါ။ သူတို့နဲ့ သူတို့ ဝေဖန်ခဲ့တဲ့ စာရေး ဆရာကြီးများရဲ့ နောက်ပိုင်း ဆက်ဆံရေး တွေကိုလည်း ကျနော်တို့ သိနေကြပါတယ်။

အခုပြန်ကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ – ၄၀ က နတ်နေကိုင်းတွေဟာ နတ်နေကိုင်း ဖြစ်မြဲ ဖြစ်နေ ကြပါတယ်။

ဒါ တကယ့်သမိုင်းပါ။

ရဲဘော် ဖိုးသံချောင်း

Ref: နေ့သစ်

0 comments:

အပေါ်သို့