..............................

Tuesday, November 29, 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခြင်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် လက်ခံ

Sunday, 27 November 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခြင်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က Eleven Media Group သို့ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ကိုယ်စားလှယ် နှစ်ဦးတို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သွားရောက်၍ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ပြီး ယင်းကဲ့သို့ လျှောက်ထားခြင်းအား ကော်မရှင်က လက်ခံလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လျှောက်ထားရာတွင် ဦးတင်ဦး အပါအ၀င် ပုဂ္ဂိုလ် ၂၁ ဦးက အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ယင်းလျှောက်ထား ချက်နှင့်ပတ်သက်ပြီး ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ် ပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ၀န်ကြီးဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခမောက်တံဆိပ် ပြောင်းမည် ဖြစ်သော်လည်း မည်သည့်တံဆိပ် ပုံစံ ဖြစ်မည်ကိုမူ မဆုံးဖြတ်ရ သေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတစ်ရပ် တည်ထောင်၍ ပြည်ထောင်စု တစ်ဝန်းလုံး တွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ ဖြစ်စေ စည်းရုံး ဆောင်ရွက်လိုသည့် ပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးသည် ယင်းတို့ တည်ထောင်လိုသော ပါတီ၏ အမည်ကို ဖော်ပြ၍ ပါတီဝင်များကို ဥပဒေနှင့်အညီ စည်းရုံး ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရမည် ဖြစ်ကြောင်း၊ လျှောက်ထားသော လျှောက်လွှာကို လက်ခံရရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လျှောက်လွှာတွင် ဖော်ပြထားသော အချက်များကို စိစစ်၍ ဥပဒေ နှင့် ညီညွတ်ကြောင်း တွေ့ရှိပါက လျှောက်ထားချက်ကို ခွင့်ပြုရမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိပါက လျှောက်ထားချက်ကို ငြင်းပယ်ရမည် ဖြစ်ကြောင်းနှင့် ပါတီ တည်ထောင်လိုသူများသည် ခွင့်ပြုချက်ရရှိလျှင် မိမိတို့ အနက်မှ ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင် တစ်ဦးတို့ကို ရွေးချယ်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့သည် သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်း၍ မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံ တင်ပေးပါရန် တည်ထောင်လိုသော ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်၊ တည်ထောင်လိုသော ပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ် စသည့် သတ်မှတ်ချက်များ ကိုတင်ပြပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲ များတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ အစည်းအဝေးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့မှုနှင့် အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကျင်းပမည့် လစ်လပ်မဲ ဆန္ဒနယ် အားလုံးတွင် ၀င်ရောက်ယှဉ် ပြိုင်ရန်ရှိကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မှတ်ပုံတင် တည်ထောင်ခဲ့သော ပါတီဖြစ်သည်။ သို့သော် ယခင်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ထုတ် ပြန်ခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံ မှတ်ပုံတင်ရမည် ဖြစ်သော်လည်း ကန့်သတ်ချက်များကြောင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ အစည်းအဝေးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Ref: EMG News

0 comments:

အပေါ်သို့