..............................

Thursday, June 2, 2011

ရန်ကုန်၌ တရားဝင် ဆန္ဒပြခွင့် တောင်းဆို

လင်းသန့်
Tuesday, 31 May 2011

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အတွက် ရန်ကုန်မြို့တွင် လာမည့် ဇွန်လ ၅ ရက်နေ့၌ “တရားဝင်ဆန္ဒပြခွင့်” ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပြည်ထဲရေး ၀န်ကြီးထံ ခွင့်ပြုချက် တောင်းခံ ထားကြောင်း သတင်းရရှိသည်။

ဆန္ဒပြကြမည့်သူ ၄ ဦးမှာ ဦးဝင်းချို၊ ဦးမင်းအောင်၊ ဦးစိုးကြည်၊ ဦးနေမျိုးဝေ တို့ဖြစ်ပြီး ၄င်းတို့သည် ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်လောင်း များကို ရှုံးနိမ့် ခဲ့သူများလည်းဖြစ် သည်။

ဇွန်လ ၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ် မှ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အထိ ရန်ကုန် မြို့တော်ခန်း မ ရှေ့၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရှေ့၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဘေး ဆိုသည့် နေရာ သုံး နေရာ အနက် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုသော နေရာ တခုတွင် ဆန္ဒပြမှုကို ပြုလုပ်ရန်အတွက် မေလ၂၆ ရက် နေ့က အစိုးရထံ ခွင့်ပြုချက် တောင်းဆိုထားကြောင်း ဆန္ဒပြမှုတွင် ပါဝင်မည့် ဦးဝင်းချိုက ဧရာဝတီကိုပြောသည်။

ဆန္ဒပြအစီအစဉ်တွင် ဟောပြောခြင်း၊ စာရွက်စာတမ်းဝေငှခြင်းနှင့် အခြားသူများ လိုက်ပါ ပူးပေါင်း ဆန္ဒပြခြင်းများကို လုပ်ဆောင်ခွင့် ပြုမည် မဟုတ်ဘဲ မီဒီယာများနှင့် အင်တာဗျူးခြင်းသာ ရှိမည် ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် ၄ ဦး၏ ကြေညာချက် တွင် ဖော်ပြထားသည်။

ယခုလှုပ်ရှားမှုသည် ယခင်စစ်အစိုးရ ရေးဆွဲအတည်ပြုခဲ့သော၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ၏ အခန်း(၈) နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၌ ဖော်ပြထားသော အပိုဒ် ၃၅၄ ၏ အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်”ကို အစိုးရသစ် လက်ထက်တွင် ပထမဆုံး တရားဝင် တောင်းဆိုခြင်း ဖြစ် သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အတိုင်း ကျနော်တို့နိုင်ငံသားတွေမှာ အခွင့်အရေး ရှိလား ဆိုတာတော့ သိချင်တာပေါ့ဗျာ။ နိုင်ငံသား အခွင့်အရေးများနဲ့ အညီ အခုလို ဆန္ဒပြပြီး အကျဉ်းကျ ခံနေရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆို သွားမယ်”ဟု ဦးဝင်းချိုက ရှင်းပြသည်။

ဆန္ဒပြမည့်သူ ၄ ဦးလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း နိုင်ငံသားအခွင့် အရေးများအရ လွတ်လပ်စွာ ဆန္ဒ သဘောထား ထုတ်ဖော်ခွင့် အပေါ် ယုံကြည်ကြောင်း၊ နိုင်ငံသားတိုင်း အဆိုပါအခွင့်အရေးများကို ရပိုင်ခွင့် ရှိကြောင်း၊ ထို့ကြောင့် ဥပဒေ တွင်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် လုပ်ဆောင် ကြိုးပမ်းနေသည် ဖြစ်ကြောင်း ဦးမင်းအောင်ကလည်း ရှင်းပြ သည်။

“ကျနော်တို့ကို အခုလိုလုပ်တဲ့အခါမှာ အစိုးရက ဖမ်းဆီးမယ်ဆိုရင် ကျနော်တို့က နိုင်ငံသား အခွင့်အရေး အတွက် လုပ်နေ တာကို ဖမ်းတယ် ဆိုတော့ ဒီအခြေခံ ဥပဒေပါ အတိုင်း လုပ်ဆောင်တာကို လုပ်ခွင့်မရှိဘူး ပြောလိုက်တယ်လို့ ယူဆမယ်။ ဒါဆိုရင် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး တွေဟာ စက္ကူလို ဖြစ်သွားမယ်”ဟု ဦးဝင်းချိုက ဆိုသည်။

သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြရန် လမ်းညွှန်မှု တောင်းခံခြင်းကို ခွင့်မပြုလျှင်၂၀၀၈ အခြေ ခံဥပဒေပါ ပုဒ်မ ၃၇၇ အရ ပြည်ထောင်စု တရား လွှတ်တော်ချုပ် အထိ ဆက်လက် တောင်းခံ သွားခွင့်လည်း ရှိကြောင်း သိရသည်။

“တိုင်းပြည်ကို အများကြီးကောင်းကျိုးဆောင်ရွက်နိုင်တဲ့ ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွေထဲမှာ အများကြီး ကျန်နေသေးတယ်။ သူတို့ လွတ်မြောက်ဖို့ အတွက် ကျနော်တို့က စွန့်ရတာပါပဲ။ ဥပဒေကို တကယ် ကိုင်ဆွဲရင်တော့ ကျနော်တို့ကို ဖမ်းဆီးခွင့် မရှိပါဘူး။ ဖမ်းမယ်ဆိုလည်း အဆင်သင့်ပဲ။ မဖမ်းဘူး လို့လည်း အပြည့် မယုံထားဘူး။ ကျနော်တို့က အစိုးရ သစ်ဟာ အခြေခံ ဥပဒေကို တကယ်လေးစား လိုက်နာသလား ဆိုတာ အပေါ် စမ်းသပ်မှုလို့ ပြောနိုင်တယ်”ဟု ဦးမင်းအောင် က ပြောသည်။

အဆိုပါ ဆန္ဒပြရန်ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီ ဆောင်ရွက် ပေးလေ့ ရှိသည့် ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက“ဒါက သူတို့ ရပိုင်ခွင့်အရ ခံစားမှုကို တင်ပြတာပဲ။ သူတို့ရဲ့ပိုင်ခွင့် အပေါ်မှာ အလုပ် စတင်လုပ်တာပဲ။

သူတို့ရဲ့တောင်းဆိုမှု ဘယ်လောက်ရမလဲဆိုတာတော့ ကျနော်တို့ကစောင့်ကြည့် ရမှာပေါ့” ဟု မှတ်ချက်ပေး ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား၂၀၀၀ ကျော် ဆက်လက် ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့