..............................

Tuesday, January 11, 2011

DKBA နှင့် စစ်အစိုးရတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ကိုပေါက် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် စစ်အစိုးရ တပ်များအကြား ယမန်နေ့ မနက်မှ စကာ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်နေကြောင်း DKBA အရာရှိ တဦး အဆိုအရ သိရသည်။

ယမန်နေ့မနက် ၆ နာရီအချိန်မှစ၍ DKBA ကချဝါးလေးစခန်းကို စစ်အစိုးရ တပ်ရင်း ၂၃၁၊ ၃၅၅၊ ၃၅၉၊ ၅၄၈၊ ၅၄၉ အင်အား ၂ဝဝ ကျော်ဖြင့် စတင် ထိုးစစ်ဆင်ခဲ့ရာ၊ DKBA တပ်မဟာ (၅) လက်အောက်ခံ ၉ဝ၄၊ ၉ဝ၅ တပ်ရင်းများမှ အင်အား ၃ဝဝ ခန့် ဖြင့် ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီကနေ့လည်း မနက် ၇ နာရီ ၁ဝ မိနစ်မှ ပြန်ဖြစ်တယ်။ ညနေ ၆ နာရီမှာ ရပ်သွားတယ်။ သူတို့ စခန်းကို မရပါဘူး” ဟု DKBA ၏ ဖလူး၊ ဝေါလေ ဗျူဟာမှူး ဗိုလ်စောကျော်သက်က မဇ္ဈိမကို ပြောသည်။

နှစ်ရက်တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ ၃ဝ ကျော် ကျဆုံးပြီး ၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့ ဘက်တွင် ၂ ဦးသာ ဒဏ်ရာ ရရှိခဲ့ကြောင်း သူက ဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်၍ ကရင့်အမျိုးသားအစည်းအရုံး KNU တွဲဘက် အထွေထွေ အတွင်းရေးမှုး (၁) ပဒိုစောလှငွေက DKBA ထောင်ထားသည့် မိုင်းကွင်းများကြောင့် စစ်တပ်ဘက်က ယခုလို အကျအဆုံး များရခြင်းဖြစ်ကြောင်း သုံးသပ် ပြောဆိုသည်။

“ဘာမှမရှိလောက်ဘူးထင်ပြီး အထင်သေးပြီးတော့ ဝင်လာတဲ့အခါ DKBA က အပိုင်တွယ်ပြီး ရှောင်သွားတဲ့ အခါကျတော့ DKBA က ဘာမှ အထိအခိုက် မရှိဘူး” ဟု သူက ပြောသည်။

သူက ဆက်ပြီး “ဒီကနေ့ တွေ့တာကတော့ မတက်ရဲတော့ဘဲနဲ့ လက်နက်ကြီးနဲ့ လှမ်းထုတဲ့ သဘောပဲ။ DKBA ရှိမယ့် နေရာတွေ၊ စောင့်မယ့် နေရာတွေ လှမ်းထုတယ်။ DKBA လက်နက်ကြီးတွေ ဘာတွေ ထားမယ့်နေရာတွေ မှန်းထုတယ်။ DKBA အပေါ်စီး ဗျူဟာကုန်း ယူထားတဲ့ နေရာတွေ လိုက်ပြီး ထုနေတဲ့ သဘောပဲ။ ပတ်လည်ပဲ ထုနေပုံရတယ်။ ကြည့်ရတာ” ဟု ပြောသည်။

နအဖ ဘက်မှ ယနေ့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက် ပေါက်ကွဲ ခဲ့သေးရာ၊ လူသူ ထိခိုက်မှု မရှိသော်လည်း ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့် ထားလိုက်ကြောင်း သိရသည်။

တိုက်ပွဲအခြအနေကြောင့် အုကဲထ၊ ဝမျိုးထ၊ မောကထ ရွာများမှ ဒုက္ခသည် ၃ဝဝ ကျော် ထိုင်းနိုင်ငံ ဖုတ်ဖရ ဘက်သို့ ထပ်မံ ထွက်ပြေး တိမ်းရှောင် လာကြသည်။

လုံခြုံရေးအခြေအနေကြောင့် မြန်မာပြည်နယ်နမိတ်အတွင်း စစ်ဘေးရှောင် ပုန်းခိုနေထိုင် နေကြသူများလည်း အများအပြား ရှိနေကြောင်း ဒုက္ခသည်အရေး ကူညီစောင့်ရှောက် ပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။

“သူတို့လုံခြုံရေးအရ ဒုက္ခသည်တွေက နီးစပ်ရာ လယ်တောခြံတောတွေမှာ ခိုလှုံနေတာတွေ ရှိတယ်။ UNHCR တို့၊ NGO တို့ သိအောင် နေတဲ့ အနေအထားမှာ မဟုတ်တော့ အတိအကျ မပြောချင်ဘူး” ဟု သူက ပြောဆိုသည်။

မယ်တော်ဆေးခန်းနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက နီးစပ်ရာ ဒေသခံလူများနှင့် သွားတွေ့ကာ ဒုက္ခသည်များ လိုအပ်သည့် အခြေခံပံ့ပိုးမှု အကူအညီများ ပေးနေရသည်ဟု သူက ဆိုသည်။

မြဝတီ၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး ဒေသများတွင် နအဖ စစ်တပ်များနှင့် DKBA တပ်များ တိုက်ပွဲ ဖြစ်ပွား နေခဲ့သည်မှာ နိုဝင်ဘာလ ၇ ရက်နေ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နေ့ကတည်းက ဖြစ်သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့