..............................

Thursday, June 2, 2011

ရန်ကုန်တွင် ဝက်ရောဂါထ

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့အတွင်း ဝက်သေဆုံးမှုများ တွေ့လာနေရသော်လည်း ရောဂါ အမျိုးအစား မဖော်နိုင် သေးကြောင်း ရန်ကုန်တိုင်း မွေး/ကု ဦးစီးဌာန ဌာနမှူး ဒေါက်တာ စိုးဝင်းက ပြောသည်။

မေလတွင်းကတည်းက ရန်ကုန်တိုင်း အင်းစိန်၊ လှိုင်သာယာနှင့် လှည်းကူးမြို့များမှ ဝက်မွေးမြူရေး ခြံနှင့် အိမ်မွေး ဝက်များတွင် ရုတ်တရက် သေဆုံးမှုများ တွေ့ရှိရပြီးနောက် ကူးစက်ပိုး တမျိုးကြောင့် ဖြစ်ရသည်ဟု စစ်ဆေး တွေ့ရှိရသည်။

“ဝက်တွေကတော့ သေနေတာ ဟုတ်ပါတယ်။ ဓာတ်ခွဲခန်းစစ်တော့ အခုထိတော့ ဝက်နားရွက်ပြာလို လက္ခဏာမျိုး မပေါ်ဘူးခင်ဗျ။ ဘက်တီးရီးယားပိုးပဲ ပေါ်တယ်။ အဲဒီပိုးကြောင့်ပဲ သေတာ” ဟု ဒေါက်တာစိုးဝင်းက မဇ္ဈိမကို ပြောသည်။ ရောဂါ ဖြစ်ပွားပုံနှင့် သေဆုံးမှု ပမာဏကို ပြောဆိုရန် ငြင်းဆန်သည်။

ရန်ကုန်နယ်နိမိတ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းတွင် ဝက်နားရွက်ပြာရောဂါ ဖြစ်နေသဖြင့် မေလလယ်၌ ရန်ကုန်မြို့အဝင် လှည်းကူးနှင့် ထန်းတပင် ဂိတ်များတွင် ဝက်နှင့် ဝက်သားများ သယ်ဆောင်ခွင့်ကို ပိတ်ပင်ထားသည်။

ထို့အပြင် တိုင်းအတွင်း ကျေးရွာရပ်ကွက်များအထိ ကွင်းဆင်းကာ ဝက်များသို့ ကူးစက်စေသော ရောဂါ အကြောင်း မွေး/ကု ဌာန တာဝန်ရှိသူများက ယခုအခါ လိုက်လံ ဟောပြောပြီး ထိန်းချုပ်ရန် ကြိုးစား နေကြသည်။

ဝက်များသို့ ကူးစက်သေဆုံးစေမှု မပြန့်ပွားရေး ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ၌ ကုသရန် ဆေးဝါးမရှိဟု ဒေါက်တာစိုးဝင်းက ပြောသည်။

“ဇီဝလုံခြုံမှုကို လိုက်နာဆောင်ရွက်ကြဖို့ပေါ့။ ကိုယ့်ခြံထဲကို ဘာမှ အဝင်မခံသလို၊ ကိုယ်ကလည်း ဝက်တွေကို မရွှေ့ မပြောင်းတာ အကောင်းဆုံးပဲ” ဟု သူက ဆိုသည်။

ဝက်များမှာ ရောဂါကူးစက်ခံရပြီး ရက်အနည်းငယ်အတွင်း သေဆုံးမှုများရှိကာ ဝက်နားရွက်ပြာ ရောဂါ လက္ခဏာနှင့် ဆင်တူ တော်လည်း အာဏာပိုင်များက လူအများ စိုးထိတ်မှာ မလိုလားသည့် အတွက် ဝက်နားရွက်ပြာဟု မသုံးလိုသည့် အနေအထား ဖြစ်သည်ဟု ဝက်သေဆုံးမှု သတင်း လိုက်ခဲ့သည့် ရန်ကုန်မှ သတင်းထောက်တဦးက ပြောသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအောက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနကို မဇ္ဈိမက မေးမြန်း ကြည့်ရာ “အခုဖြစ်နေတဲ့ ဝက်ကူးစက် ရောဂါနဲ့ ပတ်သက်ပြီး ဘယ်သူက မေးမေး မဖြေဖို့ အထက်လူကြီးတွေက ညွှန်ကြား ထားလို့ပါ” ဟု ဝန်ထမ်း တဦးက ပြောဆိုသည်။

အမည်မသိဝက်ရောဂါက လူအများကို ထိတ်လန့်စေပြီး ဝက်သားဈေး နှစ်ပတ်အတွင်း တပိဿာလျှင် ၁၅ဝဝ ကျပ် ကျဆင်း သွားသည်။

“ပြီးခဲ့တဲ့ ၂ ပတ်က ဝက်ပေါင်သား တပိဿာကို ၆ဝဝဝ ဈေးပေါက်တယ်။ တောက်လျှောက် ကျလာတာ။ အခု ၄၅ဝဝ ပဲ ရှိတော့တယ်။ ဝယ်သူတွေ ကလည်း ဝက်နာရောဂါတွေ ရှိတယ်ဆိုပြီး သိပ်မဝယ် မစားရဲကြတော့ဘူး” ဟု သင်္ဃန်းကျွန်း ဈေးတွင် ဝက်သား ရောင်းနေသူ အမျိုးသမီး တဦးက မဇ္ဈိမကို ပြောသည်။

ယခုအခါ သားသတ်ဌာနထံမှ ယူရောင်းသည့် ဝက်သားများကိုသာ ရောင်းချခွင့်ပြုပြီး၊ အပြင်ဝက်များ ရောင်းချပါက စည်ပင်သာယာ ဥပဒေအရ အရေးယူ သွားမည်ဟု ရန်ကုန် စည်ပင်သာယာဌာန တာဝန်ရှိသူ တဦးက ပြောသည်။

“ကျန်းမာရေးဌာနက စစ်ဆေးပြီးတော့ အတည်ပြုထားတဲ့ သားသတ်ရုံက ပေါ်တဲ့ ဝက်သားတွေကိုပဲ ရောင်းရမယ်။ ရက်ကွက်ထဲမှာ သီးသန့် ရောင်းတာတွေ လက်မခံပါဘူး။ ဒီလိုပဲ ဈေးထဲမှာ ဒီက ဈေးတာဝန်ခံတွေနဲ့ ကျန်းမာရေး အဖွဲ့တွေက လိုက်စစ် ရတာပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ ဖေဖော်ဝါရီအတွင်း မန္တလေးတိုင်းရှိ ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူ လမ်းကြောင်း ဗိုင်းရပ်စ်ပိုး (ဝက်နားရွက်ပြာ ရောဂါ) ဖြစ်ပွားခဲ့ပြီး၊ ကုသနိုင်ရန် အတွက် မြန်မာနိုင်ငံ၌ ဆေးမရှိဘဲ ဖြစ်နေရာမှ ၃ လအတွင်း စစ်ကိုင်း၊ နေပြည်တော်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းသို့ပါ ကူးစက်ပျံ့နှံ့ခဲ့ပြီး ထိန်းချုပ် မရနိုင်ဘဲ ဖြစ်နေသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့