..............................

Thursday, November 17, 2011

လိုအပ်လာတဲ့အချိန် ဟုတ် – မဟုတ်

မြင်းရည်တက်ဦးသာ
November 16, 2011

လာမယ့် နိုဝင်ဘာ (၁၈) ရက်နေ့မှာ NLD ပါတီက ဗဟိုဦးစီးအဖွဲ့အစည်းအဝေး ခေါ်ယူပြီး မှတ်ပုံတင်/မတင်၊ ရွေးကောက် ပွဲ ဝင်/မဝင် ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြည်တွင်း ဂျာနယ်တစောင်မှာ ဇင်ဘာဘွေ အမျိုးသား ညီညွတ်ရေး အစိုးရ (National Unity Gove- rnment) ရဲ့ ဝန်ကြီချုပ် ချန်ဂီရိုင်းက သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက် သမတ ရောဘတ် မူဂါဘီဟာ အသက်အရွယ်နဲ့ ကျန်းမာရေး ကြောင့် အနားယူ သင့်ပြီလို့ ပြောတာ ဖတ်လိုက်ရပါတယ်။ ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်နေတဲ့ သမတ ရောဘတ်မူဂါဘီကို အခုလိုအနားယူ ဖို့ပြောရတာ နိုင်ငံအတွက် သူ့ဂုဏ်သိက္ခာနဲ့ ကလေးများအတွက် ပြောတာဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြတဲ့အပြင် နိုင်ငံခြားသွားပြီး ဆေးကုရလို့ မူဂါဘီအတွက် ဆေးကုသ စားရိတ်တွေ အကုန်အကျ များတဲ့ အပေါ် ဝေဖန်မှု တွေကိုလည်း ဝန်ကြီးချုပ်က ကာကွယ် ပြောကြားတယ်လို့ ဆိုပါတယ်။

တကယ်တော့ သမတမူဂါဘီနဲ့ ဝန်ကြီးချုပ်ချန်ဂီရိုင်းတို့ဟာ ဆယ်စုနှစ်တခုကျော်ကြာ မဟာ ရန်သူတော်တွေ ဖြစ်ကြပါတယ်။ သည်အကြောင်းကို အကြမ်းဖျင်း မိတ်ဆက်ပေးရမယ် ဆိုရင် ၂၀၀၀ ခုနှစ်မှာ မူဂါဘီ ခေါင်းဆောင်တဲ့ အာဏာရ ဇာနု-ပီအက်ဖ် (ZANU-PF) က ကမကထလုပ် ကျင်းပခဲ့တဲ့ သမိုင်းဝင် အခြေခံ ဥပဒေ ဆန္ဒခံယူပွဲဟာ အတိုက်အခံ ခေါင်းဆောင် ချန်ဂီရိုင်း ခေါင်းဆောင်တဲ့ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် လှုပ်ရှားမှုပါတီ (MDC) ရဲ့ စည်းရုံး လှုံ့ဆော်မှုကြောင့် ပြည်သူလူထုက အခြေခံ ဥပဒေမူကြမ်းကို ပယ်ချခဲ့တယ်။ (၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်တဲ့ NLD က ရာနှုန်း ၉၄.၃% နှုန်းနဲ့ အနိုင်ရတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။)

လူထုကြီးရဲ့ တခဲနက် ထောက်ခံမှုကြောင့် ချန်ဂီရိုင်း ခေါင်းဆောင်တဲ့ (MDC) ပါတီဟာ အခြေခံ ဥပဒေကို ပယ်ချ နိုင်ခဲ့ပေမယ့် အစိုးရနဲ့ သူ့အေးဂျင့်တွေက ချန်ဂီရိုင်းကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစား လာကြတယ်။ နိုင်ငံပိုင် သတင်းစာတွေကလည်း (ဗမာပြည်မှာလို) ချန်ဂီရိုင်းကို အပုတ်ချ စွဲဆို တိုက်ခိုက်တဲ့ သတင်းတွေကို ခေါင်းကြီးပိုင်း ဖော်ပြခဲ့တယ်။ တခါကဆိုရင် အာဏာရှင် အစိုးရရဲ့လူတစုက ချန်ဂီရိုင်းကို အထပ် ဆယ်ထပ်မှာရှိတဲ့ သူ့ရုံးခန်းရဲ့ ပြတင်းပေါက်က အောက်ကို ပစ်ချပြီး သတ်ဖို့အထိ ကြိုးပမ်း ခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၀၀ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ချန်ဂီရိုင်းဟာ သစ္စာဖောက်မှုနဲ့ စွဲချက်တင် ဖမ်းဆီး တရားစွဲ ခံခဲ့ရတယ်။ ဒါပေမယ့် သြဇာ ကြီးတဲ့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာက ဝိုင်းဝန်း ကြိုးပမ်းတာကြောင့် ၂၀၀၄ ခုနှစ်မှာ လွတ်လာတယ်။

တခါထပ်ပြီး ၂၀၀၇ ခုနှစ်မှာ ဟာရီရီမြို့တော်မှာကျင်းပတဲ့ ဝတ်ပြု ဆုတောင်းပွဲအပြီးမှာ ချန်ဂီရိုင်းဟာ ထပ်ပြီး ဖမ်းဆီးခံရတယ်။ အဖမ်း ခံနေရတဲ့ အတောအတွင်းမှာ မျက်နှာတခုလုံး ဖူးယောင်ပြီး ဦးခေါင်းခွံ အက်ကွဲ သွားတဲ့အထိ အနှိပ်စက် ခံခဲ့ရတယ်။

၂၀၀၅ ခုနှစ်မှာတော့ ဆီးနိတ်ရွေးကောက်ပွဲတွေကို ဝင်သင့်၊ မဝင်သင့် အငြင်းပွားမှုမျိုးတွေ ရှိပေမယ့် ချန်ဂီရိုင်း ကတော့ ဆီးနိတ် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဇင်ဘာဘွေနိုင်ငံကို အာဏာရှင် စနစ်နဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့ ရေဆန် လမ်းကို ရွေးခဲ့တယ်။

၂၀၀၈ မတ်လမှာ ကျင်းပခဲ့တဲ့ သမတရွေးကောက်ပွဲမှာ ချန်ဂီရိုင်းဟာ မူဂါဘီကို အနိုင်ရတယ်။ မဲအပြတ် အနိုင် မရတာမို့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ နောက်တကြော့ သမတ ရွေးကောက်ပွဲမှာတော့ အစိုးရရဲ့ မဲလိမ်ညာမှု၊ မဲခိုးမှုတွေကို ဖော်ထုတ်ပြီး အတိုက်အခံ ပါတီအပေါ် အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ပါဝင် ယှဉ်ပြိုင်ဖို့ ငြင်းပယ် ခဲ့ပါတယ်။

၂၀၀၈ ဇွန်လမှာ ကျင်းပတဲ့ နောက်တကြော့ ရွေးကောက်ပွဲမှာ မူဂါဘီ တဦးတည်း ပြိုင်ဘက်မရှိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကြောင်း ကြေညာခဲ့ပေမယ့် တိုင်းပြည် အခြေအနေဟာ ထိန်းမရလောက်အောင် ဆိုးသထက် ဆိုးလာတာကြောင့် နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများ အကူအညီနဲ့ အစိုးရနဲ့ အတိုက်အခံများ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၂၀၀၈ ခုနှစ်၊ စက် တင်ဘာလ (၁၂) ရက်နေ့မှာ အာဏာခွဲဝေရေး သဘောတူချက်ကို လက်မှတ်ရေးထိုး ခဲ့တာမို့ မူဂါဘီက အမျိုးသား သင့်မြတ်ရေး အစိုးရ (National Unity Government – NUG) မှာ ချန်ဂီရိုင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ခွဲယူခဲ့တယ်။ ၂၀၀၉ အခုနှစ် ဖေဖော်ဝါ ရီလ (၁၁) ရက်နေ့မှာ အမျိုးသား သင့်မြတ်ရေး အစိုးရ ကျမ်းသစ္စာ ကျိန်ဆိုပြီး (၃) ပတ် မပြည့်ခင်မှာ ကားအက်စီးဒင့် ဖြစ်ပြီး ချန်ဂီရိုင်းရဲ့ဇနီး သေဆုံး သွားပါတော့တယ်။ ဒီ ကားအက်စီးဒင့်ဟာ အစိုးရ သူလျှိုတွေရဲ့ လက်ချက် ဖြစ်တယ်လို့ ကောလဟလတွေ ထွက်ပေါ် လာတဲ့ အပေါ်မှာတော့ ချန်ဂီရိုင်းက ငြင်းဆိုခဲ့တယ်။ တဖက်ကလည်း မူဂါဘီ ဟာ သူ့ရဲ့ နိုင်ငံရေးရန်သူ ချန်ဂီရိုင်ရဲ့ ဇနီး သေဆုံးချိန်မှာ အလွန် စိတ်ထိခိုက်တဲ့ အသွင်နဲ့ ချန်ဂီရိုင်းအပေါ် စာနာမှုရှိကြောင်း ပြသခဲ့တယ်လို့ ဆိုပါတယ်။

၁၉၈၀ ခုနှစ်ကမှ လွတ်လပ်ရေးရလာတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် အုပ်စိုးသူနဲ့ အုပ်ချုပ်သူ အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မလိုမုန်းတီးမှု၊ အာဃာတနဲ့ ဂိုဏ်းဂနတွေကြောင့် စေ့စပ်လို့ မရအောင်ကို ပြင်းထန် ခဲ့ပါတယ်။ ထာဝရ ရန်သူတွေလို သဘောထားပြီး အတိုက်အခံတွေကို အပြတ်ရှင်း လုပ်ကြံ သတ်ဖြတ်မှုတွေတောင် ဖြစ်ခဲ့တာမို့ မြန်မာပြည်ရဲ့ အနှစ် (၆၀) ကျော် ခေတ်သစ်သမိုင်းနဲ့ ထပ်တူပြုတာမျိုး မဟုတ်ပေမယ့် နှိုင်းယှဉ် လေ့လာဖို့လည်း လိုမယ်လို့လည်း ထင်ပါတယ်။ NUG အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ဝန်ကြီးချုပ် တာဝန်ကိုယူပြီး အာဏာရှင် ရောဘတ်မူဂါဘီနဲ့ လက်တွဲ လုပ်ဆောင်တဲ့ အခါမှာ ချန်ဂီရိုင်းဟာ လုပ်ဖော်ကိုင်ဖက် တချို့ရဲ့ အကြီးအကျယ် ဝေဖန်တာကို ခံရပါတယ်။ ဒါပေမယ့် အတိတ်ကာလက အာဏာရှင် စနစ်ကို အပြင်းအထန် ခုခံ တော်လှန်ခဲ့တဲ့ သမိုင်းအစဉ်အလာ ရှိသူမို့ လူထုကြီးကတော့ သူ့ကို ယုံယုံကြည်ကြည်နဲ့ ဆက်လက် ထောက်ခံနေဆဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ ချန်ဂီရိုင်းဟာ အပြောင်းအလဲများအပေါ် ဖြစ်ထွန်းလာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်း နိုင်စွမ်း ရှိပြီး အခွင့် အလမ်းများ ကိုလည်း ဆွတ်ယူ စားသုံးနိုင်တဲ့ ဥာဏ် အမျှော်အမြင်နဲ့ ပြည့်စုံသူတဦး ဖြစ်ပါတယ်။ သူ့ကို ရိုက်နှက်ညှဉ်းပန်း ခဲ့သူ၊ ထောင်သွင်း အကျဉ်းချခဲ့သူ၊ လုပ်ကြံ သတ်ဖြတ်ခဲ့သူများ အပေါ်လဲ အာဃာတ မထားခဲ့ပါ။ ယုတ်စွအဆုံး ၂၀၀၈ မတ်လ သမတ ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် သမတ မဖြစ်ခဲ့ရတာ ကိုတောင် ကျေအေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘာ ကြောင့်ပါလဲ။ တခွန်းတည်း ပြောရရင် ချန်ဂီရိုင်း အတွက် သူဖြစ်ချင်တဲ့ နိုင်ငံရေးဆန္ဒ ရာထူး၊ အာဏာနဲ့ ပုဂ္ဂိုလ်ရေး အရှိန် အဝါဟာ အရေးမပါဘဲ အမျိုးသား အကျိုးစီးပွားဟာ ပထမ၊ အမျိုးသား အကျိုးစီးပွားဟာ ဒုတိယ၊ အမျိုးသား အကျိုးစီးပွား ဟာ တတိယ … ဖြစ် နေလို့ပါပဲ။

ဇင်ဘာဘွေဗဟိုဘဏ်ဥက္ကဋ္ဌ ဂတ်ဒီယွန်ဂိုယိုက “လိုအပ်လာတဲ့ အချိန်မှာ လမ်းကြောင်း မပြောင်းနိုင်တဲ့သူ ဆိုလို့ အရူး တွေပဲ ရှိပါတယ်”လို့ နယူးဝိစ်ခ် မဂ္ဂဇင်းနဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတာလည်း မှတ်သားဖူးပါတယ်။

မဝေးတော့တဲ့ ရက်သတ္တပတ်အတွင်းမှာ NLD ဗဟိုဦးစီး အဖွဲ့ဝင်များဟာ NLD နဲ့ တိုင်းပြည် အတွက် သာမက အနာဂတ် မျိုးဆက် လူငယ်များ အတွက်ပါ အကျိုး သက်ရောက်မှု ရှိစေမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မှာ ဖြစ်ပါတယ်။ (၁၂၀) ဦးသော NLD ဗဟိုဦးစီး အဖွဲ့ဝင်များရဲ့ အမျှော်အမြင်၊ အတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည်၊ ပါးနပ် ကျွမ်းကျင်မှုများကို စိုးစဉ်းမျှ သံသယရှိဘွယ် မရှိပါ။ လမ်းကြောင်း ပြောင်းဖို့အတွက် အခုအချိန်ဟာ လိုအပ်လာတဲ့ အချိန်ဟုတ်- မဟုတ်ကို မှန်ကန် တည့်မတ်စွာ စဉ်းစားနိုင်မယ့် တိုင်းပြုပြည်ပြု ခေါင်းဆောင်များ ဖြစ်တာမို့ တိုင်းပြည် အနာဂတ်ရေး အတွက် NLD ရဲ့ အခန်းကဏ္ဍ အပေါ်မှာဖြင့် ပူပင်စရာ စိုးစဉ်းမျှ မရှိကြောင်းပါ။


ကိုးကား …

နိုင်ငံရေး၊ စီးပွားရေး လှိုင်းတံပိုးတွေကြားမှ ဇင်ဘာဘွေနိုင်ငံ (ဝင်းထွဋ်ဇော်) – ရနံ့သစ် – အမှတ် (၅)၊ ၂၀၀၉။

ဇင်ဘာဘွေဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တွေ့ဆုံမေးမြန်းခြင်း (ခိုင်မင်း)၊ ရနံ့သစ် အမှတ် (၅)၊ ၂၀၀၉။

Weekly Eleven – Nov. (7). 2011

Ref: နေ့သစ်

0 comments:

အပေါ်သို့