..............................

Wednesday, November 16, 2011

မွန်ပြည်သစ် ခေါင်းဆောင်ဟောင်းများဖြင့် မွန်ပါတီကို အားဖြည့်မည်

ကွန်းချမ်း
အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဖျက်သိမ်းခံထားရသည့် နိုင်ငံရေးပါတီတခုဖြစ်သော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) သည် မွန်ပြည်သစ် ပါတီမှ ခေါင်းဆောင်ဟောင်း ရှစ် ဦးနှင့် အင်အားဖြည့်တင်းပြီး ပါတီ တောင့်တင်းအောင် လုပ်ဆောင်သွားမည်ဟု ပြောကြား လိုက်သည်။

“သူတို့က ကျနော်တို့ ပါတီရဲ့ အလံအောက်မှာလာပြီး ပူးပေါင်းဖို့ ကမ်းလှမ်းလာတာရှိတယ်။ ဒီလာမယ့် အစည်းအဝေး ကို တက်ရောက်ဖို့ သူတို့ကို ဖိတ်ထားပြီးပြီ။” ဟု MNDF အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြော သည်။

လွန်ခဲ့သည့် လပိုင်းမှစ၍ မွန်ပြည်သစ်မှ အနားယူခဲ့သည့် ဗဟိုကော်မတီဟောင်းများ အစည်းအဝေးကို မွန်ပြည်နယ် တွင် ပုံမှန် ပြုလုပ် ခဲ့ပြီးနောက် နိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင် လှုပ်ရှားနိုင်ရန် အတွက် MNDF နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း နီးစပ် သူများက ပြောသည်။

အဆိုပါ ရှစ် ဦး၏ အမည်များကို MNDF က ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ယမန်နှစ်က မွန်ပြည်သစ် ပါတီမှ အနား ယူခဲ့သည့် တွဲဖက်အတွင်းရေးမှူးဟောင်း နိုင်ချမ်းတွဲ့ အပါအဝင် နိုင်လဝီမွန်၊ နိုင်ထောအိန်၊ နိုင်ဉာဏ်ထွန်း၊ နိုင်ကောတားနှင့် ၂ဝဝဝ ပြည့်နှစ်တွင် အနားယူခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တင်အောင် စသည်တို့ ပါဝင်ကြောင်း MNDF နှင့် နီးစပ်သူများက ပြောသည်။

နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် MNDF အစည်းတရပ်ကို မော်လမြိုင်မြို့တနေရာတွင် ကျင်းပမည် ဖြစ်ပြီး၊ မွန်ပြည်သစ် ပါတီ ခေါင်းဆောင် ဟောင်းများ၊ တတ်သိ ပညာရှင်များနှင့် အမျိုးသားရေး အခန်းကဏ္ဍတွင် လှုပ်ရှား နေသူများ စုစုပေါင်း ၅ဝ ကျော်ကို ဖိတ်ကြား ထားကာ အဖွဲ့ဝင်သစ်များကို လက်ခံခြင်းနှင့် ပါတီမှတ်ပုံတင်ခြင်း ကိစ္စကို ဆွေးနွေး သွားဖွယ် ရှိသည်ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

“အဓိကက ပါတီ ခိုင်မာအောင် တည်ဆောက်ဖို့ပဲ အရင်ဆွေးနွေးမယ်။ အခုရန်ကုန်မှာ ရှိတဲ့ ကျနော်တို့ ခေါင်းဆောင် တွေလည်း တိုင်းရင်းသား ပါတီ၊ NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) နဲ့ ဆွေးနွေးနေတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သုံးသပ်ပြီး ကျနော်တို့ မှတ်ပုံတင် ကိစ္စကို ဆုံးဖြတ်သွားမှာပါ။” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD တွင်လည်း ဗဟိုအစည်းအဝေးကို ၁၈ ရက်နေ့တွင် ကျင်းပကာ လာမည့် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်၊ မတင် ဆုံးဖြတ်မည်ဖြစ်သည်။

စစ်တပ်ကို တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါဝင်အောင် ပေးအပ်ထားသော အခြေခံဥပဒေအရ မှတ်ပုံ တင်ထားသည့် နိုင်ငံရေး ပါတီတခုသည် အနည်းဆုံး မဲဆန္ဒနယ် သုံးခုတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရှိတွင် MNDF က NLD အပါအဝင် ပါတီတချို့နှင့် ပူးပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP တွင် လည်းကောင်း၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ UNA တွင်လည်းကောင်း လှုပ်ရှားလျက် ရှိသည်။

MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းကာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ငါးနေရာ အနိုင်ရခဲ့သည်။ ထိုစဉ်က စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုရန် ငြင်းပယ် ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်း ခံရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့