..............................

Monday, May 30, 2011

၉၀ ရလဒ် သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာ ပြော

လင်းသန့်
Friday, 27 May 2011

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခြင်းသည် ပြည်သူ့ဆန္ဒကို ချေဖျက်ခြင်း ဖြစ်ပြီး ဒီမိုကရေစီ မဆန်ဘဲ တိုင်းပြည် ၏ သမိုင်းအတွက် သိက္ခာ ကျစေသော လုပ်ရပ်ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ယနေ့ ကျင်းပသော၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတနိုင်ငံ ဂုဏ်သိက္ခာရှိဖို့ဆိုတာက ပြည်သူ့ဆန္ဒကိုလေးစားရမယ်။ ပြည်သူကို မလှည့်ဖျားရဘူး၊ အခုစကား တမျိုးပြော၊ နောက် စကား တမျိုးပြော လုပ်လို့မရဘူး၊ ၉၀ ရလဒ် အသိအမှတ် မပြုတာကို ကျမတို့က အမြဲ ကန့်ကွက်တယ်။ NLD ကို အာဏာ မပေးလို့ မဟုတ်ဘူး။ ပြည်သူလူထုကို မျှော်လင့်ချက်တွေ ပေးပြီး ချေဖျက်လို့ မလုပ်ကောင်းတဲ့ ကိစ္စ”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီ မရှိသော နိုင်ငံများတွင်လည်း ရွေးကောက်ပွဲ ရှိနေကြောင်း၊ ဒီမိုကရေစီ ရှိမရှိ တိုင်းတာနိုင်သည့် အချက်တခုမှာ တရားဥပဒေ စိုးမိုးရေး ဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် နိုင်ငံရေး လုပ်သူများကို တရားဥပဒေနဲ့ အညီ ဖမ်းဆီး အကျဉ်းချခဲ့ခြင်း မဟုတ်ဘဲ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြသော နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်အား ကြိုဆို ဂုဏ်ပြုပွဲ အခမ်းအနား ကိုလည်း NLD ဌာနချုပ်တွင် ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

NLD ဌာနချုပ်၌ ယနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ စုစုပေါင်း တက်ရောက်သူ ၁၀၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်များက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား များကို ဂုဏ်ပြုစကားများ၊ အားပေး စကားများ ပြောကြားပြီး တက်ရောက် လာကြသော လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ဟောင်းများကလည်း ကျေးဇူး တင်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့အတွက် ဆက်လက် ကြိုးစားသွားကြမည် ဖြစ်ကြောင်းများကို ပြန်လည် ပြောကြားခဲ့ သည် ဟု သိရသည်။

“လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊ ခံရဲတာ သတ္တိလို့ ဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့တယ်။ ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့ နှစ်တွေက အလကား ဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင် လုပ်ပါ။ ကိုယ်တယောက်ချင်း အတွက် မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာ သောနိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ပြောသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်ကလည်း“ဦးတင်ဦးက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ကြိုဆို ဂုဏ်ပြုစကား ပြောတယ်၊ ပြီးတော့ လွတ်ငြိမ်းချမ်းသာ က အစစ် မဟုတ်လို့ ဒီထက်ပိုပြီး တကယ့် နိုင်ငံရေး အကျဉ်းသားတွေ ထပ် လွတ်စေဖို့ လုပ်ဆောင် သွားမယ်လည်း ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။

နေ့လယ်ပိုင်းတွင် စာတမ်းဖတ်ပွဲအနေဖြင့် စာတမ်းသုံးဆောင်ကို ဖတ်ကြားကြောင်း သိရသည်။ ပထမဦးစွာ ၁၉၉၀ ရွေးကောက်ပွဲအား တိုင်းရင်းသား ပါတီများ အဘယ်ကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည် ဆိုသည့် တိုင်းရင်းသားများ၏ အမြင် ဆိုင်ရာ စာတမ်းကို ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ ဦးစိုင်းစောအောင်က လည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အကြောင်း အရင်းများကို NLD မှ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းမြင့်က လည်းကောင်း ၊ ၂၀၁၀ ရွေးကောက်ပွဲကို အဘယ်ကြောင့် ၀င်ရောက် မယှဉ်ပြိုင်ကြောင်း စာတမ်းကို ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက လည်းကောင်း ဆွေးနွေးသွားကြသည်။

“ကိုဖြိုးမင်းသိန်း စာတမ်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို နိုင်းယှဉ်ပြီး ကြံ့ခိုင်ရေး ပါတီဟာ လူမှုရေး အသင်းကနေ ရွေးကောက်ပွဲနီးမှ ပါတီ ပြောင်းလိုက်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ မရှိဘူး ဆိုတာတွေကို ဆွေးနွေး သွားတယ်”ဟု ဦးဝင်းထိန် က ရှင်းပြသည်။

အဆိုပါအခမ်းအနားသို့ NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်မှာ မိန့်ခွန်းပြောရန် စီစဉ် ထားခဲ့သော် လည်း ကျန်းမာရေး ချို့ယွင်း နေသည့် အတွက် တက်ရောက် လာနိုင်ခြင်း မရှိကြောင်း စာတမ်း ဖတ်ကြားခဲ့သူ ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဒီနေ့ အခမ်းအနားက တော်တော်စည်တယ်။ တက်လာတဲ့သူတွေက ခန်းမအပြင်မှာ တွေရော ရုံးချုပ် အပြင်ဘက် ထိပါ ပြည့် လျှံနေတာ”ဟု ၄င်းက ဆက်လက် ပြောကြားသည်။

ယခုနှစ်ကျင်းပခဲ့သော ရွေးကောက်ပွဲအောင်ပွဲ နှစ်ပတ်လည်အခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ပြီး ပထမဆုံး ကျင်းပခြင်း ဖြစ်သည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတ၀န်း ဆန္ဒမဲ ၈၀ ရာခိုင်နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည့် ပါတီဖြစ်သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေး ရန်တာဝန် ပျက်ကွက်ခဲ့ သည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့