..............................

Wednesday, January 12, 2011

SSA – S အမည်ဖြင့် လူတစု နအဖ ထံ အလင်းဝင်

Tuesday, 11 January 2011

SSA – S တံဆိပ်တပ် လူတစု နအဖစစ်တပ်ထံ လက်နက်ချ အလင်း ၀င်ရောက်သည့် လက်နက်နှင့် ငြိမ်းချမ်းရေး အပြီး အပိုင် လှဲလှယ်ပွဲတစ်ခု သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့၌ ယနေ့ ကျင်းပခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“သျှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S လို့ပြောတယ်။ သူတို့ အင်္ကျီမှာလဲ SSA တံဆိပ် တပ်ထားတယ်။ စိုင်းယ ဦးဆောင်ပြီး လူအင်အား ၃၈၊ လက်နက် အချို့နဲ့ အလင်းဝင်တာဖြစ်တယ်” - ဟု အခမ်းအနား တက်ရောက်ခဲ့သူ လွိုင်လင် ဒေသခံ တစ်ဦးက ပြောပါသည်။

လက်နက်နှင့်ငြိမ်းချမ်းရေး အပြီးအပိုင် လှဲလှယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ မှ ၁၁း ၃၀ နာရီ အထိ လွိုင်လင် ဘောလုံးကွင်း၌ ကျင်းပခဲ့၏။ အရှေ့ပိုင်းတိုင်း စစ်ဌါနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး ကိုယ်တိုင် တက်ရောက် ကြောင်း၊ လွိုင်လင်နှင့် ပင်လုံမှ ဒေသခံ တစ်အိမ်တစ်ယောက်၊ ၀န်ထမ်းတိုင်း မသွားမနေရ အမိန့်ချသည့် အတွက် အခမ်း အနား၌ လူထု ၃၀၀၀ နီးပါး တက်ရောက်ကြောင်း ပြောပြပါသည်။

“အခမ်းအနားမှာ အလင်းဝင်တဲ့အဖွဲ့က အလင်းဝင်ရတဲ့ အကြောင်းရင်းကို အချက် ၁၀ ချက် ၁၂ ချက်လောက် သျှမ်းစကားနဲ့ ပြောတယ်။ နအဖက အလင်းဝင်တဲ့ အဖွဲ့ကို ဆန်၊ ငွေသားနဲ့ အိပ်ယာတွေ ပေးတယ်။ သူတို့အဖွဲ့ အခြေချ ရမဲ့ နေရာကိုတော့ မပေးသေးဘူး” ဟု လွိုင်လင်မြို့ ၀န်ထမ်းတဦးက ပြောပါသည်။

“၂၀၀၄-၂၀၀၅ ကတည်းက ကျနော်တို့ ထိန်းချုပ်နယ်မြေ (သျှမ်းပြည်အလယ်ပိုင်း) မှာဘဲ ခိုလှုံခွင့် တောင်းတယ်။ သူ့ကို လုပ်ငန်း တာဝန် ခွဲဝေ ထမ်းဆောင်ဖို့၊ ဌါနချုပ်ကို လာဖို့၊ အကြိမ်ကြိမ် ဖိတ်ခေါ်တယ်။ လွန်ခဲ့တဲ့ တစ်လကျော် အထိဘဲ။ သူက မလာဘူး။ ဒါ့ကြောင့် သူ့မျက်နှာလဲ ကျနော်မမြင်ဖူးဘူး။ SSA မှာ သူ ဘာတာဝန်မှ သူမထမ်းဆောင် ခဲ့ရပါဘူး” ဟု ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က ပြောပါသည်။

စိုင်းယ ခေါ် လောဝ်းယ အကြောင်းသိသူ ထိုင်း-သျှမ်းနယ်စပ် အခြေစိုက် သျှမ်းပြည်အရေး လေ့လာသူ ပုဂ္ဂိုလ်တဦးက

“SSA-S နာမည်နဲ့ အလင်းဝင်တယ် ဆိုပေမဲ့ သူက ဟိုမရောက် ဒီမရောက်ပါဘဲ။ ဒီတပ်ဖွဲ့မှာ နေလိုက်။ တော်ကြာ နောက်တခြား တပ်ဖွဲ့ထဲ ပြောင်းသွားလိုက်နဲ့။ အလင်းဝင်တာလဲ မဟာကြာ ကနေတဆင့် နအဖကို ဆက်သွယ်တာ ဖြစ်တယ်။ သူနဲ့ မဟာကြာ အကြံဖန် ထုတာပေါ့။ နအဖ လိုချင်တဲ့ လူအင်အား ပြည့်အောင် အလုပ်မရှိတဲ့သူ၊ ဘိန်းစား တွေကို စုဆောင်း၊ လက်နက်တွေ အကြံဖန်ရှာပြီး အလင်းဝင်တာ ဖြစ်တယ်”

စိုင်းယ ခေါ် မောင်လှသည် သျှမ်းလူမျိုးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) လက်အောက်ခံ ၀ တပ်ဖွဲ့၌ တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲသွားပြီးနောက် ပူဟိန်ကန္န (မိုင်းယွမ်း/မိုင်းကိုင်မြို့နယ်) ဦးဆောင် သည့် တပ်မဟာ ၂၇၅ သို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် စိုင်းယသည် နအဖ စစ်အုပ်စု အရာရှိများနှင့် ပူးပေါင်း၍ မူးယစ် ဆေးဝါး ထုတ်လုပ်ခဲ့၏။ နအဖ စစ်တပ်နှင့် လောပန်းအကြား ဆက်ဆံရေး ပျက်ပြားသော အခါ ၎င်း၏ မူးယစ်ဆေးဝါးများ ကို နအဖမှ ၀င်ရောက် သိမ်းဆည်းရာ ဗိုလ်မှူး ၂ ယောက်အား သတ်ဖြတ်ပြီး တောခိုခဲ့၏။ လွန်ခဲ့သော တလကျော်က တပ်ပြေးဘ၀ဖြင့် လဲချားမြို့နယ် ၀မ့်ပန်၌ ဗိုလ်မှူးစိုင်းထွယ့် (ဗိုလ်မှူးကြီး မိုင်းဇင့် လက်အောက်ခံ)တပ်ဖွဲ့နှင့် ပူးတွဲ နေထိုင်ခဲ့၏။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့