..............................

Monday, April 25, 2011

ထိုင်းနဲ့ ကမ္ဘောဒီးယား ၃ ရက်ဆက် တိုက်ပွဲဖြစ်

တနင်္ဂနွေ, 24 ဧပြီ 2011

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာမှာ တနင်္ဂနွေနေ့က ၃ ရက်မြောက်နေ့ အဖြစ်နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ၂ ဘက်စလုံးက စစ်သား အနည်းဆုံး ၁၀ ယောက်လောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ အရပ်သားတွေလည်း အဲဒီ တိုက်ပွဲဖြစ်တဲ့ နေရာတွေကနေ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုတွေ ဘာကြောင့် စဖြစ်တယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ၂ ဘက်စလုံးက တဘက်ကို တဘက် အပြန်အလှန် အပြစ် ပုံချနေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ လောက်က တည်ဆောက်ခဲ့တဲ့ ဖရ၀ိဟာရ (Preah Vihear) စေတီနဲ့ ၉၃ မိုင်လောက်ဝေးတဲ့ နေရာမှာ တိုက်ပွဲ ဖြစ်ပွား နေတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက အဲဒီနေရာမှာ ဖြစ်ပွားခဲ့တဲ့ ၄ ရက်ကြာ တိုက်ပွဲတွေအပြီး လူတွေ အသေအပျောက် ရှိခဲ့ပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ ထပ်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

နယ်စပ်တိုက်ပွဲတွေ အခုလို ဖြစ်ပေါ်လာအောင် စတင် လုပ်ဆောင်တဲ့အပေါ် ၂ ဘက်စလုံးက အပြန်အလှန် စွပ်စွဲ ပြောဆိုနေမှုတွေ ထွက်ပေါ်နေပါတယ်။

အိမ်နီးချင်း ၂ နိုင်ငံအကြား အခုလိုဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်း လိုက်ပြီး ဒီပြဿနာ ပြေလည်ရေးအတွက် ၂ ဘက် အလေးအနက် ဆွေးနွေးကြဖို့ စနေနေ့က တောင်းဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပဋိပက္ခနောက်ပိုင်း ဒီပြဿနာ ပြေလည်ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံအဖွဲ့ကို မစ္စတာ ဘန်ကီမွန်းက တောင်းဆို ခဲ့ပါသေးတယ်။

Ref: VOA News

0 comments:

အပေါ်သို့