..............................

Monday, April 25, 2011

၈၈ ကျောင်းသား ခေါင်းဆောင်များ ကျန်းမာရေး ဆိုးဝါးနေ

ရန်ပိုင်
Friday, 22 April 2011

ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်သည် နှလုံး ရောဂါကြောင့် မူးဝေသည့် ဝေဒနာကို ခံစားနေရကြောင်း မိသားစုဝင် တဦးက ပြောသည်။

ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“နှလုံးခုန်ချက်တွေ မြန်ပြီး ခေါင်းတွေမူးတဲ့ ဝေဒနာကို ခံနေရတာ” ဟု ဆိုသည်။

ထိုဝေဒနာအတွက် မိသားစုထံမှ ဆေးဝါးများမှာယူခဲရပြီး ထောင်အာဏာပိုင်များ ကလည်း ကုသ ပေးကြောင်း ဒေါ်ကြည်ကြည်ညွန့်က ဆက်လက် ပြောပြသည်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသစ် အာဏာလွှဲပြောင်းရယူခဲ့သည်ကို သတင်းစာနှင့် ဂျာနယ်မှ တဆင့် သိရကြောင်း၊ အစိုးရသစ် ၀န်ကြီးအသစ်များ လွှဲပြောင်း တာဝန် ယူခဲ့သော်လည်း အကျဉ်းထောင် အုပ်ချုပ်ရေး အပါအ၀င် မည်သည့် ပြောင်းလဲမှုများမှ ဖြစ်ပေါ် မလာသေးကြောင်း ကိုမင်းကိုနိုင်က ဆိုသည်ဟုလည်း ၎င်းက ပြောသည်။

ကျိုင်းတုံ အကျဉ်းထောင်တွင် အစိုးရထုတ် သတင်းစာများကို ၂ ရက်တကြိမ်ဖတ်ခွင့် ရကြောင်းနှင့် ပုဂ္ဂလိက ထုတ် ဂျာနယ်များကို လည်း ၀ယ်ယူ၍ ဖတ်ရှုခွင့် ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ည ငလျင် လှုပ်ခတ်ခဲ့စဉ်က ကိုမင်းကိုနိုင် ရှိရာ ကျိုင်းတုံ အကျဉ်းထောင်သည် ပြင်းထန်စွာ လှုပ်ရမ်း ခဲ့ကြောင်း၊ ယခင် အင်္ဂလိပ် ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် အဆောက် အအုံဖြစ်သည့် အတွက် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ရကြောင်း ကိုမင်းကိုနိုင်က ပြောသည်ဟု ဆိုသည်။

အလားတူ မိုင်းဆတ်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သည့် ကိုကိုကြီး သည်လည်း ခန္ဓာကိုယ် အနှံအပြားနှင့် လက်၊ ခြေတို့တွင် အဆီကြိတ်များ ထွက်ပေါ်နေကြောင်း၊ ထို့အပြင် ဂရင်ဂျီနာ ဝေဒနာကိုလည်း ခံစားနေရကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ဆိုသည်။

ငလျင်လှုပ်ခတ်စဉ်က ပြင်းထန်သည့်အသံနှင့် လှုပ်ခါမှုကို ကြုံရသော်လည်း ထောင်တွင်း၌ အပျက်အစီး မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သည့် ကိုဌေးကြွယ် မှာလည်း ထောင်တွင်း ကျွေးမွေးမှု ညံ့ဖျင်းပြီး မလောက်ငသည့် အတွက် ယခင်က ခွဲစိတ် ကုသ ခံယူဖူးသည့် အစာအိမ်မှ ပြန်လည် နာကျင်လာကြောင်း၊ အိမ်မှပို့ပေးသည့် အစားအသောက် များမှာလည်း အပြည့်အ၀ မရရှိဘဲ ပျောက်ဆုံးမှုများ ရှိနေသည်ဟု ညီမဖြစ်သူ မမိမိကြွယ်က ပြောသည်။

အစိုးရသစ် တာဝန်ယူပြီးသည့် နောက်ပိုင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် နိုင်ငံတကာနှင့် ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားမိသားစုများ ကလည်း တောင်းဆိုမှုများ ပြုလုပ်လျှက်ရှိသည်။

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် စုပေါင်းလက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြ တောင်းဆိုရန် မြန်မာ နှစ်ဆန်း ၁ရက် နေ့မှ စတင် စုဆောင်းသည့် လှုပ်ရှားမှု ပြုလုပ်ရာ ယခုဆိုလျှင် လက်မှတ်ပေါင်း ၁၀၀၀ နီးပါး ရရှိပြီ ဖြစ်ပြီး လာမည့် တနင်္လာနေ့တွင် ပို့ဆောင် တောင်းဆိုမည် ဖြစ်သည်ဟု ဦးဆောင် လှုပ်ရှားနေသူများ ထံမှ သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့