..............................

Friday, January 14, 2011

ပါလီမန်အရေခြုံ စစ်အာဏာရှင် စနစ်ဟု ABSDF ဥက္ကဋ္ဌ ပြော

Thursday, 13 January 2011

မကြာမီ မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာမည့် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “က” ကြိုးအတိုင်း “က” ရမည့် ပါလီမန် အရေခြုံ စစ်အာဏာရှင် စနစ် ဖြစ်မည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက သျှမ်းသံတော်ဆင့်သို့ ယနေ့ ပြောကြားသည်။

“လာမဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ပေါ်လာမဲ့ အစိုးရသစ်ဟာ ပါလီမန်မျက်နှာဖုံးစွပ်ရင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကကြိုး အတိုင်း ကရမဲ့ အစိုးရ တစ်ခု ဖြစ်တယ် ဗီဇစရိုက်ကတော့ စစ်အာဏာရှင် စနစ်ပဲ ” ဟု သူက ပြောသည်။

၎င်းအစိုးရသစ် ပေါ်လာရုံဖြင့် မြန်မာနိုင်ငံသားများ ဆုံးရူံးနေသည့် လွတ်လပ်မှု ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုသည့် အရာများ ရရှိမည်ဟု မယုံကြည်ကြောင်း သူက ဆိုသည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်သစ်တစ်နှစ်ရောက်တိုင်း ဆုတောင်းရုံ နူတ်ခွန်းဆက်ရုံဆိုတဲ့ အခြေအနေ ကနေ မလွတ် မြောက်သေးဘူး ၂၂ နှစ်ကြာ စစ်အာဏာရှင် ဆန့်ကျင်ရေး သမိုင်းထဲမှာ အလုပ် မဖြစ်တာတွေ အများကြီး ရှိတယ် ဒီနေ့ ၂၀၁၁ ထဲမှာ ခွန်အားသစ် မွေးပြီး ဒီမိုကရေစီနဲ့ အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် ဆက်လက်ချီတက် ရအုံးမှာပဲ” ဟု သူ့အမြင်ကို ဆက်ပြောသည်။

ထို့အပြင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က နအဖ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံသားတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ အပေါ် ABSDF အဖွဲ့က ကန့်ကွက်သည့် ကြေငြာချက်ကို ယနေ့ ထုတ်ပြန်မည်ဟု သိရသည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းချက်သည် တပ်မတော်တစ်ခုတည်းနှင့် ဆိုင်သည့် အရာ မဟုတ်ပဲ နိုင်ငံသား အားလုံး၏ ဘ၀နှင့် တိုက်ရိုက် ပတ်သက် သဖြင့် လွတ်တော်အတွင်း ဥပဒေပြဋ္ဌာန်းရုံဖြင့် မလုံလောက်ကြောင်း ပြည်သူ့ ဆန္ဒခံယူဖို့ လိုအပ်ကြောင်း သိရသည်။

ယင်းဥပဒေသည် နအဖ၏ စစ်တပ်ဗဟိုပြု စဉ်းစားချက်ဖြစ်ပြီး တိုင်းပြည် ကာကွယ်ရေးနှင့် တည်ငြိမ်ရေးကို မဆောင်ရွက် နိုင်ကြောင်း ပြည်တွင်း စစ်ကာလ နိုင်ငံ မတည်ငြိမ်သည့် ကာလတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား သွေးစည်း ညီညွတ်ရေးကို အပြင်းအထန် ထိခိုက် စေနိုင်သဖြင့် ကန့်ကွက်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF သည် နအဖ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေ သည့် ထိုင်း- မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့