..............................

Tuesday, May 31, 2011

အရှင် ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြ

လင်းသန့်
Monday, 30 May 2011

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ်ရှည် ကျခံနေရသော၂၀၀၇ ခုနှစ်စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု ဦးဆောင် ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတချို့သည် အကျဉ်းသား အခွင့် အရေးများ အတွက် မေလ ၂၇ ရက်နေ့မှ စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

ထိုဆန္ဒပြသည့်နေ့တွင် အရှင် ဂမ္ဘီရ၏ နှမဖြစ်သူ မခင်သူဌေးသည် ကလေးမြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံစဉ် ထောင်ဝင်စာ တွေ့ခွင့် မရခဲ့ကြောင်း၊ သို့သော် ပါဆယ် ပေးခွင့် ရခဲ့သော်လည်း ပစ္စည်း လက်ခံသည့် အကြောင်းကြား စာ၌ အရှင်မ္ဘီရ ၏ လက်မှတ် မဟုတ်ဘဲ အမည်သာ ရေးထားပြီး မိသားစုမှ ပေးလိုက်သော စာအုပ်များကိုသာ ယူထား လိုက်ကြောင်း၊ အခြား အစားအစာများကို လက်မခံ လိုက်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဧရာဝတီ ကို ပြောသည်။

“SB (ရဲသတင်းတပ်ဖွဲ့) တွေလည်း အဲဒီနေ့က ဦးပဉ္ဇင်းတို့ အစာငတ်ခံ ဆန္ဒပြတာကို သတင်း လာယူတယ်။ ထောင် ၀န်ထမ်းက ထောင်ဝင်စာ ပိတ်ထားတယ်လို့ ပြောလိုက်တယ်။ ဦးပဉ္ဇင်းတို့ အတွက် အရမ်း စိုးရိမ်တယ်”ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

လူချင်း ထောင်ဝင်စာ တွေ့ခွင့်မရခဲ့သည့်အတွက် အရှင်ဂမ္ဘီရနင့် အတူ အစာငတ်ခံ ဆန္ဒပြနေသူများနှင့် ပတ်သက်ပြီး အရေ အတွက်၊ အမည် နာမများကို မသိခဲ့ရဟု ဆိုသည်။

အရှင်ဂမ္ဘီရထံသို့ လွန်ခဲ့သည့်လဆန်းက ထောင်ဝင်စာနောက်ဆုံးတွေ့ခွင့် ရခဲ့စဉ် ထောင်ဝန်ထမ်း တဦးမှ တဆင့် စာ တစောင် မခင်သူဌေးကို တရားဝင် ပေးခဲ့သည်။ အဆိုပါစာမှာ အရှင်ဂမ္ဘီရ အပါအ၀င် ကလေး အကျဉ်းထောင် အတွင်း ရှိ အခြားသော နိုင်ငံရေး အကျဉ်းသားများက သမ္မတသစ် ဦးသိန်းစိန်ထံ လိပ်မူပြီး နိုင်ငံရေး အကျဉ်းသားများ၏ ဆုံးရှုံး နစ်နာ နေသော အစားအသောက် ကောင်းမွန်စွာ ရရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ ရရေး အပါအ၀င် အကျဉ်း သား အခွင့်အရေး များကို တောင်းဆို ထားခြင်းဖြစ်သည်။

အဆိုပါစာကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၊ အာဆီယံ လူ့အခွင့် အရေး ကော်မတီ၊ အာရှ လူ့အခွင့်အရေး ကော်မရှင် များထံ မိတ္တူ ပို့ပေးရန်လည်း အရှင်ဂမ္ဘီရနှင့် နိုင်ငံရေး အကျဉ်းသား တချို့၏ စာတွင် ဖော်ပြထားကြောင်း သိရသည်။

ကလေး အကျဉ်းထောင်ရှိ အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် တောင်းဆို ထားသော အကျဉ်းသား အခွင့် အရေးများကို လိုက်လျောရန် အစိုးရ အာဏာပိုင်များက မည်သို့မျှ အကြောင်းကြားခြင်း မရှိလာသည့် အတွက် နောက်ဆုံး အစာငတ်ခံ ဆန္ဒပြခြင်း ဖြစ်နိုင်သည်ဟု မခင်သူဌေးက ရှင်းပြသည်။

အရှင်ဂမ္ဘီရ(ဘွဲ့အမည်ရင်း ဦးစန္ဒောဘာသ- လူအမည် ညီညီလွင်) သည် သက်တော် ၃၁ နှစ်ရှိပြီ ဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင် (ပေါက်မြို့နယ် NLD ၏ တသီးပုဂ္ဂလ အမတ်လောင်း) နှင့် အတူ မန္တလေး တိုင်း၊ စဥ့်ကူမြို့နယ်တွင် ဖမ်းဆီး ခံခဲ့ရသည်။ အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် အသင်းနှင့် ဆက်သွယ်မှု အပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်း ခံခဲ့ရသည်။

အရှင်ဂမ္ဘီရနှင့်အတူ အစ်ကိုအပါအ၀င် မိသားစုဝင်များပါ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး ယခုထိ အကျဉ်းထောင် အသီးသီးတွင် မိသားစုဝင် ၅ ဦး ဆက်လက် ရှိနေသေးကြောင်း ဒေါ်ရေး က ပြောသည်။

“ဦးပဉ္ဇင်းအတွက် အမေ အရမ်း စိုးရိမ်နေတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးတွင် အဓမ္မ သင်္ကန်းချွတ်၍ လူဝတ် လဲကာ အကျဉ်းချ ခံထားကြရသော နိုင်ငံရေး အကျဉ်းသား သံဃာတော် ၂၂၅ ပါးသည် ထောင်ဒဏ်နှစ်ရှည် ကျခံ နေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နောက်ဆုံး ထုတ်ပြန်ထားသော စာရင်းတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသမိုင်းတွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်ကျရောက်နေစဉ် အင်္ဂလိပ် အစိုးရ၏ မတရား ဖမ်းဆီး ထောင်ချခံ ရသော သံဃာ့ အာဇာနည် ဆရာတော် ဦးဝိစာရသည် အင်္ဂလိပ် အစိုးရထံ သင်္ကန်း ပြန်လည် ၀တ်ဆင်ခွင့် အပါအ၀င် အကျဉ်းသား အခွင့်အရေးများ အတွက် အစာငတ်ခံ ဆန္ဒပြကာ ရက်ပေါင်း ၁၆၆ ရက်မြောက်နေ့ ၁၉၂၉ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်နေ့ သက်တော် ၄၁ နှစ်တွင် ရန်ကုန် ထောင်ကြီးထဲတွင် ပျံလွန်တော် မှုခဲ့ရသည်။

မကြာသေးခင်ရက်ပိုင်းများက အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ကလည်း အကျဉ်းထောင် လက်စွဲ ဥပဒေပါ အကျဉ်းသား ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး တောင်းဆိုမှုများ မရခဲ့၍ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးနှင့် အမျိုးသမီး နိုင်ငံရေး အကျဉ်းသူ ၃ ဦး၊ အခြားအကျဉ်းသူ ၄ ဦးတို့သည် မေလ ၁၈ ရက်နေ့မှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများထဲမှ ၇ ဦးကို စစ်ခွေးတိုက် ပို့ပြီး အရေးယူ လူစုခွဲမှု လုပ်ခဲ့ပြီးနောက် တချို့ကို ထောင် အာဏာပိုင်များက ခေါ်ယူ ဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ခွေးတိုက်မှ ပြန်လည် ခေါ်ထုတ်ကာ အင်းစိန်ထောင် အမှတ် ၅ အဆောင်ဝင်း အတွင်းရှိ တိုက် ၁ သို့ ပို့ဆောင် လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

သို့သော် မေလ ၂၇ ရက်နေ့တွင် နေပြည်တော်မှ အထူးစုံစမ်းရေး ကော်မရှင်အဖွဲ့တဖွဲ့ ရောက်လာပြီး ၄င်းတို့၏ တောင်း ဆိုချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြရာ အကျဉ်းသား အခွင့်အရေးအဆိုင်ရာ အချက်ငယ် ၅ ချက်ကို လိုက်လျော ခဲ့သော်လည်း အဓိက ကျသော တောင်းဆိုချက်ကို လိုက်လျောမှု မရှိကြောင်း၊ အဆိုပါ အချက်မှာ နိုင်ငံရေး အကျဉ်းသား များ အနေဖြင့် အခြား အကျဉ်းသားများ ကဲ့သို့ အကျဉ်းထောင် လက်စွဲ ဥပဒေ ပါ ရပိုင်ခွင့်အရ“လျှော့ရက် ခံစားခွင့်”ကို အာဏာပိုင်များက မည်သို့မှ မတုံ့ပြန်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ နောက်ဆုံးသိရတဲ့ အခြေအနေကတော့ ၂၈ ရက်နေ့ကတည်းက ထောင်ဝင်စာ ပိတ်လိုက်တယ်။ နေပြည် တော်က SB ညွှန်မှူး အဆင့်ရှိသူ အပါအ၀င် စုံစမ်းရေး အဖွဲ့ တဖွဲ့ အစာငတ်ခံ ဆန္ဒပြတဲ့ ၅ ဆောင်ဝန်းထဲက ၁ တိုက်ကို လာ တွေ့တယ်။

လျှော့ရက်ခံစားခွင့်ကို ဘာမှ မတုံ့ပြန်ဘူးလို့ သိရတယ်၊ အဲဒီမှာတင် လာတွေ့တဲ့ သူတွေကို သံပြိုင် အော်ဟစ် ဆန္ဒပြတော့ အားလုံးကို တိုက်ပိတ်လိုက်တယ် ကြားတယ်”ဟု အဆိုပါ အင်းစိန် အကျဉ်းထောင်နှင့် နီးစပ်သူက ဆက်ပြော သည်။

အကျဉ်းထောင်တွင်း ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံဆန္ဒပြခြင်းသည် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာအမိန့် ထွက်ပေါ်ပြီးနောက် မကျေမနပ် ဖြစ်ရာက စတင်ခဲ့ခြင်း ဖြစ်သည်။

“သမ္မတရဲ့လွတ်ငြိမ်းချမ်းသာ ခွင့်ကို မကျေနပ်တာက စခဲ့တာပဲ။ အဲဒီအမိန့်ထဲမှာ ပုံမှန် ရရှိ ခံစားရသည့်လျှော့ရက် အပြင် လျှော့ရက် ၁ နှစ် ထပ်မံ လျှော့ပေါ့တယ် ဆိုတဲ့ စကားရပ်ပါတယ်။ အခုဟာက လွတ်လဲမလွတ်၊ ငြိမ်းလည်းမငြိမ်း၊ ချမ်းလည်း မချမ်းသာတဲ့ လွတ်ငြိမ်း ချမ်းသာ အမိန့်ဖြစ်နေတယ်။ သေဒဏ်တွေကို တသက်တကျွန်း ပြောင်းလိုက်တာတော့ ကောင်းပါတယ်။ အမှန်က နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်မှသာလျှင် လွတ်ငြိမ်း ချမ်းသာခွင့် အစစ်ဖြစ်မှာ”ဟု ဒေါ်ရေးက ပြော သည်။

ယခုကဲ့သို့ အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများကလည်း ကလေးမြို့အကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြခြင်း၊ အင်းစိန် ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ၏ အစာငတ်ခံ ဆန္ဒပြခြင်းများသည် အကျဉ်းသား ရပိုင်ခွင့်များ အတွက် ယခုရက်ပိုင်း ဆက်တိုက် ဖြစ်ပေါ်နေရာ ကုလသမဂ္ဂ နှင့် လူ့ အခွင့်အရေး အဖွဲ့များက အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန် ထားသည်။

ထို့အပြင် လားရှိုးအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ ၏ မိခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဒေါ်ချစ်ဖွား သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက် နေအိမ် တွင် ကွယ်လွန်သွားခဲ့ရာ မိခင်၏ နောက်ဆုံး ဂါရ၀ပြုခွင့်ကို ပြည်တွင်းရှိ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် မိသားစုဝင်များက အာဏာပိုင်များထံ ခွင့်ပြုရန် တောင်းဆို ခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တဦးက ပြောသည်။

ဒေါ်ချစ်ဖွား၏ ဈာပနအခမ်းအနားကို ယမန်နေ့ မေလ ၂၉ ရက်နေ့က ကမာဝက် သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းဇေယျာ ၏ ဇနီးဖြစ်သူ မချိုသာလျှင် ခင်ပွန်းဖြစ်သူ ကိုယ်စား နောက်ဆုံး ဂါရ၀ ပြုခဲ့ရသည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ဆက်လက် ရှိနေဆဲ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများသည် ၄င်းတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးနေကြောင်း AAPP ၏ ကြေညာချက်များတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ခြင်းမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း AAPP ၏ ဆောင်ပုဒ်တွင် အလေးအနက် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးခြွင်းချက် မရှိ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု အရှိန် ရလာပြီး ယခုအခါ လက်မှတ်ပေါင်း ၁ သိန်းကျော် ရရှိနေပြီ ဖြစ်ကြောင်း၊ ယနေ့ နေ့လယ်၂ နာရီတွင် သမ္မတ ဦးသိန်စိန်ထံသို့ စာတိုက်မှ တဆင့် တောင်းဆို လက်မှတ်ပေါင်း ၂ သောင်းကျော် တတိယ အသုတ် ပေးပို့မည် ဖြစ်ကြောင်း ဦးဆောင် လှုပ်ရှားသူ တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့