..............................

Thursday, December 1, 2011

ရန်ကုန် ကုန်းကျော်တံတားတို့အတွက် အစိုးရ ငွေချေး

မျိုးသန့်၊ မင်းသက်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင်း ယာဉ်အသွားအလာ ကျပ်သည့်ပြဿနာကို ဖြေရှင်းရန် ကုန်းကျော် တံတားလေးခုကို တည်ဆောက်ရန် လိုအပ်နေရာ အစိုးရ၏ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ကုန်ကျ စရိတ်များကို ဘဏ်များမှ ချေးယူ သုံးစွဲကာ တည်ဆောက် ရမည်ဟု စက်မှု (၁) နှင့် (၂) ဝန်ကြီး ဦးစိုးသိန်းကပြောသည်။

ရန်ကုန်မြို့ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ လမ်းဆုံများတွင် ကုန်းကျော်တံတား များကို လေးလ အတွင်း အပြီး တည်ဆောက်မည် ဖြစ်သည်။ ကုန်ကျ စရိတ်များကို ကမ္ဘောဇဘဏ်၊ စက်မှုဘဏ်နှင့် အခြား ဆောက်လုပ်ရေး ကုမ္ပဏီ တခုမှ ကုန်ကျစရိတ် ချေးယူ သုံးရမည်ဟု တနင်္လာနေ့က ပြုလုပ်သည့် နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ သတင်းစာ ရှင်းလင်းပွဲတွင် ဦးစိုးသိန်းက ပြောခြင်းဖြစ်သည်။ သို့သော် မည်သည့် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည်ကို ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။

"ကုန်းကျော်တံတားဆောက်ဖို့ကိစ္စမှာ အစိုးရပိုက်ဆံနဲ့မဟုတ်ဘူး။ အစိုးရပိုက်ဆံကမရှိဘူး အစိုးရက ဒီနေရာတွေ အကုန် မခံနိုင်ဘူး။ ဒါကြောင့် ဘဏ်ချေးငွေနဲ့ လုပ်မယ်။ ရန်ကုန်ကို ဖြစ်စေချင်လွန်းလို့။" ဟု ဦးစိုးသိန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ရန်ကုန်မြို့ကို စင်္ကာပူမြို့ကဲ့သို့ တိုးတက်အောင် လုပ်စေချင်သည့် ဆန္ဒရှိသည်ဟု ဆိုကာ "နိုင်ငံတော် သမ္မတကြီးရဲ့ ဆန္ဒအရ ကျနော် ရန်ကုန်မြို့ကြီးကို တိုးတက်အောင် လုပ်ပေးပါ။ လက်ရှိ အခြေအနေအရ တော်တော်လေးကို အခက်အခဲ ရှိနေတယ်လို့ လမ်းညွှန် ပေးပါတယ်။ ဖြစ်ချင်တာကတော့ စင်္ကာပူလို ဖြစ်အောင် လုပ်စမ်းဗျာ၊ ကျနော့်ကို ဒီလိုပြောပါတယ်။" ဟု ဦးစိုးသိန်းက ပြောသည်။

လူဦးရေ ခြောက်သန်းကျော်ရှိသော ရန်ကုန်မြို့အတွင်း ရထားလမ်း၊ ကားလမ်းကွန်ယက်များ၊ ရေဆိုးထုတ် စနစ်၊ သောက်သုံးရေသန့် ရရှိရန် စသည့် ရန်ကုန်မြို့ ဖွံ့ဖြိုးရေး စီမံချက်များကိုလည်း ရန်ကုန်မြို့တော်နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့မှ ရေးဆွဲရန် ပြင်ဆင် နေကြောင်း ဝန်ကြီးက ပြောသည်။

"ငွေအရမ်းကုန်ဖို့ မဖြစ်အောင်လည်း လုပ်ရသေးတယ်။ ကိုယ့်အခြေအနေနဲ့ ကိုက်အောင်လုပ်ရတာ၊ နောက် ငါးနှစ်၊ ခြောက်နှစ် လောက်မှ လုပ်မယ်ဆိုရင်လည်း မဖြစ်သေးဘူး။ မြန်မြန်လည်း ဖြစ်ဖို့ကောင်းတာပေါ့။" ဟု ဆိုသည်။

အစိုးရ၏ ၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရ၏ လိုငွေ ၂,၂၀၁.၄၅၀ ဘီလီယံကျပ် ရှိနေပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေမှာ ၁၇ဝ.၄၉၅ ဘီလီယံကျပ် ရှိနေသည်ဟု အောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက မဇ္ဈိမကို ပြောဆိုဖူးသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် စက်မှုဝန်ကြီးဌာန (၁) နှင့် (၂) ကို ပြန်လည် ပေါင်းစည်းကာ စက်မှု ဝန်ကြီးဌာန တခုတည်းသာ ထားရှိတော့မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

အစိုးရ၏ ထိုလုပ်ဆောင်ချက်နှင့်ပတ်သက်၍ "အစိုးရ ပါးသွားအောင်လုပ်လိုက်တာ၊ ပိုပြီးတော့ သပ်သပ်ရပ်ရပ် ဖြစ်သွားအောင်၊ အစိုးရ ဝန်ထုပ်ကြီး ကြီးမှာစိုးလို့ ကျနော်တို့က လုပ်လိုက်တဲ့ သဘောရှိပါတယ်။" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

ရန်ကုန်တွင် မိုးပျံရထားလမ်းများ တည်ဆောက်နိုင်ရန်အတွက် ပြည်ပရင်းနှီး မြှုပ်နှံမည့်သူများကို မြန်မာ အစိုးရက ရှာဖွေလျှက် ရှိသလို ရေဆိုး စွန့်ထုတ်စနစ်၊ မိလ္လာ စနစ်များကိုလည်း ပြန်လည် ပြင်ဆင်သွားမည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့