..............................

Friday, January 14, 2011

စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပုဂ္ဂလိကသို့ လွှဲမည်

ဟိန်းသူ
Thursday, 13 January 2011

နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး အစိုးရက ၁၀ ရာခိုင်နှုန်း ကိုသာ ဆက်လက် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ အမှတ် ၂ စက်မှုဝန်ကြီးဌာန ဒု ၀န်ကြီး ဦးခင်မောင်ကျော်က ပြီးခဲ့သည့် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ နှစ်ပတ်လည် ညီလာခံတွင် ယင်းသို့ ပြောကြားခဲ့ကြောင်း Eleven မီဒီယာက ဖော်ပြသည်။

“ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပြောင်းလဲတဲ့အခါမှာ နိုင်ငံတော် ပိုင်ဆိုင်တဲ့ စက်မှုလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်း အထိကို ပုဂ္ဂလိက ထံ လွှဲပြောင်း ပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါမျိုးက မြန်မာနိုင်ငံတင် မဟုတ်ဘဲ တခြား ဒီမိုကရေစီနိုင်ငံ တွေမှာလည်း ဒီလိုမျိုးပဲ ဆောင်ရွက်လေ့ ရှိပါတယ်''ဟု ဦးခင်မောင်ကျော်က ညီလာခံ၌ ပြောခဲ့သည်။

နိုင်ငံပိုင်များဖြစ်သော စီးပွားရေးလုပ်ငန်း ၁၁၀ ၊ အဆောက်အအုံ ၃၂ ခု၊ စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်နှင့် ရန်ကုန် မြစ်ကမ်း တလျောက်ရှိ အလုံ ဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်း မြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချပြီးဖြစ်သည် ဟုလည်း Eleven မီဒီယာ၌ ရေးသား ထားသည်။

စက်မှုလုပ်ငန်းများ အပြင် နိုင်ငံပိုင် မော်တော်ယာဉ်၊ စီးပွားရေးလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ အဆောက် အအုံများနှင့် မြေကွက် များ၊ လမ်းတံတားများ၊ ဆိပ်ကမ်းများနှင့် အပန်းဖြေနေရာများကိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးစိုးမြင့်က “အခုလို ကိစ္စမျိုးတွေ ဗီယက်နမ် နိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ ဖွံ့ဖြိုး တိုးတက်မှုအတွက် ကျနော်တို့ အကောင်းမြင်ပါတယ်။ ဒါပေ မယ့် အခုအချိန် အထိတော့ အစိုးရကနေ တရားဝင် သတင်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး”ဟု ဧရာဝတီ သို့ ပြောသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ရန်ကုန်နှင့် မန္တလေးမြို့များတွင် အများဆုံးတည်ရှိသည့် တိုက်ခန်း၊ မြေကွက်၊ မြေနှင့် အဆောက် အအုံ စုစုပေါင်း ၁၃၇ ခုကိုရောင်းချရန်နှင့် မန္တလေးအပြင် ပဲခူး၊ ပြည်၊ တာချီလိတ်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ လားရှိုး၊ သံတွဲ၊ တောင်တွင်းကြီး မြို့များ၌ တည်ရှိသည့် အိမ်ခြံမြေများကို ရောင်းချရန် အတွက်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားကာ အဆိုပြုလွှာများ တင်သွင်းရန် ကြေညာ ထားပြီးဖြစ်သည်။

နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီ လိမီတက်ကို ပုဂ္ဂလိကပိုင် အဖြစ် ရောင်းချခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ အဆောက်အအုံများ၊ စက်ရုံများကို ရောင်းချနေခြင်းမှာ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပိုမို များပြားလာပြီး စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များက အများဆုံး ပိုင်ဆိုင်ခွင့် ရရှိထားသည်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့