..............................

Thursday, August 26, 2010

ဝ တပ်ဖွဲ့က ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်ကိစ္စ လက်မခံ

ပေါက်ပေါက်
၂၅ သြဂုတ် ၂၀၁၀

ဝဒေသအတွင်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်မည်ကို လက်မခံနိုင်ကြောင်း ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့က အကြောင်းပြန်ကြား လိုက်သည်။

ယခုလ (၂၀) ရက်တွင် UWSA ဝတပ်ဖွဲ့အား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခေါ်ယူတွေ့ဆုံကာ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များနှင့် နယ်ခြားစောင့် အသွင်ပြောင်းရေး ကိစ္စများ သတိပေး ပြောဆိုခဲ့မှု အပေါ် လက်မခံနိုင်ကြောင်း ဝ တပ်ဖွဲ့က ယမန်နေ့၌ ပြောဆို လိုက်ခြင်းဖြစ်သည်။

ဝတပ်ဖွဲ့နှင့် နီးစပ်သူတဦးက “မဲဆန္ဒနယ်မြေတွေမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ဝ ဒေသကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့တွေ စက်တင်ဘာလထဲ လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ဒေသခံ လူထုတွေက အသိပညာ နိမ့်ကျလို့ ဒါတွေ နားမလည်ဘူးပေါ့။ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ကိစ္စတွေ သူတို့နယ်ထဲ လာလုပ်တာ လက်မခံနိုင်ဘူး ဆိုပြီး ပြောလိုက်တယ်။ နယ်ခြားစောင့်တပ် ကိစ္စကတော့ နောင်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးမယ်ဆိုပြီး ပြန်ပြောလိုက်တယ်” ဟု ပြောကြားသည်။

ဝ တပ်ဖွဲ့၏ ဗဟိုခေါင်းဆောင်တဦးဖြစ်သူ ပေါ်လိုင်ခမ်း ဦးဆောင်သည့် အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် တွေ့ဆုံ ခဲ့ကြပြီး ဝ ဒေသအတွင်း ရွေးကောက်ပွဲ ကော်မရှင် ကိစ္စရပ်များ ဆောင်ရွက်မည်ဖြစ်၍ အနှောင့်အယှက် မပြုလုပ်ရန်နှင့် စက်တင်ဘာ ပထမပတ် အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖဘက်က သတိပေး ပြောဆိုခဲ့သည့် အပေါ် ငြင်းဆန် လိုက်ခြင်းဖြစ်သည်။

ဝ ထိန်းချုပ်ရာဒေသတွင် ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်းနှင့် နားဖန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်မြေ ရှိနေပြီး မိုင်းလား တပ်ဖွဲ့ ထိန်းချုပ်ရာ မိုင်းလားဒေသ အတွက် မိုင်းလားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ အဖြစ် နအဖက သတ်မှတ် ထားသော်လည်း ယနေ့ အချိန်အထိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်များ မဖွဲ့စည်းသေး သကဲ့သို့ နိုင်ငံရေး ပါတီများလည်း ဝင်ရောက် မဲဆွယ် လှုပ်ရှားမှုမျိုး မရှိသေးပေ။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ဦး (PDF) အဖွဲ့ကို ဝတပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့နှင့် ယမန်နှစ်က နအဖ၏ စစ်ရေးအရ တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ခဲ့ရသည့် ဦးဖုန်ကြားရှင်၏ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့သည် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ရန် အတွက် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်း ထားခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDAA-ESS) မိုင်းလား တပ်ဖွဲ့နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကိုလည်း ၎င်းတို့၏ နယ်မြေ အတွင်းသို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များ စေလွှတ်မည် ဖြစ်ကြောင်းနှင့် နယ်ခြားစောင့်တပ် ဖွဲ့ရန် စက်တင်ဘာလ ပထမပတ် အတွင်း အကြောင်းပြန်ရန် နအဖဘက်က ယခုလ (၂ဝ) ရက်နေ့က ပြောဆိုခဲ့ပြီး မိုင်းလားတပ်ဖွဲ့က မူ လက်မခံနိုင်ကြောင်း ယနေ့ အကြောင်း ပြန်လိုက်သည်ဟု PDF မှ တာဝန်ရှိသူ တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့