..............................

Thursday, April 28, 2011

ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာရရေး လာဘ်ထိုးမှုများရှိ

ဟိန်းဇော်
Wednesday, 27 April 2011

အစိုးရသစ် တက်လာပြီးနောက် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ရယက) ရုံးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖြစ်သို့ ပြောင်းလဲခဲ့ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးများကို လာမည့် မေလ ၁၀ ရက်နေ့တွင် နိုင်ငံတ၀န်း စတင် ခန့်အပ်တော့မည်ဖြစ် သောကြောင့် ယင်းနေရာ ရလိုသူများက ငွေကြေး လာဘ်လာဘ ပေး၍ ကြိုးပမ်း နေကြကြောင်း သိရှိရသည်။

ပြောင်းလဲခန့်ထားမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ ရလိုသူများက သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ် ရေး ဦးစီး ဌာနများတွင် ငွေကြေး လာဘ်လာဘပေး၍ ဆောင်ရွက် နေကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေရာရရှိရေး ဆောင်ရွက်သူတဦးက ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေကို အသစ်ခန့်ထားမယ်။ လက်ရှိ ရပ်ကွက် ဥက္ကဌတွေက ပြုတ်မယ်။ အခု ခန့်စာ ရောက်နေပြီ။ လိုက်ကြတာ ပိုက်ဆံတော့ တော်တော် ကုန်တယ်”ဟု ၎င်းက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူရမည့်သူများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းသူ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ လူထု၏ ထောက်ခံမှု အပြည့်အဝ ရရှိသူများကိုသာ ခန့်အပ် သွားမည်ဖြစ်ကြောင်း၊ လစာ အနေဖြင့် ကျပ် ၅၀၀၀၀ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် အုပ်ချုပ်ရေးမှူး တဦး၊ အဖွဲ့ဝင်နှစ်ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူးကို ခန့်အပ်ရွေးချယ်ရာတွင် ရပ်ကွက်က ကြည်ညို လေးစား သူ ဖြစ်ရန်နှင့် အများပြည်သူ၏ ထောက်ခံချက် ရယူရမည် ဖြစ်ကြောင်း၊ ခရိုင် နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များကိုမူ နိုင်ငံ့ ၀န်ထမ်းများ ထဲမှ ခန့်အပ်သွားရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရ အတည်ပြုထားသော၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၈၈ အရ ခရိုင် အဆင့်ဆင့်၊ မြို့နယ် အဆင့်ဆင့် တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စု ၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာ၊ သမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည် ဖြစ်ကြောင်း ပါရှိသည်။

အစိုးရသစ် တာဝန်ယူပြီးနောက် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော ဆိုင်းဘုတ်များကို ရန်ကုန်နှင့် တခြား သော ဒေသများ၌ ပြီးခဲ့သည့် မတ်လ ၃၀ တွင်ဖြုတ်ချခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဟု ဆိုင်းဘုတ် အသစ်များကို ပြောင်းလဲ တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်။

မတ်လ ၃၀ ရက်နေ့က သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်း လိုက်ကြောင်း၊ အာဏာ လွှဲပြောင်း လိုက်ချိန်မှ စ၍ နအဖ အစိုးရ အဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း အစိုးရ မီဒီယာများတွင် ကြေညာခဲ့ပြီးဖြစ်သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့