..............................

Thursday, June 2, 2011

မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း John McCain မြန်မာ့အရေး လာရောက် ဆွေးနွေးသည်မှာ အင်အားသစ် တခု တိုးလာခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

“မြန်မာပြည်အရေးကို သံတမန်ချင်း လက်ဝါးရိုက်ပြီး ဗမာပြည်ကိုလည်း ပြန်မပြော၊ အဲလိုလုပ်မယ့် အစား ဂျွန်မက်ကိန်းလို ပွင့်ပွင့်လင်းလင်း ပြောတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူဆွေးနွေး သမျှကို လူသိရှင်ကြား ပြန်ပြောမှာပဲ၊ ဖွင့်ချမှာပဲလို့ ယူဆပါတယ်။ တခြားသော သံတမန်တွေထက် ပိုပြီး ပွင့်လင်းမှု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မက်ကိန်း လာခြင်းဟာ ဘာပဲပြောပြော အင်အားသစ် တခု တိုးလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ကာ ဂျွန်မက်ကိန်းသည် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် NLD ရုံးချုပ်၌ CEC အဖွဲ့နှင့် ဆွေးနွေးမည် ဖြစ်ပြီး၊ ဦးဝင်းတင်မှာမူ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်မည် မဟုတ်ပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက် လာရန် အတွက် ကြိုးပမ်းပေးရန် မစ္စတာ ဂျွန်မက်ကိန်းကို NLD ဘက်က ပြောဆိုရန် စီစဉ်ထားသည်။

“ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟိုဘက်က ဦးသိန်းစိန်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်း ပေးပါလို့ ပြောရမှာပေါ့။ နောက် ကျနော်တို့ အဖွဲ့ချုပ် ဆက်လက် ရပ်တည်ရေး ကြိုးပမ်းနေတဲ့ ကိစ္စတွေ ရှင်းပြမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အရေးကြီးတဲ့ အခြေခံဖြစ်တယ်။ ဒါကို ကူညီ ဆောင်ရွက်ပေးပါလို့ ပြောမယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တနေ့တည်းတွင် မစ္စတာမက်ကိန်းက ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအဝင် လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP နှင့်ပါ တွေ့ဆုံဦးမှာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း နေအိမ်သို့ သွားရောက် တွေ့ဆုံမည်။

မေလ ၁၈ ရက်နေ့တွင် အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Y Yun မြန်မာနိုင်ငံသို့ ၄ ရက်ကြာ လာရောက်ခဲ့ အပြီး သီတင်းပတ်နှစ်ပတ် အကြာ ဆီးနိတ် အမတ်တဦး ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။

“ခက်တာက အမေရိကန်က ဒီမိုကရေစီနိုင်ငံဗျ။ လွှတ်တော်ကလည်း ၂ ရပ်၊ ကဏ္ဍ ကဏ္ဍအလိုက် check and balance လုပ်နေရတော့၊ လွှတ်တော် အမတ်ကလည်း လွှတ်တော် အမတ်တာဝန် လုပ်ရတာ ရှိတော့ သူ့ကဏ္ဍနဲ့သူ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

မစ္စတာကိန်းသည် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ RNDP ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်များ အပြင် ကချင်ဘာသာရေး ခေါင်းဆောင် တဦးနှင့်လည်း တွေ့ဆုံဖို့ ရှိကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆက်ထားဖို့သင့်တယ်ဆိုရင် ကျနော်တို့က မေးစရာ ရှိတာပေါ့ဗျာ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေး အတွက် ပိတ်ဆို့ ထားတယ်။ ဒီနှစ် ၂ဝ မှာ မရခဲ့ဘူး။ အခု ဆက်ပိတ် ထားမယ် ဆိုရင်ရော ရနိုင်မယ်လို့ ဘယ်သူက အာမခံချက် ရှိလို့လဲ။ ဘယ်အာမခံချက်နဲ့ ဆက်ပိတ်မှာလဲ ဆိုတာ ကျနော်တို့ မေးကောင်း မေးရဖို့ အကြောင်းရှိမှာပါ။ ကျနော်တို့ နိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ထားမှုက နံပါတ်တစ် ဖြစ်နေတာကိုး” ဟု သူက ဆိုသည်။

မစ္စတာကိန်းအနေနှင့် အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ဒုက္ခသည်များ အရေးကို ဆွေးနွေး သွားမည်ဟု အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ သတင်းထောက် များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အမေရိကန်ခေါင်းဆောင်များ တလအတွင်း ၂ ကြိမ် လာရောက်ခဲ့သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကွန်မြူနစ် ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် ကျာချင့်လင်လည်း ဧပြီ လဆန်းပိုင်းတွင် လာရောက်ခဲ့ပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန်လည်း တရုတ်နိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် သွားရောက် ခဲ့သေးသည်။

“အမေရိကန်အစိုးရနဲ့ တရုတ်နဲ့ ဗမာပြည်ပြင်ပမှာ ဆွေးနွေးစေချင်တယ်။ ဒီစစ်အစိုးရကို မဏ္ဍိုင် ပြုပြီးတော့ တရုတ်က ဆွေးနွေးလိုက်၊ အမေရိကန်က ဆွေးနွေးလိုက် လုပ်နေရင် အရပ် စကားနဲ့ ပြောရရင် လူရာသွင်းပြီး လုပ်နေသလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အာရှမြောက်ပိုင်း၊ အာရှ အရှေ့မြောက်ပိုင်းဒေသပေါ့။ အဲလိုနေရာမျိုးမှာ ခိုင်ခိုင်မာမာ ဆွေးနွေး သင့်တယ်လို့ ယူဆတယ်ဗျ” ဟု ဦးဝင်းတင်က ဆိုသည်။

အမေရိကန် ခေါင်းဆောင်များအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်တိုင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလေ့ရှိသည်။

ရန်ကုန်မြို့ရှိ တရုတ်သံရုံးသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပအပြီး NLD ထံ လာရောက် တွေ့ဆုံသည့် ပထမ ဆုံးသော နိုင်ငံခြား သံရုံး ဖြစ်ခဲ့သော်လည်း ယခုအခါ NLD နှင့် တရားဝင် ဆက်ဆံရေး မရှိတော့ကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့