..............................

Tuesday, March 29, 2011

တစ်ဦးချင်း အမြင်နဲ့ သမိုင်းအမြင်

မောင်ဝံသ

(၂၀၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ မောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ လမ်းစဉ် ပါတီရဲ့ သဘောတရားရေး ဆရာကြီးလို့ လူသိများတဲ့ ဦးချစ်လှိုင်က ဦးနေ၀င်းရဲ့ အခန်းကဏ္ဍကို အကောင်းမြင် ပြောကြားမှု အပေါ် ဆရာ မောင်ဝံသက ပြန်လည် ရေးသားထားခြင်း ဖြစ်ပါတယ်။ )

ကျွန်တော် ပြည်ပလေ့လာရေး ခရီးမသွားခင် လွန်ခဲ့တဲ့ ခြောက်လကျော် အထိ ပြည်တွင်း ဂျာနယ် မဂ္ဂဇင်းတွေမှာ ပင်တိုင် ဆောင်းပါးတွေ လက်သွက်သွက်နဲ့ အားရပါးရ ရေးခဲ့ပါတယ်။ ပြန်ကြည့်တော့ တစ်ပတ် တစ်ပတ် ဂျာနယ် ရှစ်စောင် ကိုးစောင်လောက်နဲ့ လစဉ်မဂ္ဂဇင်း လေးငါးစောင် လောက်မှာ ပုံမှန် ရေးဖြစ်ခဲ့တာ တွေ့ရတယ်။ ရေးခဲ့တာတွေကို ပြန်ဖတ်တဲ့ အခါ အချိန်အခါ အလျောက် ရေးသင့်တာတွေကို ရေးခဲ့တာပဲလို့ ပြောနိုင်ပါတယ်။

အခုခရီးက ပြန်ရောက်လို့ နားနားနေနေ ရှိနေတုန်း အိမ်မှာရှိနေတဲ့ ဂျာနယ်တွေ တစ်ပုံကြီးကို ဝမ်းသာအားရ မြည်းစမ်း ကြည့်ရင်း အရင်လို စာတွေ ပြန်ရေးဖို့ ကီးသွင်း နေရတယ်ဗျ။ ဂျာနယ်တွေကလည်း ဖတ်လို့ အလွန်ကောင်းဗျာ။ ပြည်တွင်း သတင်းတွေ၊ ပြည်သူတွေ ကြားက သတင်းတွေ အရင်ကထက် ပိုစုံအောင် ဖော်ပြ လာနိုင်ကြတယ်လို့ သတိ ထားမိပါတယ်။ ဆောင်းပါးတွေ ကလည်း ပိုပြီး ပွင့်ပွင့် လင်းလင်း ရေးလာကြတာ တွေ့ရတယ်။ ထူးခြားချက် ကတော့ ဆရာမောင်စူးစမ်း၊ ဆရာ သခင်တင်မြ၊ ဆရာ ကိုကိုမောင်ကြီး တို့ဟာ သူတို့ရဲ့ မူလဘူတ ခံယူချက် အမြင်တွေကို စာမျက်နှာတွေပေါ် တင်လာ ကြတာ တွေ့ရသဗျ။

ပေါ်ပြူလာ နယူးစ်ဂျာနယ် ( ၁၀ မတ် ၂၀၁၁)က ‘တစ်ခေတ် တစ်ခါက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ ခေါင်းစဉ်နဲ့ ဆရာ ကိုကိုမောင်ကြီးနဲ့ တွေ့ဆုံ မေးမြန်းခန်း ဒုတိယပိုင်းကို ကျွန်တော် ဖတ်မိပြီး ပြောချင်တာ လေးတွေ ရှိလာ ပြန်တယ်ဗျာ။

‘ရှိလာပြန်တယ်’ လို့ ရေးရတာက အရင်တစ်ခါလည်း ‘လျှပ်တစ်ပြက်’ သတင်းဂျာနယ် (၆ မတ် ၂၀၀၉) မှာ ကိုကိုမောင်ကြီးက ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဘာမှားသလဲ’ ခေါင်းစဉ်နဲ့ ရေးလို့ ကျွန်တော်က ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှားခဲ့သလား’ ခေါင်းစဉ်နဲ့ သစ္စာဂျာနယ် (True News)မှာ ပြန်ရေး၊ နောက်တော့ ကျွန်တော့်ရဲ့ နိုင်ငံရေး ဆောင်းပါး ပေါင်းချုပ် ‘ရှာမှရှားတဲ့ နိုင်ငံရေးသမား’ (မေ ၂၀၁၀) စာအုပ်မှာ ထပ်မံ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတွေ အတော် သတိထားမိပြီး စိတ်ဝင်စား ခဲ့ကြတယ်ဗျ။

အဲဒီ ဆောင်းပါးတုန်းက ဆရာ ကိုကိုမောင်ကြီးက လမ်းစဉ်ပါတီက ဆိုရှယ်လစ် လမ်းစဉ်ကို သွားတဲ့ အချိန်ဟာ မြန်မာ နိုင်ငံဟာ အထွေထွေ ခေတ်နောက်ကျမှုကြီး ဆိုတဲ့ သမိုင်းဘဝမှာ ရှိနေခဲ့တယ်လို့ ဆိုတယ်။ အတတ်ပညာ နည်းပညာ အဆင့် အတန်းတွေ နိမ့်ကျ နေသေးတယ်လို့ ဆိုတယ်။ လမ်းစဉ်ပါတီ ကေဒါတွေ ညံ့ဖျင်းလို့ လို့ ဆိုတယ်။ ကျွန်တော်က အဲဒါတွေကြောင့် မဟုတ်ကြောင်း ငြင်းဆိုတယ်ဗျာ။

လမ်းစဉ်ပါတီ ကျဆုံးရခြင်းဟာ ဆိုရှယ်လစ် စနစ်ကို တကယ်တမ်း မယုံကြည်သူတွေက လူကြား ကောင်းအောင် ဆိုရှယ်လစ် ခဲ့ကြတာကြောင့် ဖြစ်တယ်။ ဆိုရှယ်လစ် ဒီမိုကရေစီ ဆိုတာ စကားလုံးသာ ရှိပြီး အောက်ခြေတွေက တင်ပြတာကို နားမထောင်၊ ရေဘူးပေါက်တာ မလိုချင်၊ ရေပါလာအောင် ယူခဲ့ဆိုသူတွေရဲ့ ခေါင်းဆောင်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်က တင်ပြခဲ့တယ်။ ကျွန်တော် ရေးခဲ့တာကို ဆရာ ကိုကိုမောင်ကြီး ဖတ်မိပုံ မရဘူး။ အဲဒီ နောက်ပိုင်း သူနဲ့ ကျွန်တော် ၃-၄ ခါထက် မနည်း လူချင်း ဆုံမိတယ်။ ဘာမှ ပြောသံ မကြားဘူး။ ဆရာ့ရဲ့ မျက်စိ အခြေအနေကလည်း စာဖတ်လို့ မရလောက်အောင် ဆိုးနေတယ်လို့ သိရတယ်ဗျာ။ ကျွန်တော်က တစ်ချိန်က ကျွန်တော်တို့ ခင်မင် လေးစားခဲ့ရ သူတွေကို ချောင်ပိတ် မေးတာမျိုးလည်း မလုပ်ချင်ဘူး။ ဒါကြောင့် ကျွန်တော်က စပြီး မမေးခဲ့ပါဘူး။

အထက်မှာ ကျွန်တော် နာမည် ဖော်ပြခဲ့တဲ့ ဆရာ သုံးယောက် စလုံးဟာ ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေး အင်မတန် ခင်မင် ရင်းနှီး တယ်။ သူတို့က ကျွန်တော့်ကို ချစ်ခင်ကြတာလည်း သိပါတယ်။ ကျွန်တော်ကလည်း သူတို့အပေါ် ခုထိ ချစ်ခင်တွယ်တာ ပါတယ်။

ဆရာ ကိုကိုမောင်ကြီး အပါအဝင် သူတို့ သုံးယောက် စလုံးဟာ ဦးနေဝင်းနှင့်လည်း ခင်မင် ရင်းနှီးသူတွေ ဖြစ်ပါတယ်။ ဦးချမ်းအေး (ဆရာ မောင်စူးစမ်း) ဆိုရင် တစ်ခါသားမှာ မူးမူးနဲ့ ဦးနေဝင်းကို ငတုံး ငအလို့ ပြောပြီး ချဲခဲ့ဖူးတဲ့ အကြောင်း၊ ဦးနေဝင်းက ဗွေမယူဘဲ အိမ်ပြန် ပို့ခိုင်းကြောင်း ဆရာဦးသက်ထွန်း (အငြိမ်းစား သံအမတ်ကြီး) ရေးခဲ့ဖူးတယ်။

သူတို့တွေ ပုဂ္ဂိုလ် သံယောဇဉ် ကြီးကြတဲ့ အကြောင်းတွေ သိရတာ မုဒိတာ ပွားစရာပါ။ ဒါပေမယ့် တိုင်းပြည် အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောကြမယ် ဆိုရင်ဖြင့် ပုဂ္ဂိုလ် သံယောဇဉ် ကင်းကင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ပြောဖို့ ရေးဖို့လိုမယ် ထင် တယ်ဗျာ။

ခုတော့ အထက် ကိုးကားပါ ပေါ်ပြူလာ နယူးစ်က ပြောဆိုချက်တွေမှာ ကိုကိုမောင်ကြီးက-

-ဦးနေဝင်း သဘောကလည်း ငါ ဥက္ကဋ္ဌကြီး၊ ငါသမ္မတကြီး၊ ငါဗိုလ်ချုပ်ကြီး ဆိုပြီး ဘယ်တော့မှ ဖင်ခေါင်း မကျယ်ဘူး၊ ဘယ်တော့မှ မာန်မာန မထားဘူး။ ဘယ်သူ့ကို မဆို ဖက်လဲတကင်း၊ ပွင့်ပွင့် လင်းလင်း၊ ဆဲစရာရှိဆဲ၊ ဆိုစရာရှိဆို၊ ပြောစရာ ရှိပြော၊ ရယ်စရာရှိရယ်၊ အဲဒီလိုမျိုး ပေါင်းတယ်။ သူနဲ့ ပေါင်းရတာ စိတ်ချမ်းသာတယ်။

-တစ်ခေတ်ပြောင်းရင် ကောင်းမှာပဲဆိုပြီး ခေတ်ပြောင်းအောင် သူလုပ်လိုက်တာ၊ ဒီခေတ် ဒီမိုကရေစီ ခေတ်ကြီး ပြောင်းသွားတာ ဦးနေဝင်းက လမ်းဖွင့်ပေး လိုက်တာ။ သူကိုယ်တိုင်က မလုပ်ချင်တော့ဘူး။

-အရေးအခင်းမှာ လူထု ခေါင်းဆောင်တွေ ညံ့ဖျင်းလို့၊ ဒေါက်တာ မောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ၊ လူထုလက် အာဏာ ရောက်သွားပြီ။

x x x အဲဒီ အခွင့်အရေးဟာ အကြီးမားဆုံး အခွင့်အရေး၊ သူတို့ ပထမဆုံး ဆုံးရှုံးတာ။

-ဒုတိယ ဆုံးရှုံးတာက ဘာလဲဆိုတော့ ရွေးကောက်ပွဲ နိုင်ရဲ့သားနဲ့ ၁ / ၉၀ နဲ့ စစ်တပ်က ခေါ်တာကို မယူလိုက်တာ၊ ယူလိုက်ရင် ခုလောက်ဆို သူတို့လက်ထဲ အာဏာရောက်နေပြီ……

စတဲ့ အရေးကြီးသော မှတ်ချက်များကို ထုတ်ဖော်ပြောသွားတယ်ဗျ။

သည်အချက်တွေဟာ ဆရာ ကိုကိုမောင်ကြီးရဲ့ ကိုယ်ပိုင် အာဘော်များ ဖြစ်တယ်။ သူ့ကိုယ်ပိုင် အယူအဆကို သူပြောခွင့် ရှိပါတယ်။ ကျွန်တော်တို့ ကတော့ အဲဒီ အချက်တွေဟာ ဘယ်လောက် အတိုင်းအတာ အထိ မှန်သလဲ၊ ဘယ်လောက် အထိ လွဲချော်နိုင် သလဲ ဆိုတာ ထပ်ဆင့် စောကြော သင့်သေးတယ် ထင်ပါတယ်။

သည်လို ပြောကြကြေးဆိုရင် ဆရာ တက်တိုး မကွယ်လွန်ခင်က ကျွန်တော့်ကို ပြောဖူးတာ မျိုးတွေလည်း ပေါ်ထွက်လာနိုင် တယ်ဗျ။

ဆရာတက်တိုးက-

‘ဦးနေဝင်းဟာ ငါ့အပေါ် အလွန် ကောင်းခဲ့တယ်။ ငါ့ရဲ့ ကျေးဇူးရှင် တစ်ယောက်လို့တောင် ပြောနိုင်တယ်။ ငါ့ကို ညွှန်ကြား ရေးဝန်၊ ဦးဆောင် ညွှန်ကြားရေးမှူး စတဲ့ ရာထူးကြီးတွေ ပေးပြီး ချီးမြှောက် ခဲ့တာပဲ။ ဒါပေမယ့် တိုင်းသူ ပြည်သားတွေဘက် က စာနာစိတ်နဲ့ ကြည့်ရင် သူ့ကြောင့် တိုင်းပြည်မှာ အင်မတန်မှ နစ်နာခဲ့တယ်’ လို့ ပြောခဲ့ပါတယ်ဗျာ။

ဒါကြောင့် အကောင်းဆုံး ကတော့ အလားတူ တစ်ဦးချင်း အာဘော်များကို ပေါင်းစုပြီး တိုက်ဆိုင် စစ်ဆေးကာ သမိုင်း ပြုစုနည်းနဲ့ ပြုစု မှတ်တမ်း တင်ခြင်းပါပဲ။

အမျိုးသားပညာဝန် ဦးဖိုးကျားရေးတဲ့ ခေတ်မီရာဇဝင် အကျဉ်းကို ကျောင်းမှာလည်း သင်ခဲ့ရတယ်။ ခုထိလည်း လက်တစ်ကမ်း အမီ ထားပြီး သတိရတိုင်း ပြန်ဖတ်နေပါတယ်။

‘ဤရာဇဝင်ကျမ်းငယ်တွင် ပါဝင်သော များစွာသော အကြောင်းအချက်တို့မှာ ထိုငယ်ရွယ်သူတို့သည် အမှားနှင့် အမှန်၊ အဆိုးနှင့် အကောင်း တို့ကို ခွဲခြမ်း သိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန် ရည်သန်ရေး ထားပေသည်။ သို့ကြောင့် လည်း ထိုလူငယ်တို့၏ စိတ်နေ သဘောထား၊ အကျင့်စာရိတ္တကို ပြုပြင်နိုင်သော ‘နှလုံးရည်ပညာ’ သို့မဟုတ် ကိုယ်ကျင့် ပညာ အတွက်လည်း ပါသွားလေသည်။’ လို့ ဆရာကြီး ဦးဖိုးကျားရဲ့ စကားချီးမှာ ဖော်ပြထားပါတယ်။

ဆရာကြီးဟာ ရာဇဝင်ကျမ်းပြု ဆရာတစ်ယောက် ထားရှိရမယ့် ရည်ရွယ်ချက်ကို အရှင်းလင်းဆုံး ပြောပြခဲ့တာ အလွန် ကျေးဇူး များပါတယ်။ ထိုငယ်ရွယ်သူတို့သည် အမှားနှင့် အမှန်၊ အဆိုးနှင့် အကောင်းတို့ကို ခွဲခြား သိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန်’ ဆိုတဲ့ ရည်ရွယ်ချက်ကို နှောင်းခေတ်မှာ စာပေများ ရေးသား နေကြသူတွေ၊ ရှေးဟောင်း နှောင်းဖြစ် ပြန်ပြောသူတွေ အနေနဲ့ ဆက်လက် ကိုင်စွဲ ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အနာဂတ်ကို သွားနေကြရာမှာ အတိတ်ကို ပြန်မကြည့်လို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘေး ဘီဘင် တွေခေတ်က အဖြစ် အပျက်တွေကို ပြန်ကြည့်ပြီး သင်ခန်းစာတွေ ယူကိုယူရမှာပါ။

ယနေ့ခေတ် ရှင်သန်နေကြတဲ့ ကျွန်တော်တို့ဟာ သမိုင်းကို ဖြတ်သန်း နေကြတာပါ။ တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ကိုယ်တိုင် သမိုင်း ဇာတ်ကောင်တွေ ဖြစ်ပြီး တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ သမိုင်း ဖြစ်ရပ်တွေရဲ့ သက်သေတွေ ဖြစ်ပါတယ်။

နောင်အနှစ် ငါးဆယ် အနှစ်တစ်ရာ ကြာမြင့်သွားချိန်မှာ ကျွန်တော်တို့ ကြီးပြင်း ရှင်သန်တဲ့ ခေတ်ဟာ သမိုင်းထဲ ရောက်သွား ပါပြီ။ နှောင်းလူတွေက ကျွန်တော်တို့ရဲ့ သမိုင်းကို ပြန်လေ့လာ ကြလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ခေတ်ရဲ့ စံပေတံနဲ့ ကျွန်တော်တို့ကို တိုင်းတာမှာပဲ။ ဥပမာ ဒီနေ့ခေတ် ကျွန်တော်တို့က ဒီမိုကရေစီ စနစ်ကို ဦးထိပ်ထက်ရွက် ပန်ဆင်ထားကာ ဒီမိုကရေစီ သာလျှင် အလိုလား အပ်ဆုံး နိုင်ငံရေး စနစ်လို့ ယုံကြည် နေကြပေမယ့် နောင် အနှစ် ၁၀၀ မှာ ရှိနေမယ့် လူသားတွေက သူရဲကောင်း ဘုရင်တစ်ပါးကို စကြာဝတေးမင်း အဖြစ် တင်မြှောက် ကိုးကွယ်ကောင်း ကိုးကွယ်နေကြလိမ့် မယ်။ အဲသလို မဖြစ်ရဘူးလို့ ယနေ့ခေတ် လူသားတွေ ဖြစ်တဲ့ ကျွန်တော်တို့က အမိန့်ပေးလို့ မရပါဘူး။ သေတမ်းစာ ရေးခဲ့လို့ မဖြစ်ပါဘူး။ သူတို့ခေတ် သူတို့ အသိဉာဏ်က စေစားရာကို သူတို့ လုပ်ကြမှာပါပဲ။

သို့ပေမယ့် သမိုင်းသင်ခန်းစာ ဆိုတာကိုတော့ ကျွန်တော်တို့က နှောင်းလူတွေ အတွက် ချန်ထားခဲ့မှာ ဖြစ်တယ်။ ယူတာ မယူတာ သူတို့ အလုပ်ပါ။

အလားတူပဲ ယနေ့ခေတ် အသက် ရှင်သန်နေတဲ့ ကျွန်တော်တို့ကလည်း နောက်ကြောင်းကို ပြန်ကြည့်ကြပြီး ကျွန်တော်တို့ ခေတ်ရဲ့ စံပေတံနဲ့ တိုင်းတာကြဖို့ လိုတယ်။ ကျွန်တော်တို့ ဘိုးဘေးတွေ ဆီက ကောင်းတာတွေကို ယူ၊ မကောင်းတာတွေကို ကျွန်တော်တို့ ခေတ်မှာ ထပ်မဖြစ်အောင် ရှောင်ကြဖို့ပဲပေါ့။

၁၁ မတ် ၂၀၁၁


Ref: ပိတောက်မြေ

0 comments:

အပေါ်သို့