..............................

Monday, November 14, 2011

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် KNU ကိုယ်စားလှယ်အဖွဲ့ ဖွဲ့

ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU က အရေးပေါ် ညီလာခံကျင်းပခြင်း သုံးရက်မြောက် ကြာသာပတေး နေ့တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိုယ်စားလှယ် ခုနှစ်ဦးပါအဖွဲ့ကို ဖွဲ့စည်း လိုက်သည်ဟု KNU အသိုင်းအဝိုင်းမှ သိရသည်။

ငြိမ်းချမ်ရေး ဆွေးနွေးရန် KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တော်ဌာမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေးတို့ကို ဖွဲ့စည်းလိုက်သည်ဟု နီးစပ်သူ တဦးက ပြောသည်။

“ငြိမ်းချမ်းရေးကိုယ်စားလှယ် ဖွဲ့လိုက်တာက သေချာသွားပြီ။ အသေးစိတ်တော့မသိရသေးဘူး။ ခုနှစ်ယောက်မှာ ခေါင်းဆောင်တွေ ပါတယ်။ ခရိုင်ကတယောက် ပါတယ်။”ဟု သူက မဇ္စျိမကို ပြောသည်။

KNU ထိပ်ပိုင်းခေါင်များဖြစ်သော ဗဟိုကော်မတီဝင်များ အပါအဝင် စစ်ဘက်နှင့် အရပ်ဘက်အဖွဲ့ဝင်များ စုစုပေါင်း ၅ဝ ဦးခန့် ညီလာခံတွင် ဆွေးနွေးနေသည်ဟု သိရသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU ခွဲထွက်ခဲ့သော ဗိုလ်ချုပ် နှုတ်ခမ်းမွှေး ဦးဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး DKBA ၏ အစိုးရနှင့် အပစ်အခတ်ရပ်ရေးကို ကရင်ပြည်နယ် မြဝတီမြို့ တာအုထာ့ ကျေးရွာတွင် သောကြာနေ့၌ ရှင်းလင်းခဲ့သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်မြို့နယ်၊ ကျိုက်ဒိုမြို့နယ်၊ ကော့ကရိတ်မြို့နယ်များမှ မယ်ထော်တလေး၊ အင်ကြင်း မြိုင်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ တောင်နီ၊ ဆုံဆည်းမြိုင်၊ ဝေါ်လေ စသည့် ကျေးရွာပါင်း ၃၇ ရွာမှ ဒေသခံ ကိုယ်စားလှယ် ၇ဝ ကျော်ကို ဗိုလ်ချုပ်နှုတ်ခမ်းမွှေးက ယနေ့ နံနက် ၈ နာရီမှ ၁ဝ နာရီခွဲထိ အပစ်အခတ် ရပ်မှုကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“စစ်အစိုးရနဲ့ နှစ်ဦးသဘောတူပြီးတော့ အပစ်အခတ် ရပ်ထားတာကို သူတို့က ရှင်းပြတယ်။ ဒေသဖွံ့ဖြိုးရေးတွေက လမ်းပန်း ဆက်သွယ်ရေးတို့၊ လမ်း၊ တံတားတွေ၊ အဆောက်အဦးတွေ ကျနော်တို့ ပြည်သူတွေအတွက် လုပ်ကိုင်ပေးမယ် ဆိုတာတွေပေါ့နော်၊ ကျနော်တို့ တတွေကတော့ အဲဒီလို ရပ်ထားတာကတော့ သဘော တူညီကြတာပေါ့နော်။” ဟု သေ့ဘောဘိုး ကျေးရွာ အုပ်စုမှ ကိုယ်စားလှယ် တဦးက ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု DKBA ခေါင်းဆောင်များက ပြောဆိုခဲ့သဖြင့် ထိုဒေသများတွင် ပညာရေး နိမ့်ကျနေသဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အဓိက အားဖြင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးမှုကို လုပ်ဆောင်ရန် လိုလား နေသည်။

ယနေ့ ရှင်းလင်းပွဲတွင် DKBA ခေါင်ဆောင်များဖြစ်သော ဗိုလ်ချုပ်နှုတ်ခမ်းမွှေး ဒုစစ်ဦးစီးချုပ် စောမူရှေး၊ စစ်ရေးချုပ် ဗိုလ်မှူး စောစိန်မြင့်၊ စစ်ထောက်ချုပ် ဗိုလ်စတီးတို့က ရှင်းလင်းခဲ့ကြသည်ဟု ဆိုသည်။

“ကျနော်တို့က ပြန်ပြီးတော့ တောင်းဆိုရမယ်။ တခါတည်းဆွေးနွေးပြီး တခါတည်း တောင်းလို့ တခါတည်းလုပ်လို့ မရတဲ့ အနေအထားမှာ ရှိနေတယ်နော်။ ဖွံ့ဖြိုးရေးဆိုတာက နိုင်ငံတော်မှာ ကျနော်တို့ တင်ပြမယ်။ ကျနော်တို့ရွာမှာ ဆေးခန်း လိုတယ်။ စာသင်ကျောင်းလိုတယ်။ တံတားဆောက်ဖို့ လိုတယ်။ အဲဒါတွေပဲ လုပ်ရမှာပေါ့။”ဟု DKBA မှ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

DKBA အဖွဲ့ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆက်စပ်မှုရှိသည်ဟု စွတ်စွဲပြောဆိုမှုနှင့် ပတ်သက်၍ မေးမြန်းသည် ဟု မဟုတ်ကြောင်း ငြင်းဆိုသည်။

နိုဝင်ဘာ ၆ ရက်နေ့မှစတင်၍ နှစ်ဘက်အပစ်ခတ် ရပ်စဲခဲ့သည့် အကြောင်းကို ရှင်းလင်းရန် ယမန်နေ့ ကြာသပတေးနေ့တွင် ပြုလုပ်ရန် စီစဉ် ခဲ့သော်လည်း လူထုမှ အချိန်မီရောက်မလာခဲ့သဖြင့် ရွှေ့ဆိုင်းလိုက်ကာ ယနေ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၃ ရက်နေ့က ဗဟိုအစိုးရ ကိုယ်စာလှယ်ဘက်မှ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကြံ့ခိုင်ရေး အတွင်းရေးမှူး (၂) ဦးသိန်းဇော်နှင့် ဗိုလ်ကြီးမောင်မောင်သိန်းတို့ ဒုတိယအကြိမ် တွေ့ဆုံပြီး သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။

အပစ်ခတ်ရပ်ရန်၊ မြဝတီမြို့တွင် DKBA၏ ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့်ပြုရန်၊ နယ်မြေကျော်ကာ လက်နက်ကိုင် သွား လာလျှင် ကြိုတင် အကြောင်းကြားရန်၊ နယ်မြေ သတ်မှတ်ပေးရန်နှင့် နှစ်ဘက် ဆွေးနွေးပြီးနောက် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန်တို့ ပါဝင်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့