..............................

Friday, April 1, 2011

အစိုးရသစ် မူဝါဒအပေါ် အမြင်များကွဲလွဲ

ခင်ဦးသာ
Thursday, 31 March 2011

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း ကျင့်သုံး တော့မည်ဟု ပြည်သူ လူထုသို့ ရုပ်သံမှ တဆင့် ပြောဆို လိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး အင်အားစုများက အမြင် အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။

“ပြောတဲ့အတိုင်း လက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ် ဆိုရင်တောင် ဒီ စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလား ဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦး
ဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦး အနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံ စေလိုကြောင်း၊ ဒီမိုကရေစီရေး အပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။

နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ကာကွယ် စောင့်ရှောက် သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင် ရေးဆွဲထားသည့် အတိုင်း ပြင်ဆင်သွားမည် ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကို အင်အား တိုးချဲ့ သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။

စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည် ဟူသော စကားသည် ပြန်လည် ပြုပြင်နိုင်မည့် အရေးကို ခြိမ်းခြောက်သည့် သဘော သက်ရောက်နေပြီး ဖွဲ့စည်းပုံ အတိုင်း လုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်း ဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။

အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကလည်း လက်မခံကြပေ။

“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊ ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာ မဟုတ်ဘူး”ဟု ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) SSA-S အဖွဲ့မှ စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြောသည်။

၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့ တက်လာကတည်းက ပြည်တွင်း စစ်မီးတွေ ပိုများလာတယ်၊ တိုင်း ရင်းသားတွေ အရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရ မဟုတ်လို့ အစိုးရသစ်ကို လည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင် ထိုဖွဲ့စည်းပုံ အရ ပေါ်ပေါက် လာသော အစိုးရ သစ်ကိုလည်း အသိအမှတ် မပြုနိုင်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ အစိုးရသစ် အား ဝေဖန်ရန် စောသေးကြောင်း၊ အစိုးရသစ်အား အပြုသဘော ဆောင်၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။

“သမ္မတသစ် ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊ ဒါပေမယ့် လုံးဝ မကောင်းဘူးလို့ ပြောလို့ မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သား အစိုးရကို အာဏာ လွှဲပေး လိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း“ကျနော်တို့ အနေနဲ့ လက်တွေ့ကျကျ ပေါ်လာတဲ့ အစိုးရ ကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသား ရင်ကြားစေ့ရေး လုပ်နိုင် မလုပ်နိုင် ဆိုတာက အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။

ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက် အခံ ဆိုသည့် ပဋိပက္ခ အသွင် ဆောင်သော အမြင် သဘောထားကို ကိုင်စွဲခြင်း မပြုဘဲ အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ လုပ်ဖော် ကိုင်ဖက်များ အဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌ ပြောဆိုသည်။

“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊ အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကို ပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့် အတိုင်း လုပ်ပေးမည် ဆိုပါက မြန်မြန် အကောင် အထည် ဖော်ပေးရန် လိုအပ်သည် ဟုလည်း ၎င်းက ဆက်ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံရေးပါတီ အများစုကတောင်းဆိုနေသော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးကို ပြောဆို မသွားသည့်အပြင် လွှတ်တော် အစည်းအဝေးများ မှလည်း ပယ်ချ ခံခဲ့ရသည်။

လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေး ခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ် သည်လည်း ပြည်သူများ အတွက်
ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။

“လွှတ်တော်မှာ NDFက တင်တာ ပယ်ချခံရတာက လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြော လိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

နအဖ မှ ပြည်ထောင်စု သမ္မတ နိုင်ငံတော်သို့ ပြောင်းလဲ၍ အစိုးရသစ် ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ ကုလ သမဂ္ဂက ကြိုဆိုလိုက်ပြီး အများ လက်ခံနိုင်သော အပြောင်းအလဲများ အတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီးသည့် နေရာများကို ဆက်လက် ယူထားသည့် အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိက ကျသည့် ဆုံးဖြတ် ချက်များနှင့် ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲ ဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု မူဝါဒကို ဆက်လက် ကိုင်စွဲ ကျင့်သုံး သွားမည်ဖြစ်ပြီး အစိုးရသစ်နှင့် ထိတွေ့ ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့