..............................

Wednesday, November 9, 2011

သင်္ခန်းစာ ယူတတ်ကြပါစေ

ပေတလူ
နိုဝင်ဘာ ၉ ရက် ၂၀၁၁

နောင်တဆိုတဲ့ စကားက နောင်မှ `’ တယ် နောက်ကျမှ အသိပြန်ရလို့ နောင်တ လို့ ခေါ်တာလို့ ယေဘူယ ကောက်ချက်ချလို့ ရပါတယ်။ နောင်တ ဆိုတာ အမှားတခုက ဆင်းသက်လာတာ ဆိုရင်လည်း မှားမည် မထင်ပါဘူး။ အရင်က ကိုယ်ပြုခဲ့တဲ့ မကောင်းတဲ့ ကိစ္စတွေ၊ အလုပ်တွေ၊ အမှားတွေကို အသိတရား ပြန်ဝင်လာတဲ့ အချိန်မှာ ပြန်လည်ပြုပြင်လို့ မရနိုင်တော့တဲ့ အခြေနေမှာ ဖြစ်ပေါ်လာတဲ့ ပူပန်ခြင်းဆိုတဲ့ ခံစားမှုမျိုးပေါ့။ ဒါပေမယ့် နောက်ကျသွားပြီ ဘယ်လိုမှ ပြင်လို့မရတော့တဲ့ နောင်တမျိုးတွေ ရှိသလို ပြန်လည်ပြုပြင်လို့ ရကောင်း ရနိုင်သေးတဲ့ နောင်တမျိုးတွေလည်း ရှိတတ်ပါတယ်။

အမှားလုပ်ခဲ့တယ် ဆိုတာကလည်း ကိုယ်တဦးတည်း ထိခိုက်မယ့် အမှားလား၊ အများထိခိုက်မယ့် အမှားလား ဆိုတာ ရှိသေးတယ်။ ကျောင်းစာမေးပွဲ တခုရဲ့ အဖြေလွှာမှာ စာပိုဒ်လေးတခု ကျန်ခဲ့တယ်လို့ နောက်ကျမှ သိခဲ့တာက ဘယ်သူ့ကိုမှ မထိခိုက်ဘူး မိမိကိုယ်တိုင်ပဲ ထိခိုက်တယ်။ ဒါမျိုးက လူတိုင်း ကြုံခဲ့ကြတဲ့ နောင်တ သေးသေးလို့ ဆိုနိုင်တယ်။ အမှားနဲ့ မကင်းတဲ့ လူတွေမို့ နောင်တတွေဟာ တနာရီ အတွင်းမှာ၊ တရက်၊ တလ၊ တနှစ် အတွင်းမှာ ကြုံခဲ့ကြရတယ်။ ဖြစ်ခဲ့ကြရတယ်။ မိမိပြုခဲ့တဲ့ အမှားတွေ၊ အခြားသူများရဲ့ ပြုခဲ့ကြတဲ့ အမှားတွေကနေ ရလာတဲ့ နောင်တတွေကမှတဆင့် တွေးတောစရာ၊ နာယူစရာ၊ မှတ်သားစရာ သင်္ခန်းစာတွေ ရခဲ့ကြတာ မဟုတ်လား။

တနေ့က ဆောင်းပါးလေးတခု ဖတ်လိုက်ရတယ်။ အာဏာရှင်ကြီး ဦးနေဝင်းက "ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တ တရား တွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ် မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်း ကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" လို့ဆိုတယ်။ တကယ်တော့ ၁၉၆၂ နှစ် သူ အာဏာသိမ်းခဲ့တဲ့ အမှားကို သေခါနီးမှ၊ ဘယ်လိုမှ ပြုပြင်လို့ မရတဲ့ အချိန်ကျမှ ပြန်လည် ပူဆွေးရတဲ့ သောက ဝေဒနာ ခံစားရတဲ့ နောင်တ အကြီးစားဖြစ်တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုကို အဖက်ဖက်ကနေ ဆင်းရဲ မွဲတေနေအောင် ပထမဦးဆုံး လုပ်ခဲ့တဲ့သူ အကြီးမားဆုံး အမှားကို ကျူးလွန်ခဲ့သောသူ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ တိုင်းပြည်ရဲ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဖြစ်တဲ့ သူလိုလူကို နိုင်ငံတော် အခမ်းအနားနဲ့ သင်္ဂြုံဟ် မခံရပဲ။ လူမသိ သူမသိ စိတ်ဒုက္ခ ဆင်းရဲစွာနဲ့ သေပွဲ ဝင်ခဲ့ရတာဟာ သူ့ရဲ့ အမှားတွေကြောင့် ပြင်လို့ မရတော့တဲ့နောင်တ တခုနဲ့ ဘဝရဲ့ မလှမပ ဇတ်သိမ်းခန်းကို ဖြတ်သန်း ရတာ ဖြစ်တယ်။

တကယ်တော့ နောင်တ အကြောင်းကို ဠီကာဖွင့်ချင်တာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် မှားနေတဲ့ အမှား တခုကို ပြုပြင်လို့ ရမယ်ဆိုလျှင် ဘာ့ကြောင့် မပြုပြင်ရဲရတာလဲ၊ ဘာ့ကြောင့် မပြုပြင်နိုင်တာလဲ ဆိုတာရယ် ကိုယ့်အရင်က အမှား ကြူးလွန်ခဲ့ကြတဲ့ သူတွေရဲ့ အဖြစ်ဆိုးတွေ၊ ဇတ်သိမ်းခန်းတွေ၊ ကိုယ့်မျက်စိရှေ့မှာ ဖြစ်နေကြတဲ့ အဖြစ်အပျက်တွေ၊ မြင်နေရပါလျှက်နဲ့ ကိုယ်တိုင် သင်္ခန်းစာ ယူနိုင်ပါလျှက်နဲ့ အချိန်မှီ ပြုပြင်နိုင်ပါလျှက်နဲ့ ဘာလို့ မိုက်တွင်းဆက်နက် နေကြတာလဲ ဆိုတာကို ပြောချင်တာပါ။

ကမ္ဘာမှာ အမှား ကျူးလွန်တတ်ဆုံးက အာဏာရှင်ဆိုတဲ့ လူတန်းစားတွေ ဖြစ်တယ်။ သူတို့ရဲ့ အကျိုးစီးပွား အတွက် သူ့အာဏာ တည်မြဲရေးအတွက် ဆိုရင် ဘာကိုမှ မငဲ့တတ်ကြ။ ပြည်သူလူထုကို ညှဉ်းပမ်း နှိပ်စက်တယ်။ ဆင်းရဲ ဒုက္ခရောက်အောင်လည်း လုပ်ကြတယ်။ သူတို့ ကိုယ်တိုင်ကတော့ ဘယ်တော့မှာ သူတို့ဟာ အာဏာရှင်လို့ မပြောတတ်ကြဘူး။ တိုင်းပြည်ရဲ့ ကယ်တင်ရှင်လို့ သဘောထား တတ်ကြတယ်။ တိုင်းပြည်ရဲ့ အရှင်သခင်လို့ သဘောထား တတ်ကြတယ်။ ဒါပေမယ့် ဘယ်အာဏာရှင်မှ အသေ မဖြောင့်ဘူး။ ဘယ်အာဏာရှင်မှလည်း နောင်တတရား မထားနိုင် ခဲ့ကြဘူး။ ဒုတိယ ကမ္ဘာစစ်ရဲ့ အရှင်သခင်ကြီး ဟစ်တလာ ဘယ်လို စခန်းသိမ်းသွားသလဲ။ မူဆိုလီနီ၊ ဆက်ဒမ်ဟူစိန်၊ အခု ဂဒါဖီ စသဖြင့် အာဏာရှင်တွေ အသေဆိုးနဲ့ သေကြတာ၊ ပြည်သူလူထုရဲ့ အပြစ်ပေးခြင်း ခံရတာဟာ ငါမှငါ ငါ့တိုင်းပြည်၊ ငါအာဏာပိုင်၊ ငါသာ အရှင်သခင် စတဲ့ အာဏာရှင်တို့ရဲ့ ဗီဇ၊ မာန်မာနတွေနဲ့ ကိုယ့် ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၊ ထောင်ချတာတွေ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာကို မောင်ပိုင်စီး ပြည်သူလူထုကို ဆင်းရဲတွင်းထဲပို့ စတဲ့ အမှားတွေကြောင့် ဖရိုဖရဲနဲ့ ဇတ်သိမ်းခဲ့ကြရတာ ဖြစ်တယ်။

အာဏာရှင်ဆိုသူများဟာ သူများထက် လောဘကြီးတယ်။ အများတကာရဲ့ အထက်မှာ နေချင်တယ်။ လူတွေက သူ့ကို ဦးညွတ်စေချင်တယ်။ စည်းစိမ်ရှိရှိ နေချင်တယ်။ ခမ်းခမ်းနားနား နေချင်တယ်။ ဒါလိုအခြေနေတွေ ရဖို့အတွက် ရက်စက်မှုများနဲ့ ကောက်ကျစ်မှု မျိုးစုံကို သုံးတတ်ကြတယ်။ ပြည်သူကို မယုံကြည် သလို ကိုယ့်ရဲဘော် ရဲဘက်ချင်းလည်း မယုံကြည်တတ်ကြ။ ကတိ မတည်တတ်သလို၊ သစ္စာလည်း မရှိကြ။ နောင်တဆိုတာ နောင် အခါ ငါ့ကို `’ နေကြမည်လို့ ထင်နေကြတဲ့ လူစားမျိုး။

မြန်မာပြည်ရဲ့ အာဏာရှင်အစ ဦးနေဝင်းမှ နောက်ပိုင်း ဒေါက်တာမောင်မောင်၊ ဦးစိန်လွင်၊ အတွင်းရေးမှုး (၂) ဗိုလ်ချုပ် တင်ဦး။ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင်၊ စိုးဝင်း စတဲ့ ဗိုလ်ချုပ်တွေ သေဆုံးခဲ့ကြပေမယ့် နိုင်ငံတော် အခမ်းအနား၊ စစ်သည်တော် အခမ်းအနားများနဲ့ ဘယ်ဗိုလ်ချုပ်တွေ သင်္ဂြုံဟ်တာ ခံရဖူးလဲ။ ဘယ်ပြည်သူတွေက ဝမ်းနည်း ပူးဆွေးခဲ့ကြဘူးလဲ။ တီဗွီမင်းသား ဗိုလ်ခင်ညွန့် ထောင်ထဲမှာ ဆံဖြူလို့ ခါးကိုင်းနေပြီ ဘယ်သူက သနားကြလဲ။ ထုံးစံလို့ပဲ သတ်မှတ်ရမလား။ ကိုယ့်စေတနာ အကျိုးပေးလို့ ပြောရမလား။ ဘယ်လိုပဲ ပြောပြော။ ပြည်သူလူထုကရှင်းတယ်။ ပြတ်သားတယ်။ အမြင်ကြည်တယ်။ သနားစရာရှိမှ သနားတယ်။ လွမ်းစရာရှိမှ လွမ်းတယ်။ နဲနဲမှ စိတ်မထိခိုက်။ တိုင်းပြည်ကို အကျိုးပြုတယ်။ တိုင်းပြည် ဂုဏ်ဆောင်တယ် ဆိုရင်လည်း ပြတ်ပြတ်သားသား ဂုဏ်ပြုကြတယ်။ ဦးညွတ်ကြတယ်။ သူကြင်မှ ကိုယ်ကြင် ဆိုသလို ရိုးရိုးရှင်းရှင်းလေး ဆုံးဖြတ်ခဲ့ကြတယ်။

အမှားကင်းရင် အမှတ်ပြည့်မရတာတောင်မှ ဘဝမှာ နေပျော်တယ်။ စိတ်ပေါ့ပါးတယ်။ လွတ်လပ်တယ်။ လူချစ်လူခင် ပေါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတော့ ပြည်သူလူထုက ငိုယိုကြတယ်။ လွမ်းဆွတ် တမ်းတကြတယ်။ သူ့အတွက် အာဇာနည် ဗိမာန်တခု တည်ဆောက်ပြီး ဂုဏ်ပြုကြတယ်။ သူ့ကိုယ်ထာဝရ ဦးညွတ်ကြတယ်။ လူသာသေသွားတယ် နာမည်မသေဘူး။ အဲဒါ အမှန်တရားပေါ်မှာ ရပ်တည်ခဲ့လို့၊ တိုင်းပြည်အတွက်သာလျှင် အဓိက ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးမငဲ့ စွန့်လွတ် အနစ်နာခံခဲ့မှု တွေရဲ့ ရလဒ်၊ အမှန်တရား တခုရဲ့ ရလဒ်ဖြစ်တယ်။

သင်က လွတ်လပ်ရေး ခေါင်းဆောင်ဖြစ်ဖြစ်၊ အစဉ်အလာရ ဆက်ခံရတဲ့ သူပဲဖြစ်ဖြစ်၊ တိုင်းပြည်က ရွေးချယ် လိုက်လို့ အုပ်ချုပ်ရသူပဲ ဖြစ်ဖြစ်၊ တပါတီစနစ် ဖြစ်ဖြစ်၊ ပါတီစုံဖြစ်ဖြစ် ပြည်သူလူထုက သင်ကိုင်တွယ်တဲ့ ပုံစံကိုကြည့်ပြီး အာဏာရှင်လား၊ ဘာလားဆိုတာ သေသေချာချာ ခွဲခြားသုံးသပ်နိုင်တယ်။ ငြင်းလို့မရ။ အာဏာရှင်လို့ သတ်မှတ်ခံရပြီ ဆိုရင်တော့ အချိန်မှီ ပြင်ဖို့သာ ကြိုးစားတော့။ ဆက်လက် မိုက်လုံး ကြီးနေမယ် ဆိုရင်တော့ သင်ဟာ တနေ့မှာ ကျဆုံးရလိမ့်မယ်။ ရှေ့က ဆရာကြီးတွေလို နောင်တတွေ တပွေ့တပိုက်နဲ့ မလှပတဲ့ ဘဝနဲ့ ဇတ်သိမ်းရတော့မယ် ဆိုတာ ပုံသေ တွက်ထားတော့။

ဒီသင်္ခါရ လောကကြီးမှာ ဘယ်အရာမှ ထာဝရ တည်မြဲနေမယ်လို့ မရှိဘူး။ အမြဲတမ်း ပြောင်းလဲနေတယ်။ လူ့ဘဝ ဆိုတာကလည်း စင်္ကြာဝဠာကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် သမုဒ္ဒရာထက်က ရေပွက်မျှသာ ဖြစ်တယ်လို့ ရှေးစာဆိုတော်ကြီးများက ဆိုခဲ့ကြတာ မဟုတ်လား။ တိုတောင်းလှတဲ့ ဘဝရဲ့ အချိန်ခဏလေးမှာ တိုင်းပြည် ကောင်းကျိုး၊ ပြည်သူလူထု ကောင်းကျိုးအတွက် နောင်တ တရားကို ဆင်ခြင်နိုင်မယ်။ ရှေးက အဖြစ်ပျက်တွေကို သင်္ခန်းစာ ယူနိုင်မယ်ဆိုရင် ကိုယ့်ဘဝရဲ့ နေဝင်ချိန်ဟာလည်း ခမ်းနားသွားနိုင်ပါတယ်။ အချိန်မှီ သင်္ခန်းစာ ယူတတ်ဖို့သာ အဓိက မဟုတ်ပါလားခင်ဗျာ………………….။


Ref: မိုးကြိုးသတင်းစဉ်မှ ကူးယူဖေါ်ပြပါသည်

0 comments:

အပေါ်သို့