..............................

Thursday, March 31, 2011

ဦးသိန်းစိန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်သည့် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော် နာယကများ၊ လွှတ်တော် အမတ်များလည်း တက်ရောက် ခဲ့ကြသည်။

အသက် ၆၆ နှစ်မြောက် မွေးနေ့ ကျရောက်ခါနီးပြီ ဖြစ်သော ဦးသိန်းစိန်သည် လွန်ခဲ့သည့် လေးနှစ်ခန့် ကတည်းက ဝန်ကြီးချုပ် အဖြစ် တာဝန် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ လက်ရှိ အာဏာရ ခေါင်းဆောင်များ ထဲတွင် လာဘ်စားမှု အနည်းဆုံးဟု ဆိုကြသည့် ဦးသိန်းစိန်သည် သမ္မတသစ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီးတွင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ အာဏာကို လွှဲပြောင်းယူခြင်း ဖြစ်သည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရှစ်ဦးမြောက် သမ္မတ ဖြစ်လာပြီး ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ကြီး ၃ဝနှင့် ဒုဝန်ကြီး ၄၀ ခန့်ပါဝင်သော ကက်ဘိနက်ကို ဦးဆောင်ရမည် ဖြစ်သည်။ ထိုဝန်ကြီးအဖွဲ့တွင် အငြိမ်းစား စစ်အရာရှိ များနှင့် နှင့် လက်ရှိ တာဝန် ထမ်းဆောင်နေကြဆဲ စစ်ဘက် အရာရှိများ အများဆုံး ပါဝင်နေကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး၏မူလ နာယက ၅ဦးအနက် ဦးသိန်းစိန်၊ သီဟသူရ ဦးတင်အောင်မြင့်ဦး တို့ ရွေးကောက်ပွဲ အပြီး သမ္မတနှင့် ဒုသမ္မတများ ဖြစ်လာကာ သူရ ဦးရွှေမန်းကတော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖြစ်သွားသည်။ အနား ယူသွားသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့၏ သြဇာမှာ ဆက်လက် လွှမ်းမိုးနေဦးမှာ ဖြစ်သည်ဟု အများက သံသယ ရှိကြသည်။

ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် သဘောထား တင်းမာသူများ လွှမ်းမိုးနေပြီး လာမည့် နှစ်ပေါင်း များစွာ အထိ အစိုးရ အဖွဲ့ကို ချုပ်ကိုင် ကြီးစိုး နေလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

၁၉ နှစ်ကြာ နိုင်ငံကို သံမဏိလက်ဖြင့် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မတ်လ ၂၆ ရက်နေ့တွင် အစိုးရ အဖွဲ့ သစ်တွင် ပါမည့် သူများကို တွေ့ဆုံအပြီး အနားယူမည့် အကြောင်း ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများအား ဇန်နဝါရီလ ၃၁ရက်နေ့ကတည်းက စတင်ခဲ့ပြီး ဗုဒ္ဓဟူး နေ့တွင် ပြီးဆုံးပြီ ဖြစ်သည်။ ဒုတိယ အကြိမ် လွှတ်တော် ပုံမှန် အစည်း အဝေးများအား ယခုနှစ် ကုန်သည်အထိ စတင်ဦးမည် မဟုတ်ဟု သိရသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့