..............................

Monday, April 25, 2011

လက်တွေ့ကျကျ မြင်စေချင်

နေမင်းသူ
25/,Apr, 2011

ခုတလော ဘီဘီစီသတင်းဌာနမှာ ဆက်တိုက်လိုလိုလွှင့်နေတဲ့ တပ်တွင်း ပစ်ခတ်မှု သတင်းတွေ၊ မျိုးချစ် တပ်မတော် ကွန်ရက် ဆိုတဲ့ သတင်းတွေ တကယ် မှန်ကန်မှုရှိ/မရှိ သေသေချာချာ ဆန်းစစ် ဝေဖန် ပြီးမှ ဆုံးဖြတ်ချက် ချသင့်ပါတယ်။

သတင်းထောက် ဦးသန်းရဲ့ ပေးပို့ချက်တွေက အချက်အလက်တော်တော် လွဲနေတယ်။
ကျနော် ဟိုင်းကြီးကျွန်းမှာ အကြာကြီးနေခဲ့တာ။ သူပြောတဲ့ သတင်းအရ စုံစမ်းကြည့်တော့ ဘာမှဖြစ်တာ မတွေ့ရဘူး။

နောက်ပြီး သူ့သတင်းတွေမှာ ဘယ်သူကသတင်းပေးတယ် ဆိုတာကိုလည်း တိတိ ကျကျ ဖော်ထုတ် ထားတာ မရှိဘူး။ (သက်ဆိုင်ရာ သတင်းပေးသူရဲ့ လုံခြုံရေးအရ အကာအကွယ် ပေးတယ် ဆိုတာကို လက်ခံ နိုင်ပါတယ်။)

ဒါပေမယ့် ဒီကိစ္စအပေါ်မှာ အထောက်အထားဘယ်လောက် ခိုင်မာသလဲ ဖြစ်နိုင်ခြေရော ဘယ်လောက် ရှိသလဲ ဆိုတာက အရေး ကြီးပါတယ်။

နောက်ပြီး တပ်တွင်းတောင်းဆိုချက်တွေကလည်း နိုင်ငံရေးဆန်ဆန် အချက် အလက်တွေ၊ စစ်တပ်ထဲမှာ ဒီလို တောင်းဆို ချက်ကို တပ်ရင်းမှူး ကိုယ်တိုင်က လက်ခံပြီး တိုင်မှူး ဆီကိုတင်တယ် ဆိုတာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည် တွေမှာတောင် မလွယ်တဲ့ ကိစ္စ။

နောက် မျိုးချစ်တပ်မတော်ကွန်ရက်ဖွဲ့တယ် ဆိုတာက ပိုပြီး ယုတ္တိမတန် ဖြစ်နေတယ်။ တပ်တွင်း အာဏာသိမ်း ပုန်ကန်ဖို့ အထိ ရည်ရွယ်တဲ့၊ ဗိုလ်ချုပ်တွေလည်း ပါတယ် ဆိုတဲ့ တပ်တွင်း ကွန်ရက် အဖွဲ့ကြီးကို တပ်ကြပ်ကြီး တစ်ယောက်က လွယ်လွယ်နဲ့ သိနိုင် ပါ့မလား။

ဗိုလ်ကြီးအုန်းကျော်မြင့် တို့လက်ထက်ကတောင် ခုလောက်ထိ လျှို့ဝှက်မှုလျော့လျော့ရဲရဲ မရှိခဲ့ပါဘူး။ နောက် အဲဒီ လှုပ်ရှားမှုမှာ ပါခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့လည်း သက်ရှိ ထင်ရှား ရှိနေတာပဲ။

ဖြစ်နိုင်ခြေ ရှိ၊မရှိ စုံစမ်းမေးမြန်းလို့ရပါတယ်။ တစ်ဘက်ရဲ့ထောင်ချောက်ထဲကို နင်းမိမှာ စိုးလို့ပါ။ ကျနော့ အမြင် ပြောရရင် ဒီလောက် အန္တရာယ်ကြီးတဲ့ တကယ့် လျှို့ဝှက် လှုပ်ရှားမှုကို မီဒီယာက အရင်ဆုံး သိတယ်ဆိုတာ မဖြစ်နိုင်လောက်ဘူး။ ဒီဘက်ခေတ်မှာ ပိုပြီး သိုသိုသိပ်သိပ် နေကြရတာ။

ဒါဆိုရင် ဒီသတင်းကြီးက ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ “ဆိုက်ဝါးလံကြုပ်” ဆိုတာ သေချာသွားပြီ။ အကျိုးဆက် ကရော ဘာတွေဖြစ်လာ နိုင်မလဲ။

သူတို့ရည်ရွယ်ချက်က အချင်းချင်းတွေသံသယဖြစ် မီဒီယာတွေ လည်းသိက္ခာကျ နောက်ဆုံးမှာ သူ့မယုံ ကိုယ့်မယုံနဲ့ ဟင်္သာ ကိုးသောင်း ဇာတ်ခင်းစေချင်တာလား မသိ။

ကျနော်မြင်တာကတော့ ဆိုက်ဝါးဆိုတာ လှုပ်ရှားမှုနဲ့အံဝင်ဂွင်ကျ ဖြစ်တဲ့အခါ ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေတယ်။

၁၉၈၈ လူထုအရေးတော်ပုံအတွင်းက အင်းယားကန်ဘောင် ကိစ္စ၊ ရေတပ်နဲ့ လေတပ်က စစ်ရုံးကို ဗုံးကြဲမယ် အမြောက်နဲ့ ပစ်မယ် ဆိုတဲ့ ဆိုက်ဝါးကြောင့် ပြည်သူလူထု အတွင်းသာမက စစ်တပ်တွင်းမှာပါ အတော်ကြီးကို လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားတယ်။

လူထုတွေ မခံမရပ်နိုင်ဒေါသတွေ ပေါက်ကွဲပြီး လမ်းပေါ် ထွက်လာတယ်။
(ရေတပ်၊ လေတပ် သတင်းကို ထုတ်တယ်လို့ စွပ်စွဲခံရတဲ့ ကိုသန်းနိုင်(ပုဂံ) ဆိုတာက ရေတပ် အရာခံဗိုလ် တင်ညွန့် ရဲ့သား တပ်ထဲမှာ ကြီးလာတာ၊ တပ်အကြောင်းကိုလည်း သိတယ်)

အဲဒီနောက်ပိုင်း ကိုးလေးလုံး ကိစ္စ၊ မကြာသေးခင် အတွင်းက ဖေ့စ်ဘွတ် လှုပ်ရှားမှုကိစ္စတွေ အလိုလို တိမ်မြုပ် သွားတာ ကိုလည်း ထည့်တွက် သင့်ပါတယ်။ ဒါတွေဟာ အခြေအနေ အချက်အလက် မပြည့်စုံဘဲ ဆန္ဒကို ဦးစားပေး လုပ်တဲ့ ရလဒ်တွေပါပဲ။ ခုကိစ္စက ပိုဆိုးတယ်။ ခုလို တပ်လှန့်လိုက်တော့ တပ်ထဲက တကယ် လုပ်ချင်တဲ့ လူတွေအတွက် ဘောင်ကျဉ်း သွားတယ်။

လှုပ်သာရှားတာ မရှိတော့ဘူး။ တကယ့်ကွန်ရက် အစစ်က တစ်နေရာမှာ လျှို့ဝှက် တွေ့ဆုံဆွေးနွေးမှ မဟုတ်ပါဘူး။
မျက်လုံးချင်း စကားပြောတာနဲ့ကို အကဲခတ်လို့ ရတယ်။

အရေးကြီးတာက ယုံကြည်မှုပြဿနာပဲ။ ယုံကြည်မှညီညွှတ်တာပါ။ ဒီထက် ပိုအရေးကြီး တာက တပ်ထဲမှာ ရှိတဲ့ တိုင်းချစ် ပြည်ချစ် အင်အားစုတွေနဲ့ ပြည်သူလူထု အကြားမှာ ရနိုင်သလောက် ယုံကြည်မှု တည်ဆောက် ထားဖို့ပါပဲ။

အဲ့လိုမျိုး တကယ်ညီညွှတ်ကြပြီဆိုရင် ဦးသန်းရွှေမကလို့ သူ့နေရာမှာ သိကြာမင်း ဦးမာဃ ဆိုရင်တောင် သပ်လျှိုဖြိုခွဲ ဖို့ မလွယ်ပါဘူး။
မညီမညွှတ် ဖြစ်နေသူတွေကို ဘယ်လိုထိန်းသိမ်း အုပ်ချုပ်ရမလဲ ဆိုတာကို စစ်ခေါင်းဆောင်တွေ အထူး ကျွမ်းကျင်ကြတယ်။

ညီညွှတ်မှာကိုသာ သူတို့ စိုးရိမ်တာ၊ ကြောက်တာ။ ခုချိန်မှာ ဦးသန်းရွှေ အာဏာမရှိတော့ ပေမယ့်၊ စစ်တပ် အပေါ်မှာ သြဇာ အပြည့်ရှိနေတုန်း၊ ပြီးတော့ သူဟာ တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးဌာနက လာတာကို မမေ့ကြဖို့ပါပဲ။

တိုင်းပြည်ရေးမို့ မနေနိုင်လို့သာ ရေးနေရတာ ကျနော့မှာလည်း နှစ်ဘက်ရန်က ရှိနေတယ်။ ခုလောလောဆယ် တောင်မှ ဖေ့စ်ဘွတ် ပေါ်က နုတ်တွေမှာ comment ရေးလို့ မရအောင် ပြုစားထားတယ်။

နောက်ဘာထပ်လုပ် မလဲဆိုတာမပြောနိုင်သေးဘူး။ ကိစ္စတော့ မရှိပါဘူး။ ကိုယ်စေတနာ သန့်ရင်၊ ကိုယ့်လိပ်ပြာ ကိုယ်လုံရင် လုပ်စရာတွေ၊ လုပ်ရမယ့် နေရာတွေ အများကြီးပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူဆိုတာ ကိုယ်လုပ်တဲ့ သမိုင်းကို ကိုယ်တိုင် တာဝန် ခံရဲရတာပါပဲ….။


Ref: ဟစ်တိုင်

0 comments:

အပေါ်သို့