..............................

Friday, November 11, 2011

ဆက်ကြေးမရလို့ ဝန်ထမ်းတန်းလျား မီးရှို့

ကွန်းချမ်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမှတ် (၂) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့နှစ်ရှည်ပင် လုပ်ငန်း ရာဘာခြံထံမှ ဆက်ကြေးငွေ မရရှိသည့်အတွက် ဝန်ထမ်းများ နားခိုရာ တန်းလျားကို မီးရှို့သည့် ဖြစ်ရပ်တခု စနေနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ် မုဒုံမြို့နယ် တောင်ဘက်အစွန်ရှိ ကွမ်လှာရွာနှင့် သံဖြူဇရပ်မြို့နယ် ဖောင်စိန်ရွာကြား ဧက ၇၀၀ ခန့်ရှိ အဆိုပါ ရာဘာခြံအား နိုဝင်ဘာ ငါးရက်နေ့ ညနေ သုံးနာရီခွဲခန့်တွင် ဟပွေးသန်းလွင် (ခေါ်) ကိုရင်လေးအဖွဲ့ဟု လူသိများသည့် မွန်လက်နက်ကိုင် အဖွဲ့မှ လက်နက်ကိုင် လေးဦးက ဆက်ကြေးငွေ ၁၂ သိန်း တောင်းခံ ထားရာမှ မရရှိသည့်အတွက် လက်နက်ကိုင် လေးဦးပါ အဖွဲ့က လာရောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလကုန်ပိုင်းကတည်းက တောင်းခံထားသောဆက်ကြေးငွေကျပ် ၁၂ သိန်း မရရှိသည့် အတွက် လုပ်သွားခြင်း ဖြစ်သည်ဟု ဆိုကာ “မီးရှို့တာလည်း နေ့ခင်းကြောင်တောင် နေကျဲကျဲ ပူတဲ့အချိန်၊ နောက်တော့ ကြောက်ပြီး အားလုံး ထွက်ပြေး သွားကြတယ် ဆိုတော့ အားလုံး လောင်သွားတာပဲ။” ဟု ကွမ်လှာရွာသူတဦးက ပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် တန်းလျားတလုံးနှင့် ဝန်ထမ်း ၂ဝ ခန့်၏ အသုံးအဆောင်များ မီးလောင် ဆုံးရှုံးခဲ့သည်။ အခင်း ဖြစ်ပွားရာ ရာဘာခြံသည် မုဒုံနှင့် သံဖြူဇရပ်မြို့နယ်ကြား အဝေးပြေး မော်တော်ကား လမ်းဘေးတွင်ရှိပြီး သံဖြူဇရပ် ပြင်ရှိ ခလရ ၆၂ နှင့် တကီလိုမီတာ ခန့်သာ ကွာဝေးသည်။

ဖောင်စိန်ရွာမှ ရာဘာခြံရှင်တဦးကလည်း “မီးရှို့တဲ့လူတွေလည်း ရှို့ပြီးတာနဲ့ ချက်ချင်း လမ်းက ဆိုင်ကယ်ကို တားပြီး သူတို့ကို လိုက်ပို့ဖို့ ခေါ်သွားတယ်။ အဘစ်ရွာ အရှေ့ဘက် တောထဲ ဝင်သွားတယ်လို့ ဆိုင်ကယ် သမားတွေက ပြောတယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် နံနက် ၆ နာရီ မထိုးမီ ရွာပြင်မထွက်ကြရန် ကွမ်လှာရွာနှင့် ဖောင်စိန်ရွာ များတွင် ရွာလှည့် မောင်းခတ်ကာ အသိပေး ထားပြီး ရာဘာခြစ် ဝန်ထမ်းများလည်း ယနေ့တိုင် အလုပ် ရပ်နား ထားကြသည်ဟု အထက်ပါ ရာဘာခြံရှင်က ပြောသည်။

အခင်းဖြစ်ပွားရာ အနီးတဝိုက် ဖြစ်သည့် ဖေါင်စိန်၊ ကွမ်လှာနှင့် မီးရှို့သူများ ထွက်သွားသည့် ရောင်းဒေါင်း၊ နှီးပဒေါနှင့် အဘစ်ကျေးရွာ ကားလမ်း အရှေ့ဖက်တလျှောက်တွင် အစိုးရတပ်များက ရှာဖွေလျက် ရှိသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း မွန်ပြည်နယ် တောင်ပိုင်းရှိ လမ်းတံတားများကို ပြုပြင် ဆောက်လုပ်ရန် ကန်ထရိုက် ရယူထားသည့် AK (အေးကို) မိသားစု ကုမ္ပဏီပိုင် မော်တော်ကားနှင့် ဝန်ထမ်း အိမ်ရာကို အထက်ပါ လက်နက်ကိုင် အဖွဲ့က မုဒုံမြို့နယ် ကမာဝက်ရွာ အနီးတွင် မီးရှို့ကာ ဝန်ထမ်းများကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ လကုန်ပိုင်းတွင် ဝန်ထမ်း လေးဦးကို သိန်း ၄ဝ ဖြင့် ပြန်လွှတ် ပေးခဲ့သည်။

အလားတူ ဇွန်လ ၁၁ ရက်နေ့တွင်လည်း မုဒုံ-သံဖြူဇရပ်ကြားတွင် လမ်းဖောက်နေသည့် AK ကုမ္ပဏီ ဝန်ထမ်း တဦးကို ထိုအဖွဲ့ကပင် ငွေကျပ် သိန်း ၁၅ဝ ဖြင့် ပြန်ရွေးရန် ပြန်ပေးဆွဲခဲ့ပြီး ဇူလိုင် လလယ်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

၎င်းပြင် ဇူလိုင်လနှင့် သြဂုတ်လတွင်လည်း ကမာဝက်ရွာနှင့် ပတ်ဝန်းကျင်ရွာများရှိ စီးပွားရေး ချောင်လည်သည့် အိမ်များသို့ စာရေးသား ပေးပို့ကာ ဆက်ကြေး တောင်းခံခဲ့ပြီး၊ ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း မုဒုံနှင့် သံဖြူဇရပ်ကြား ရှိ အစိုးရ ရာဘာခြံတခြံမှ တဲတလုံးကို မီးရှို့ ဖျက်ဆီးခဲ့သေးသည်။

မေလ ၁၄ ရက်က မုဒုံမြို့အနီး အော်တိုအိတ်ချိန်းရုံး ဗုံးပေါက်ကွဲသည့် ဖြစ်ရပ်နှင့် ဇွန်လ ၂၉ ရက်နေ့က သံဖြူဇရပ်မြို့နှင့် ရေးမြို့နယ် အကြား ခရီးသည်တင် မှန်လုံကား နှစ်စီးကို မီးတင်ရှို့ပြီး ကားသမား ခြောက်ဦးကို ပြန်ပေး ဆွဲသွားသည့် ဖြစ်ရပ် တွင်လည်း ၎င်းအဖွဲ့နှင့် ပတ်သက်နေသည်ဟု ဒေသခံများက ယူဆကြသည်။

ယခင်က မွန်အမျိုးသား ကာကွယ်ရေးတပ်ဟု အမည်ပေးထားသည့် ထိုလက်နက်ကိုင် အဖွဲ့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်တွင် လှုပ်ရှားနေပြီး AK ကုမ္ပဏီ ဝန်ထမ်းလေးဦးကို ပြန်ပေးဆွဲစဉ် ကလည်း ကြာအင်းဆိပ်ကြီး မြို့နယ် တောင်ဒီး ဒေသဘက်တွင် ထိန်းသိမ်း ထားခဲ့သည်ဟု ပြန်လွတ်လာသူများနှင့် နီးစပ်သူတို့က ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့