..............................

Friday, November 11, 2011

ကွာဟချက် တစ်ဖက်စောင်းနင်းမဖြစ်စေဖို့

လူထုစိန်ဝင်း
Sunday, 06 November 2011

''တစ်နေ့ နှစ်ပုဒ်နေ့တိုင်းရေး နေတာတွေ လျော့လိုက်ပါတော့။ တစ်ပတ်နှစ်ပုဒ်လောက်ပဲ ရေးပြီး နားနားနေနေ သက်သက် သာသာ နေဖို့ကောင်းပြီ'' အဖေဖြစ်သူကို မွေးကင်းစ ကလေးငယ်လေး တစ်ယောက် စောင့်ကြည့် သလို အရိပ် တကြည့်ကြည့် စောင့်ကြည့် နေလေ့ရှိတဲ့ သမီးရဲ့ ပြောစကား ဖြစ်တယ်။

ရန်ကုန်ကို စွန့်ခွာဖို့

ဖြစ်လိုက်ရင် အားလုံးမျက်လုံး ပြူး မျက်ဆန်ပြူး ဖြစ်ရလောက် အောင် အသည်းအသန် ဖြစ်တတ် တာကြောင့် ရာသီဥတု ပူပြင်းလာပြီ ဆိုရင် သမီးက စိတ်ပူမြဲဖြစ်တယ်။ အချိန်ပြည့် အောက်စီဂျင်ပိုက် တပ်မထားရဘဲ မောတဲ့ အချိန်လောက်သာ တပ်ရတဲ့ အချိန်တွေတုန်းကဆို ရင်ပူစ ပြုတာနဲ့ မေမြို့(ပြင်ဦးလွင်) သွားပြီး ဒေါ်ဒေါ်(လူထုအမေမာ) နဲ့ နေဖို့ ဆော်သြလေ့ ရှိတယ်။ အခုတော့ မသွားနိုင်တော့တာတောင် ခြောက်နှစ်ကျော်၊ ခုနစ်နှစ်ရှိပြီ။ ရန်ကုန် အပူဒဏ်တွေကို လှိမ့်ခံနေရတယ်။ အဲဒီ အခါမျိုးမှာ စာရေးတာ နားထားဖို့ အမြဲ ပြောတတ်တယ်။ တစ်ခါတလေ ကျတော့ ရန်ကုန်ကို အပြီးစွန့်ခွာပြီး အေးတဲ့ဒေသမှာ သွားနေကြ ဖို့လည်း ပြောတတ်တယ်။

ရှမ်းပြည်နယ်ကို သံယောဇဉ်ကြီး

သမီးက ရန်ကုန်မှာမွေးပေမယ့် ၈ တန်းအောင်တဲ့ထိ တောင်ကြီးနဲ့ ကလောမှာ နေထိုင် ကြီးပြင်းခဲ့ရတာ ဖြစ်လေတော့ ရှမ်းပြည်နယ်ကို အတော် သံယောဇဉ်ကြီးတာ။ အစားအသောက်က အစ သီပေါသူ အမေနဲ့တူလို့ ရှမ်းခေါက်ဆွဲတို့၊ ရှမ်းမုန့်တီ တို့၊ ခေါပုတ်တို့ပဲ ကြိုက်တယ်။ မုန့်တီမကြိုက်ဘူး။ မုန့်ဟင်းခါး မကြိုက်ဘူး။ ပြင်ဦးလွင်မှာတော့ ရှမ်းစာတွေလည်းပေါ၊ ရာသီဥတုကလည်း ကလောလိုအေးတော့ အဖေ ပြင်ဦးလွင်မှာ နေချင်လည်း အနီး စခန်းမှာရှိတဲ့ ခြံလေးထဲ အိမ်ဆောက် လိုက်တာပေါ့လို့ နွေရာသီရောက်တိုင်း ပြောမြဲဖြစ်တယ်။ ဒါပေမယ့် ခုချိန်အထိ ရန်ကုန်က မခွာနိုင်သေးပါဘူး။

စိတ်ပျက်စရာ

ရန်ကုန်မှာ ရေမကြည်ပါဘူး။ မြက်လည်းမနုပါဘူး။ ပစ္စန္တရစ် အရပ်ကြီးတစ်ခုလို စိတ်ပျက်စရာပါ။ ဒါဖြင့်ရင် ဘာကြောင့် ရန်ကုန်ကို မစွန့်ခွာနိုင် သေးတာလဲ။ စာရေးတဲ့ ကိစ္စကြောင့်တော့ မဟုတ်တာ သေချာတယ်။ အရင်က ဒေါ်ဒေါ်(လူထု အမေမာ)နဲ့အတူ ပြင်ဦးလွင်မှာ သုံး လေးလ နွေခိုကြစဉ်က စာတွေရေးပြီး အမြန်ချောနဲ့ ပို့လို့ အဆင်ပြေနေတာပဲ။ အခုဆို အီးမေးနဲ့ ပို့မလား၊ ဖက်စ်နဲ့ပို့မလား ပိုလို့တောင် လွယ်သေး။ ရန်ကုန်က မစွန့်ခွာနိုင်တဲ့ အကြောင်းရင်းကို သေသေချာချာ စဉ်းစား ကြည့်တယ်။ စီးပွားရေး လုပ်သူ မဟုတ်တော့ လုပ်ကွင်း လုပ်ကွက်တွေနဲ့ ဈေးကွက်တွေလည်း ကြည့် နေဖို့ မလိုဘူး။ ၀န်ထမ်း မဟုတ်လို့ ရုံးကိစ္စတို့ ဘာတို့လည်း စဉ်းစားစရာ မရှိဘူး။

အရေးကိစ္စမှန်သမျှ

ရန်ကုန်ဟာ ပထမမြို့တော်မဟုတ်တာ အတော်တောင်ကြာပါပြီ။ ဒါပေမယ့် လူတွေအတွက် အသုံးဝင်မှု တန်ဖိုးကတော့ ကျမသွားဘူး။ အရင် အတိုင်းပဲ။ လူတိုင်းအတွက် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ နေရေးထိုင်ရေး စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အရေး ကိစ္စမှန် သမျှ ရန်ကုန်လောက် ပြည့်စုံတာ ဘယ်မှမရှိဘူး။ ကိုယ့်ကိစ္စကိုယ် ပြောရင်တောင် ရန်ကုန်ကလွဲပြီး ဘယ်မှ နေမဖြစ်ဘူးလို့ ပြောရမှာပဲ။ အောက်စီဂျင်ကို စက်နဲ့ ရှူတယ် ဆိုပေမယ့် မီးပျက်တဲ့ အခါ သုံးဖို့ ဆေးရုံတွေမှာ သုံးတဲ့အိုးလည်း ဆောင်ထားရတယ်။ အဲဒီအိုးက ကုန်သွားရင် ပြန်ဖြည့်ရတယ်။ ရန်ကုန်မှာတော့ ကုန်တာနဲ့ ဖုန်းဆက်လိုက်ရင် နာရီဝက်အတွင်း အိမ်အရောက် လာပို့တယ်။ မန္တလေးတို့ ပြင်ဦးလွင်တို့မှာ အဲဒီလိုလုပ်လို့ မရဘူး။ ကိုယ်တိုင် အိုးလွတ်ယူသွားပြီး ဖြည့်ခိုင်းရတယ်။ တစ်ရက် အလုပ် မဟုတ်တော့ မလွယ်ဘူး။

ဆေးရုံကြီးကို ပြေးကြရတာပဲ

အခုဆိုရင် အခြေအနေက သန့်စင်ခန်းဝင်တာ၊ ရေချိုးတာတောင် ပိုက်ဖြုတ်ထားလို့ မရတော့ဘူး။ အချိန်ပြည့် တပ်ထားရတယ်။ အောက် စီဂျင်စက်ကြီးကို ရေချိုးခန်းထဲကို ယူသွားလို့ မဖြစ်တော့ သံအိုးကို ယူသွားရတယ်။ ဒီတော့ နှစ်ရက်တစ်ခါလောက် အိုးလဲရတယ်။ ဒီလို ဝေယျာဝစ္စတွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ အသက်ရှင် နေရတာဖြစ်တော့ စိတ်သွားတိုင်း ကိုယ်က မပါနိုင်ဘူး။ ဒါတင်မက၊ ပုဂ္ဂလိက ဆေးရုံတွေ ဘယ်လောက် ကောင်းတယ်ပြောပြော တကယ် အရေးကြုံလာတော့ ရန်ကုန် ဆေးရုံကြီးကို ပြေးကြရတာချည်းပဲ။ တချို့ စက်ကိရိယာ မျိုးတွေက အစိုးရ ဆေးရုံကြီးမှာပဲ ရှိတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းမျိုးကို ပုဂ္ဂလိက ဆေးရုံတွေက ရင်းနှီးမြှုပ်နှံမှု လုပ်ချင်ကြတာ မဟုတ်ဘူး။

အသက်ကို ဖက်နဲ့ထုပ်

ကိုယ့်အခြေအနေက ဆေးရုံကြီးတွေ၊ ဆရာဝန်ကြီးတွေနဲ့ လက်တစ်ကမ်းလောက် အဝေးမှာသာ နေလို့ဖြစ်တာ။ စိတ်ရှိပေမယ့် လက်တွေ့မှာ အခြေအနေက မပေးဘူး။ ကျေးလက်နဲ့ မြို့ပြဆိုတာထား၊ ရန်ကုန်နဲ့ မန္တလေး တောင် ကွာခြားချက်က သိပ်ကြီးတယ်။ ကိုယ်ကလည်း အသက်ကို ဖက်နဲ့ ထုပ်ထားသလို ယဲ့ယဲ့ကလေး နေရတာ မဟုတ်လား။ ဘယ်မှာ မြို့ငယ်လေးတွေမှာ နေလို့ဖြစ်မှာလဲ။ မန္တလေးဆိုတာ မြို့ငယ်လေး မဟုတ်ပါဘူး။ အခုလည်း မြို့ကြီးပါ။ ရှေးကဆို နေပြည်တော်ပါလို့ ဘယ်လိုပဲပြောပြော လိုအပ်ချက်တွေ ပြည့်စုံမှုကတော့ အများကြီး ကွာခြားလှပါတယ်။

အမှိုက်ပြဿနာ

မန္တလေးနဲ့ ရန်ကုန်သာ ကွာခြားလွန်းတာ မဟုတ်ဘူးခင်ဗျ။ မန္တလေးနဲ့ မုံရွာလည်း အများကြီး ကွာခြားပါတယ်။ မန္တလေးနဲ့ လားရှိုး၊ မန္တလေးနဲ့ တောင်ကြီးတို့လည်း အများကြီး ကွာခြားပါတယ်။ ဒီလို ကွာခြားလွန်းတော့ နှစ်တွေ ကြာလာတဲ့ အခါမှာ ရန်ကုန်လို မြို့ကြီးရဲ့ လူဦးရေက အဆမတန် တိုးပွား လာတဲ့ အတွက် ပြဿနာပေါင်းစုံ ပေါ်ပေါက် လာခဲ့ပါတယ်။ အခုဆိုရင် ရန်ကုန်မှာ အမှိုက် ပြဿနာကြောင့် တာဝန်ရှိသူတွေ တော်တော် ခေါင်းကိုက်နေကြရပြီ။ သိပ်မကြာခင်မှာ ရေမလုံလောက်မှု ကြုံတွေ့လာမယ့် လက္ခဏာတွေ စပြီး ပြနေပြီ။ နေစရာအိမ် အခက်အခဲတွေလည်း မလွဲမသွေ ကြုံတွေ့ ကြရလိမ့်မယ်။ အခုတောင် ၀န်ထမ်း မိသားစုတွေ အရင်က လို ရေကျော်၊ ပုဇွန်တောင်၊ ကျောက်မြောင်းစတဲ့ ရပ်ကွက်မျိုးမှာ အိမ်ငှား မနေနိုင်ကြတော့ဘူး။

ခြေသလုံးအိမ်တိုင်လူတန်းစား

ဖွံ့ဖြိုးတိုးတက်မှု ကွာခြားလွန်းတော့ နယ်ကလူတွေမြို့တက်လာပြီး ကြုံရာကျပန်း လုပ်ကြတာတွေ တစ်နေ့တခြား များသထက် များလာတယ်။ ၁၉၄၈၊ ၄၉၊ ၅၀ ပြည်တွင်း စစ်အရှိန် အပြင်းဆုံး ကာလများက ရန်ကုန်မှာ ကျူးကျော် ရပ်ကွက်တွေ ရှောင်မလွတ်အောင် များပြား လာခဲ့ဖူးတယ်။ ပြည်တွင်းစစ် အရှိန် သေသွားတော့လည်း အဲဒီလူတွေကနယ် မပြန်ကြတော့ဘူး။ ဒီလိုနဲ့ပဲ ၁၉၅၀ ၀န်းကျင်က လူဦးရေ ငါးသိန်း သာသာလောက်ပဲ ရှိတဲ့ ရန်ကုန်လူဦးရေ ဟာ သိန်း ၂၀ ကျော်အထိ ရှိလာခဲ့တယ်။ အိန္ဒိယနိုင်ငံမှာ ဆိုရင် မြို့ကြီးတိုင်းမှာ အိုးမဲ့အိမ်မဲ့ ခြေသလုံးအိမ် တိုင်လူတန်းစား (ခုခေတ်အခေါ် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများ) တွေရဲ့ ပြဿနာဟာ တစ်နေ့တခြား ဆိုးသထက် ဆိုးလာတာကို တွေ့ကြရတယ်။

တစ်ဖက်စောင်းနင်း၊ မဖြစ်အောင်

တရုတ်ပြည်မှာလည်း ရှေးကမရှိပေမယ့် အခုတော့ လယ်သမားတွေ မြို့တက်ပြီး ကြုံရာကျပန်း လုပ်တာတွေ ထိန်းမနိုင် သိမ်းမရ အခြေ အနေမျိုးထိ ရောက်လာတယ် ဆိုတဲ့ သတင်းတွေ ကြားသိ နေရတယ်။ ဖွံ့ဖြိုးမှု ကွာခြားချက် အဆမတန် ကြီးမား လာခြင်းက လူမှုရေး ပြဿနာမျိုးစုံကို ဖြစ်ပေါ်လာစေပြီး အဲဒီက နောက်တစ်ဆင့် တက်တော့ လူ့အဖွဲ့အစည်း အတွင်းက ပဋိပက္ခတွေကို ပြင်းထန် လာစေတယ်။ အဲဒါတွေကို တားဆီးဖို့ အတွက် ကျေးလက်နဲ့ မြို့ပြကွာဟမှု ပပျောက်ရေး ဆောင်ရွက်သလို၊ မြို့ကြီး မြို့ငယ်တွေကြား ဖွံ့ဖြိုးမှု တစ်ဖက်စောင်းနင်း မဖြစ်အောင်လည်း ဆောင်ရွက်ဖို့လိုကြောင်း နှိုးဆော် လိုက်ပါရစေ။

Ref: EMG News

0 comments:

အပေါ်သို့