..............................

Monday, November 14, 2011

ကြာကြာမစောင့်ရဖို့ မျှော်လင့်ပါတယ်

လူထုစိန်ဝင်း
Monday, 14 November 2011

ပြီးခဲ့တဲ့အပတ်က ဂျာနယ်အတော်များများမှာ စာမရေးဖြစ်ဘူး။ စောင့်ဖတ်တဲ့ ပရိသတ်ကို တောင်းပန်ပါတယ်။ ရာသီက ပူပြင်းလွန်းလို့ မနည်းကြီး တောင့်ခံနေရတဲ့ အထဲ ခေါင်းပူစရာတွေလည်း ခါတိုင်းထက် ပိုများသွားလို့ပါ။

ဆွေမျိုးထက်ခင်လို့

သီတင်းကျွတ်လပြည့်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တဲ့ထဲ ပါလာတဲ့ လူငယ်တွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီး နှုတ်ဆက်ကြတယ်။ ခန္တီးက၊ ကလေးက၊ သရက်က၊ သာယာဝတီက၊ အင်းစိန်က နေရာစုံကပါပဲ။ တစ်ခါမှ မြင်ဖူး တွေ့ဖူးကြတာ မဟုတ်ပေမယ့် ဆွေမျိုးတွေ ထက်တောင် ခင်ကြလို့ 'တကူးတက' လာပြီး နှုတ်ဆက်ရှာကြတာ ဖြစ်လို့ ၀မ်းမြောက် ၀မ်းသာနဲ့ ကြိုဆိုရတယ်။ ဆွေမျိုးထက်တောင် ခင်ကြလို့ဆိုတာ အပိုပြောတာ မဟုတ်ပါဘူး။ သူတို့ခမျာများ ထောင်ကလွတ်ပြီး ကိုယ့်အိမ် ကိုယ့်ယာတောင် မပြန်ကြသေးဘဲ ရောက်လာကြတာ ဖြစ်တယ်။

ကြုံဖူးမှသိ

ဒီသံယောဇဉ်မျိုးက 'ပြောမယုံကြုံဖူးမှသိ' ဆိုသလို တော်ရုံနဲ့ နားမလည်နိုင်ဘူး။ ကြုံဖူးသူများသာ သိနိုင်ကြတာမျိုး ဖြစ်တယ်။ လူငယ်အားလုံးက ခုမှ တွေ့ဖူးကြတာ ဖြစ်ပေမယ့် စိမ်းမနေဘူး။ သူတို့ကိုယ် သူတို့ မိတ်ဆက် ပြီးတာနဲ့ သူတို့ရင်ထဲ ပါလာတဲ့ စကားတွေကို အားရပါးရ ရင်ဖွင့် ပြောကြတော့တာပဲ။ သူတို့စိတ်ထဲမှာ ရင်းနှီးပြီးသား ဖြစ်တာကြောင့် ပြောချင်တာ အားလုံး မခြွင်းမချန် ပြောကြတယ်။ မရှင်းတာတွေကို မေးခွန်း ထုတ်ကြတယ်။ သဘောမတူတာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ မျိုးဆက် ကွာဟမှုကို သူတို့ သတိမထားမိဘူး။ သူတို့နဲ့ တစ်ခရီးတည်း သွားနေတဲ့ ဘ၀တူ ခရီးဖော် တစ်ဦး အဖြစ်ပဲ မြင်ကြတယ်။

ရဲဘော်ရဲဘက်တွေ

ဟုတ်တာပေါ့။ ပန်းတိုင်တစ်ခုတည်းကို ဦးတည်ပြီး နှစ်ပေါင်းများစွာ အားခဲ သွားနေကြတဲ့ ခရီးသည်ချင်း ပဲလေ။ ကိုယ်က စောပြီးမွေးလို့ အရင် သွားခဲ့တာပဲ ရှိတယ်။ အားလုံး အတူတူပါပဲ။ ဘာမှ မကွဲပြားပါဘူး။ ကိုယ်ကျော်ဖြတ် ခဲ့ရတဲ့ ဆူးငြောင့် ခလုတ်ကသင်း တွေကို သူတို့လည်း ကျော်ဖြတ်ခဲ့ရတယ်။ ကိုယ်ကျခဲ့တဲ့ ချောက်ကမ်းပါးကြီး တွေထဲ သူတို့လည်း ကျခဲ့ရတယ်။ နှစ်ပေါင်းများစွာ ရှေ့က စောထွက်ခဲ့ပေမယ့် ခုချိန်အထိ ပန်းတိုင်ရှိရာကို ကိုယ်က ဒဏ်ရာဒဏ်ချက်ပေါင်း များစွာနဲ့ ချီတက်နေဆဲ ဖြစ်သလို သူတို့လည်း ဒဏ်ရာဒဏ်ချက်ပေါင်း များစွာနဲ့ ချီတက်နေဆဲပဲ ဖြစ်တယ်။ ဘ၀တူတွေ၊ ခရီးသွားဖော်တွေ ပဲပေါ့။ ရဲဘော်ရဲဘက် တွေလည်း ဖြစ်ကြတယ်။ ရဲဘော် တွေကြားမှာ အသက်ကွာခြားချက် ဆိုတာ မရှိဘူး။ အထက်နဲ့အောက် ဆိုတာမရှိဘူး။ အားလုံး အတူတူပဲ။

ခလုတ်မထိ၊ ဆူးမငြိပါစေနဲ့

ထောင်ထဲကထွက်လာတဲ့ လူငယ်တွေအားလုံးမှာ တူညီတဲ့အချက် တစ်ခုကတော့ နှစ်ပေါင်းများစွာ သူတို့ ခံစားခဲ့ရတဲ့ ဒုက္ခတွေ အကြောင်း ရေးကြီးခွင်ကျယ် လုပ်ပြီး စာဖွဲ့ပြောဆို မနေကြတာ ဖြစ်တယ်။ အရင်ဆုံး သူတို့ပြော တာက ကျန်နေရစ်ခဲ့ သူတွေအကြောင်း ဖြစ်တယ်။ နောက်တော့ တိုင်းရေးပြည်ရေး ပေါက်နဲ့ ကျေးတွေ အကြောင်းဖြစ်တယ်။ သူတို့တစ်တွေ ထဲမှာ အဖေ ဆုံးသွားတာ မသိလိုက်သူ ပါသလို အမေကို ဒီတစ်သက် အမေလို့ ခေါ်ခွင့် မရတော့သူလည်း ပါတယ်။ မိဘနှစ်ပါးစလုံး ဆုံးရှုံး လိုက်ရသူလည်း ပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒီကိစ္စတွေကို နာနာကြည်းကြည်း ပြောမနေကြဘူး။ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပဲ စိတ်မအေးနိုင်အောင် ဖြစ်နေကြတယ်။ ပြည်တွင်းစစ်ကြီး ဖြစ်လာမှာကို စိုးရိမ်ကြတယ်။ ဒီမိုကရေစီ အရေးတော်ပုံကြီး ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။

ကြောက်လာတယ်

အဲဒီလိုနဲ့ပဲ သူတို့အပူတွေက ကိုယ့်အပူတွေဖြစ်လာပြီး ခေါင်းပူအောင် စဉ်းစားရတယ်။ သူတို့အားလုံး ကိုယ့်အပေါ်မှာ ထားတဲ့ မျှော်လင့်ချက်က သိပ်ကြီးမား လွန်းတော့ ကြောက်လာတယ်။ စကားကို ပေါ့ပေါ့လွယ်လွယ် ပြောလို့ မဖြစ်ဘူး။ လေးလေးနက်နက် စဉ်းစားရတယ်။ ခါတိုင်းလို လူငယ်လေးတွေ သူတို့ ကိုယ်ရေးကိုယ်တာ ပညာရေး၊ လူမှုရေး ကိစ္စတွေလာရောက် ရင်ဖွင့် တိုင်ပင်တာမျိုးဆို ကိစ္စမရှိဘူးလို့ ဆိုနိုင်သေးတယ်။ မှားသွားလည်း ကာယကံရှင် တစ်ဦးတစ်ယောက်ပဲ နစ်နာမှာ။ ဒါတောင် တကယ်တော့ မမှားသင့်ဘူး။ ကိုယ့်ကို ယုံကြည်အားကိုးလို့ လာတာ မဟုတ်လား။ အခုကိစ္စကျတော့ လူငယ်တွေရဲ့ ကိုယ်ရေး ကိုယ်တာ မဟုတ်ဘူး။ တိုင်းရေး ပြည်ရာဖြစ်တယ်။ မှားသွားရင် သံဃာစင်ပါ မှောက်တဲ့ကိန်း ဆိုက်သွား နိုင်တယ်။

လမ်းကြောင်းချော်ထွက်နိုင်

အထူးသဖြင့် မီဒီယာတွေ သိပ်အားကောင်းတဲ့ခေတ်မှာ နည်းနည်းလေးမှ အမှားခံလို့ မဖြစ်ဘူး။ ကိုယ်တိုင်က သတင်း မီဒီယာ သမားဖြစ်တော့ ပိုပြီး သတိထား နေရတယ်။ စတုတ္ထမဏ္ဍိုင်ကို လူရိုသေ ရှင်ရိုသေဖြစ်အောင် မနည်းကြီး ကြိုးစား တည်ဆောက်ခဲ့ကြလို့ အခုမှ အသိအမှတ် ပြုခံရကာစပဲ ရှိသေးတာဖြစ်တယ်။ ဒီလိုအချိန်မှာ သတင်းသမားတွေ ကိုယ်တိုင်ကလည်း သိက္ခာသမာဓိ ရှိရုံတင်မက တာဝန်သိစိတ်ပါ ရှိကြရမှာပါ။ နိုင်ငံရေးသမားတွေ စကားတစ်ခွန်း မှားရင် သမိုင်းလမ်းကြောင်း ချော်ထွက် သွားနိုင်သလို သတင်းသမားတွေ စာတစ်ကြောင်း အရေးမှားရင်လည်း အားလုံး ပွက်လောရိုက်ပြီး သမိုင်းလမ်းကြောင်း နောက်ပြန်လှည့် သွားနိုင်ပါတယ်။

ကစားဝိုင်းမဟုတ်

အဲဒါကြောင့် စကားမပြောခင် အထပ်ထပ်ချိန်ဆ ရတယ်။ မှားသွားရင် ကိုယ့်စကား ကိုယ်တာဝန် ယူတယ်လို့ ပြောရုံနဲ့ မရဘူး။ မှားသွားရင် ခံရမှာက ကိုယ်တစ်ယောက်တည်း၊ သူတစ်ယောက်တည်း မဟုတ်ဘူး။ အားလုံး ခံကြရမှာ။ တစ်တိုင်းပြည်လုံးရဲ့ ကံကြမ္မာကို လောင်းကစားဝိုင်းမှာ တစ်ကွက်တည်း ပုံအောပြီး ထိုးသလိုမျိုး လုပ်လို့ မဖြစ်ဘူး။ နိုင်ငံရေး ဆိုတာက ကစားဝိုင်း မဟုတ်ဘူး။ ညကမက်တဲ့ အိပ်မက်ကို ယုံကြည်ပြီး စွန့်စားတာမျိုး မလုပ်ရဘူး။ အထပ်ထပ်အခါခါ စဉ်းစား တွက်ချက်ပြီး လုပ်ရတဲ့ ကိစ္စမျိုးဖြစ်တယ်။

အချိန်သင့်၊ မသင့်

ထောင်ထဲကထွက်လာတဲ့လူငယ်တွေ ကိုယ့်အပေါ်ထားတဲ့မျှော်လင့်ချက်က သိပ်ကြီးမား လွန်းလို့ ကြောက်လာတယ်လို့ ပြောခဲ့တယ်။ တကယ်တော့ လူငယ်တွေသာ မကဘူး လူကြီးပိုင်း ကလည်း ဖုန်းဆက်ပြီး အားပေးကြ၊ ထောက်ခံကြတယ်။ တချို့က ရင်ဖွင့်ကြတယ်။ ဒီယုံကြည်ကိုးစားမှု မျိုးတွေကို တန်ဖိုးမထားဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။ ဒီလို တန်ဖိုးထားတော့ စကားကို ပြီးလွယ်စီးလွယ် မပြောဝံ့ဘူး။ အထပ်ထပ် စဉ်းစားရတယ်။ ပြောသင့်တဲ့စကား မှန်ပေမယ့် အချိန်အားဖြင့် သင့် မသင့်ချင့်ချိန်ရတယ်၊ ကိုယ်တစ်ဦးတည်း အရေး မဟုတ်တဲ့အတွက် ဆံခြည် တစ်မျှင်စာလေးတောင် အမှားခံလို့ မဖြစ်ဘူး။

တက်သမျှဆန့်ကျင်ခဲ့

နောက်ဆုံးကျတော့ ဧရာဝတီမျက်နှာကိုထောက်ပြီး အခုချက်ချင်း မဆုံးဖြတ်ဘဲ အချိန်ပေး စောင့်ကြည့်ဖို့ ဆုံးဖြတ် လိုက်တယ်။ နှစ်ငါးဆယ် အတွင်း ဘယ်တုန်းကမှ မကြားဖူးတဲ့ ပြည်သူ့ဆန္ဒကို လေးစားသော အားဖြင့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်မလုပ်ဘဲ ရပ်ဆိုင်း လိုက်တယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ကြေညာချက်ကို ကြိုဆို အသိအမှတ်ပြုပြီး တူညီတဲ့ တုံ့ပြန်မှုမျိုး ပေးသင့်တယ်။ နှစ်ပေါင်း ငါးဆယ်လုံးလုံး ကိုယ့်ဘက်ကလည်း တက်သမျှ အစိုးရကို ဆန့်ကျင်ခဲ့တယ်။

မျှော်လင့်ပါတယ်

အခုနောက်ဆုံး အခြေခံဥပဒေနဲ့ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုခဲ့ဘူး။ ဦးသိန်းစိန် အစိုးရကိုလည်း ခုအချိန်ထိ မထောက်ခံသေးဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အမှန်တကယ် အကောင်အထည်ဖော်၊ မဖော် ဆိုတာ မသိနိုင်သေးဘူး။ ဒါပေမဲ့ ဧရာဝတီ ဆုံးဖြတ်ချက်ကတော့ ဒီမိုကရေစီ အစိုးရမျိုးရဲ့ လုပ်နည်း လုပ်ဟန်ဖြစ်တယ်။ နောက်ဝန်ကြီးများရုံးကို ဟိုတယ်ဖွင့်ဖို့ မငှားတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ဟာလည်း ပြည်သူ့ ဆန္ဒကို လေးစား လိုက်နာတဲ့ သဘောဖြစ်တယ်။ ဒီမိုကရေစီ အရိပ် လက္ခဏာတွေ ဖြစ်တယ်။ ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူတွေ ကိစ္စနဲ့ ပြည်တွင်းစစ် ကိစ္စကိုသာ ပြည်သူ့ဆန္ဒကို လိုက်လျောပြီး အမြန်ဆုံး ဖြေရှင်းလိုက်မယ် ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင် လျှောက်လှမ်းနေပြီလို့ ဆိုနိုင်တော့မှာ ဖြစ်တယ်။ အမြန်ဆုံး ဆိုချင်ပါတယ်။ ကြာကြာ စောင့်မနေရဖို့ဘဲ မျှော်လင့်ပါတယ်။

Ref: EMG News

0 comments:

အပေါ်သို့