..............................

Wednesday, November 9, 2011

မန္တလေးတိုင်း လွှတ်တော် အစည်းအဝေး ကန့်သတ် သတင်းယူခွင့်ပြု

ဖနိဒါ
အင်္ဂါနေ့၊ နိုဝင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၀

ချင်းမိုင်(မဇ္စျိမ) ။ ။ မန္တလေးတိုင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးသို့ သတင်းစာ ဆရာ ၁၇ ဦးကို လွှတ်တော် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက အကန့်အသတ်ဖြင့် သတင်းယူခွင့် ပြုခဲ့သည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်ကျင်းပသည့် လွှတ်တော်စည်းဝေးပွဲ ပထမနေ့ ဝန်ကြီးချုပ် ရဲမြင့်၏ အဖွင့်မိန့်ခွန်း ပြောကြားစဉ်နှင့် နိုင်ငံတော် ဘက်ဂျက်ဆိုင်ရာ ဆွေးနွေးမှုများတွင် သတင်းယူခွင့် မပြုခဲ့ကြောင်း တက်ရောက်ခဲ့သူ သတင်းထောက်များ ထံမှ သိရှိရသည်။

“အပြင်ထွက်ခိုင်းတာက အစလုပ်တဲ့နေ့က။ သူတို့နဲ့ ကျနော်တို့နဲ့က ပထမဆုံးအချိန် တွေ့တာ ဖြစ်တဲ့အတွက် နည်နည်းလေး ကြောက်နေပုံ ရတယ်။ ဘတ်ဂျက်ကိစ္စ ဖြစ်တဲ့အတွက် ဒီဟာဆွေးနွေးနေတာတွေက အတည် မဖြစ်သေးတဲ့ အတွက် သတင်းမဖြစ်သေးပါဘူး။ တကယ်လို့ ရေးမယ်ဆိုရင် မှားမှာမလို့ သတင်းသမားတွေ ခဏထွက်ခိုင်းပါ ဆိုပြီးတော့ ထွက်ခိုင်းတယ်” ဟု သတင်း သွားယူသည့် မန္တလေးအခြေစိုက် သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့ အခြေစိုက် သတင်းဂျာနယ်တိုက်များကို တတိုက်လျှင် နှစ်ဦးနှုန်းအဖြစ် ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေး တက်ရောက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များအား မျက်နှာချင်းဆိုင်မှ ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ထားခြင်း၊ ဗီဒီယို ကင်မရာရိုက်ခွင့် ပိတ်ပင်ခြင်း များလည်း ပြုလုပ်ထားသည်ဟု သိရသည်။

သို့သော် လွှတ်တော်တွင်း နေ့စဉ် အမတ်များမှ မေးခွန်းနှင့် အဆိုများကို ဝန်ကြီးများမှ ဆွေးနွေးခဲ့သည့် မှတ်တမ်း အကျဉ်းချုပ် ကိုမူ ကွန်ပျူတာ စာစီဖြင့် သတင်းထောက်များကို ပြန်လည် ထုတ်ပေးသည်ဟု သိရသည်။

လွှတ်တော်တွင်း သတင်းယူခြင်းမှာ ပထမဆုံးအကြိမ်အဖြစ် အတွေ့အကြုံ ရရန်သာဖြစ်ပြီး” ဒီလို မေးခွန်းတွေက စိတ်ဝင်စားစရာ မကောင်းဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေ ဖြစ်ချင်တာတွေကို တင်ပြနိုင်စွမ်း ရှိရဲ့လားဆိုတဲ့ အရည် အချင်းတွေ စမ်းစစ်စရာ ရှိတယ်လို့ မြင်တယ်ဗျ” ဟု ပွဲတက်ရောက်သူ သတင်းထောက်တဦးက ပြောသည်။

မန္တလေးမြို့တွင် အခြေစိုက်ထားသည့် သတင်းဂျာနယ်တိုက် အနည်းဆုံး ခုနှစ် ခုခန့်ရှိပြီး ရွှေမန္တလေးဂျာနယ်၊ အထက်မြန်မာ သတင်းဂျာနယ်၊ မန္တလေးတိုင်းဂျာနယ်၊ မန္တလေးအလင်း၊ နန်းမြင့်၊ မန်းတောင်ရိပ်၊ မန္တလေးတိုက် ဂျာနယ်များ ထုတ်ဝေနေသည်။

ဒုတိယအကြိမ် မန္တလေးတိုင်း တိုင်းဒေသကြီးလွှတ်တော် စည်းဝေးပွဲကို အောင်မြေသာဇံမြို့နယ်၊ ၆၅ လမ်း၊ ၂၄x၂၅ လမ်းကြားရှိ လွှတ်တော်ခန်းမတွင် ကျင်းပခြင်းဖြစ်ကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦး၊ တပ်မသား ကိုယ်စားလှယ် ၁၉ ဦးနှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် တဦး အပါအဝင် စုစုပေါင်း ၇၆ ဦး တက်ရောက်သည်။

လွှတ်တော် စည်းဝေးပွဲ ခုနှစ်ရက်မြောက် အဖြစ် ကျင်းပသည့် ယနေ့စည်းဝေးပွဲကို နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ ကျင်းပခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များမှ မေးခွန်း ၁၆ ခု မေးမြန်းကာ အဆို ငါးခု တင်သွင်းခဲ့ သည်။

ယင်းမေးခွန်းများသည် မန္တလေးတိုင်း မြို့သစ်ရပ်ကွက်များတွင် မြေဂရမ် ထုတ်ပေးမည့် အစီအစဉ် ရှိမရှိ၊ နည်းပညာ တက္ကသိုလ်မှ တောင်ကြီးကျေးရွာသို့ သွားသည့် လမ်းပြုပြင်မည့် အစီအစဉ် ရှိမရှိ၊ တာလီမြို့နယ်မှ CDMA ဖုန်း ဆက်သွယ်မည့် စက်ကိရိယာများ တပ်ဆင်ပေးရန် ရှိမရှိ၊ ခရိုင်ချင်းဆက် လမ်းများတွင် ဆိုင်ကယ်များ အတွက် အခွန်ဆက်လက် ကောက်ခံရန် ရှိ၊ မရှိ စသည့် မေးခွန်းများ မေးမြန်းခဲ့သည်ဟု သိရသည်။

ထို့ပြင် မန္တလေးမြို့ ရေကြီးနေမှုနှင့် ပတ်သက်၍ ရေဘေးအန္တရယ်ကာကွယ်မည့် အစီအစဉ်ရှိမရှိ၊ တောင်သာ-မြင်းခြံ ကားလမ်း ဆက်လက်ပြုပြင်ရန် ရှိမရှိ၊ မန္တလေးတက္ကသိုလ်အတွင်း အဆောင်နှင့် အိမ်ယာများတွင် ရေမရရှိမှုများ ရှိ၍ ရေရရှိရန် ဆောင်ရွက်နိုင်ရန် ရှိမရှိ စသည့်အချက်များ အပါအဝင် မေးခွန်း ၁၆ ခုကို သက်ဆိုင်ရာ ဝန်ကြီးများ ကို မေးမြန်းခဲ့သည်ဟု သတင်း တက်ရောက်ယူနေသူ သတင်းထောက်များထံမှ သိရသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့