..............................

Wednesday, January 12, 2011

ဂီရိသင့်ဒေသသို့ ဒေါ်လာတသန်းခွဲ အမေရိကန် ကူညီ

ကိုပေါက်
အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်းသင့် ဒေသများ စားနပ်ရိက္ခာ အတွက် အမေရိကန် အစိုးရက ဒေါ်လာ တသန်းခွဲဖိုး ကူညီမည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန် ကြေညာသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသခံများ အတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP သို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးဌာန USAID က ဒေါ်လာ တသန်းခွဲအား ပေးအပ်မှာ ဖြစ်သည်ဟု ဆိုသည်။

ဤသည်မှာ ဂီရိသင့်ဒေသ အရေးပေါ် အကူအညီအတွက ၄၅ ရာခိုင်နှုန်း ပေးနိုင်သေးပြီး ပြန်လည် ထူထောင်ရေး အတွက် ကန်ဒေါ်လာ ၃၇ သန်းခန့် လိုအပ်ကြောင်းနှင့် လူ နှစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်သေးကြောင်း ပြီးခဲ့သည့်လ ၂ဝ ရက်နေ့ထုတ် ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပူးပေါင်း ညှိနှိုင်းရေး အဖွဲ့ UN-OCHA ၏ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြား အကူအညီ ဖြစ်သည်။

အမေရိကန်၏ ယခုအကူအညီမှာ ဂီရိသင့်ဒေသအတွက် ဒုတိယမြောက်ဖြစ်ပြီး၊ ယခင်က အရေးပေါ် အကူအညီ အဖြစ် ဒေသခံ လူမှုကယ်ရေး အဖွဲ့များမှ တဆင့် ဒေါ်လာသုံးသိန်း လှူဒါန်းခဲ့သေးသည်။

“ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ယူအဲန်အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ မိသားစု၊ အများ အားဖြင့် ဥရောပ နိုင်ငံတွေနဲ့ လက်တင် အမေရိက နိုင်ငံတွေက ဝိုင်းဝန်းကူညီပေးတာကို ကျနော်တို့ ဝမ်းသာပါတယ်” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျပ်သန်း ထောင့်နှစ်ရာလောက် giri-cyclone-5ရှိမှာပေါ့။ ဆန်အိတ်တအိတ်က တသောင်း တထောင်လောက် ရှိသွားပြီ။ သုံးလလောက် လုံလောက်မှု ရှိမှာပါ။ မိသားစုတစုကို တအိတ်လောက် ပေးရင်လေ။ ကျနော် အကြမ်း တွက်ကြည့်တာပါ။ စားနပ်ရိက္ခာ ဆိုတာကတော့ သက်သာရေး အတွက်ပဲ ဖြစ်မှာပါ။ ပြန်လည် ထူထောင်ရေး အတွက်ဆို အများကြီးလိုဦးမှာပါ” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ဒေသခံတဦးကလည်း “ပျက်စီးသွားတဲ့ နေရာမှာ ဆုံးရှုံးမှုတွေကို အစား ထိုးပြီးတော့ ကူညီ ပေးတာတွေ ကျနော်တို့ ဒီနေ့ မတွေ့ရသေးပါဘူး။ ဆန်အိတ်လေးနဲ့၊ ဆီလေးနဲ့ အတို အထွာလေးတွေ နည်းနည်းပါးပါး ဝေကြတယ်။ အဲဒါ ပရဟိတ အသင်းတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေက။ ဒီမှာ UN က WFP ဆိုပြီးတော့လည်း ကျနော်တို့ ကားတွေ ဘာတွေနဲ့ သွားနေ လာနေတာတော့ တွေ့ပါတယ်။ ပြန်လည် ထူထောင်တာတော့ ကျနော်တို့ မတွေ့ရ သလောက်ပါဘဲ” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုပေါင်းပြီး ငွေကျပ် သိန်း ၁၅ဝ ခန့်အား မုန်တိုင်းသင့် ဒေသများသို့ သွားရောက် လှူဒါန်း ခဲ့သေးသည်။

၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ CRPP အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အချို့၊ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင်များက ဂီရိသင့် ဒေသများ အတွက် အကူအညီများ ပေးအပ်ရန် ပန်ကြားလွှာ တစောင်ကို နိုင်ငံ အသီးသီးသို့ ပေးပို့ခဲ့သေးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်များတွင် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေကြေပျောက်ဆုံးကာ လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့ အစည်းများက ထုတ်ပြန်ခဲ့သည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့