..............................

Tuesday, January 11, 2011

သာကေတရှိ ဘုန်းကြီးကျောင်းများ ရွှေ့ပြောင်းရမည်

ဆက်လင်း
Monday, 10 January 2011

ရန်ကုန်တိုင်း သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီးရှိ ဘုန်းကြီးကျောင်းများကို စစ်အစိုးရက ရွှေ့ပြောင်းရန် စီစဉ် နေသည်ဟု အဆိုပါ ကျောင်းများတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော်များက မိန့်ကြားသည်။

ရှုခင်းသာလမ်းမကြီးပေါ် ပဲခူးမြစ်ကမ်းဘေးတွင် တည်ရှိသည့် အောင်သီတာ၊ ဇေတ၀န်၊ မြို့ဦးကင်း၊ မင်္ဂလာရာမ စသည့် စာသင် တိုက်ကြီးများ၊ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ် ထားသော မိုးကုတ် အောင်ငြိမ်းချမ်း ကျောင်းတိုက်၊ ကျောင်းသား ကျောင်းသူများကို အင်္ဂလိပ်စာ အခမဲ့ သင်ကြားပေးနေသော ကံဇေယျုံ ကျောင်းတိုက်၊ သဲအင်းဂူ ဓမ္မရိပ်သာ ကဲ့သို့ ၀ိပဿနာ ကျောင်းတိုက်များ အပါအ၀င် ဘုန်းတော်ကြီးကျောင်း ၆၀ ကျော်ကို ရွှေပြည်သာမြို့နယ် ၀ါးတရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြားသည်ဟု ရွှေ့ပြောင်းရမည့် စာရင်းတွင် ပါဝင်သည့် စာသင်တိုက် တတိုက်မှ သံဃာတော် တပါးဖြစ်သည့် ဦးအဂ္ဂက မိန့်ကြားသည်။

“ဖယ်ပေးရမယ့် ကျောင်းတွေထဲမှာ စာသင်တိုက် ၁၀ တိုက်လောက်နဲ့ တခြား ဘုန်းကြီးကျောင်း ၆၀ လောက် ရှိတယ်။ ဒီမှာသီတင်း သုံးနေတဲ့ သံဃာဆိုရင် အပါး ထောင့်ငါးရာလောက် ရှိမယ်”ဟု ဦးအဂ္ဂက မိန့်သည်။

၎င်းက ဆက်လက်၍“ဘုန်းကြီးကျောင်းတွေ ဖယ်ပေးရမယ်ဆိုတာကတော့ လွန်ခဲ့တဲ့ တနှစ်လောက် ကတည်းက သတင်းတွေထွက် နေတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကတော့ စည်ပင် သာယာက ၀န်ထမ်းတွေရယ်၊ စစ်တပ်က အာဏာပိုင်တွေရယ်၊ ထူး ကုမ္ပဏီက ၀န်ထမ်း တွေရယ် လာပြီးတော့ ဓာတ်ပုံရိုက်တာ၊ မြေတိုင်းတာ တွေ လာလုပ်သွားတယ်”ဟုလည်း မိန့်ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ် ယုဇန ဦးဌေးမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန် နီးစပ်သူဟု လူသိများသော ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇတို့၏ ဆိပ်ကမ်း စီမံကိန်းနှင့် လမ်းတိုးချဲ့မှု စီမံကိန်းတို့ဖြင့် မလွတ်သောကြောင့် ဘုန်းကြီးကျောင်းများ ကို ရွှေ့ပြောင်းရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

“ရွှေ့ရမယ်ဆို ရေတပ်စခန်းလည်း မလွတ်ဘူး။ ရှုခင်းသာပန်းခြံနဲ့ ဟိုတယ်လည်း မလွတ်ဘူး။ ဒါပေမယ့် ဒါတွေ ရွှေ့ရမယ်လို့ အသံ မကြားသေးဘူး။ ဘုန်းကြီးကျောင်းတွေ အရင် လာဖယ်ခိုင်းနေတယ်”ဟု ဇေတ၀န် ကျောင်းတိုက်မှ စာချ သံဃာတပါးက မိန့်သည်။

ပြောင်းရွှေ့ရမည့် ဘုန်းကြီးကျောင်းများဖြစ်သည့် အောင်သီတာ၊ ဇေတ၀န်ကဲ့သို့ စာသင်တိုက်များတွင် စာသင်သား သံဃာ အပါး ၂၀၀ ကျော်ရှိသဖြင့် ၀ါးတရာသို့ ပြောင်းရွှေ့လိုက်ပါက သာကေတ မြို့ခံ လူထုကို ဆွမ်းကွမ်း ဝေယျာဝစ္စ မှီခိုနေရသော အဆိုပါ စာသင်တိုက်များ အခက်အခဲ ကြုံတွေ့မည်ကို စိုးရိမ်နေ ကြသည်ဟု အောင်သီတာ ကျောင်းတိုက်မှ စာသင်သား သံဃာ တပါးက မိန့်ဆိုသည်။

“ဒီမှာရှိတဲ့ ကျောင်းတွေအားလုံးက ဆွမ်းကွမ်းအတွက် ပတ်ဝန်းကျင်ရပ်ကွက်တွေက လှူဒါန်းတာကို အားကိုး နေရတာ။ အခုပေးမယ့် နေရာက တကယ့်ကို ကွင်းပြင်ထဲ ပို့လိုက်တာ။ ဆွမ်းကွမ်း အတွက်လည်း အခက်အခဲရှိတယ်”ဟုလည်း ၎င်းက မိန့်သည်။

ပြောင်းရွှေ့ရမည့်ရက်ကို အတိအကျမသိရသေးသော်လည်း ပြောင်းရွှေ့ရမည့်နေရာတွင် အဆင် မပြေမှု များစွာ ရှိနေသည်ကို သိသဖြင့် လက်ရှိ သာသနာ့ နယ်မြေအတွက် ခုံခံကာကွယ် သွားမည် ဖြစ်ကြောင်း ဒေသခံ ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

“သူတို့ မြေလာတိုင်းပေမယ့် သံဃနာယက အဖွဲ့ကတော့ တရားဝင် အစည်းအဝေး မခေါ်သေးဘူး။ တကယ် သေချာတယ် ဆိုရင် တော့ သာသနာ့မြေကို အထိမခံနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ဝါးတရာရှိ မြေကွက်များပေါ်တွင် စာသင်တိုက်တတိုက်လျှင် ပေ ၂၀၀ ပတ်လည်နှုန်းနှင့် ကျောင်းတကျောင်းလျှင် ပေ ၉၀ နှုန်း ပြန်လည် နေရာ ချထားပေးမည်ဟု အကြောင်းကြားသော်လည်း ယခု ဆောက်လုပ်ထားသော နှစ်ထပ်၊ သုံးထပ် ကျောင်းဆောင်များကိုမူ ပြန်လည် ဆောက်လုပ်ရန် မတတ်နိုင်တော့ကြောင်း သိရသည်။

ရှုခင်းသာ ဘုန်းကြီးကျောင်းများသည် ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန် ရေးတွင် တတ်ကြွစွာ ပါဝင်ခဲ့သည့် ဘုန်းကြီးကျောင်းများ ဖြစ်သဖြင့် စစ်အစိုးရက အငြိုးထား ရွှေ့ပြောင်း ခိုင်းခြင်းလည်း ဖြစ်နိုင်သည်ဟု သာကေတ မြို့ခံများက ပြောသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ရှုခင်းသာဘုန်းတော်ကြီး ကျောင်းများကို လာရောက် စီးနင်းသည့် စစ်တပ်နှင့် သာကေတ မြို့ခံ လူထုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ပစ်ခတ် ခဲ့သော ကျည်ဆန်ကြောင့် သာကေတ ၄ ရပ်ကွက် တောင်ပိုင်းနေသူ တဦး သေဆုံးခဲ့ကြောင်း၊ စစ်ကားများဖြင့် ၀င်ရောက် မဖမ်းဆီးနိုင် သဖြင့် ပဲခူးမြစ် အတွင်းမှ ရေတပ် သင်္ဘောများဖြင့် ၀င်ရောက် ကာ သံဃာတော်များကို ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ၁၀ ရပ်ကွက်နှင့် ရှုခင်းသာရပ်ကွက်တို့တွင် ဘုန်းကြီးကျောင်းများ တစု တဝေးတည်း ရှိပြီး ၁၀ ရပ်ကွက်မှ ကျောင်းများကို ၁၉၉၀ ပြည့်လွန် နှစ်များက ဒဂုံမြို့သစ် တောင်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ဖူးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့